စစ်အာဏာသိမ်းပြီးနောက် နည်းပညာသုံးသင်ကြားရေးဆော့ဖ်ဝဲလ် အသုံးများလာ
2023.04.06
ပြီးခဲ့တဲ့အပတ်က အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ အမေရိကန်ရေတပ်ကနေ ကျင်းပတဲ့ ပညာရေးပြပွဲမှာ မြန်မာစွန့်ဦးတီထွင် လုပ်ငန်းတစ်ခုဖြစ်တဲ့ 360Ed ရဲ့ ပညာသင်ကြားရေးဆော့ဖ်ဝဲလ်တွေကို လာရောက်ပြသခဲ့ပါတယ်။
မြန်မာနိုင်ငံ အခြေခံပညာကျောင်းတွေက သင်ရိုးညွန်တမ်း ပြဋ္ဌာန်းစာအုပ်တွေကို အခြေခံထားတဲ့ 360Ed ရဲ့သင်ထောက်ကူဆော့ဖ်ဝဲလ် application တွေ အသုံးပြုပုံကို လက်တွေ့သရုပ်ပြပါတယ်။
ဒီသင်ထောက်ကူ ဆော့ဖ်ဝဲလ်တွေကို အင်တာနက်ပေါ်ကနေ အခမဲ့ဒေါင်းလုတ်ဆွဲယူ အသုံးပြုနိုင်ပြီး၊ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ တရုတ်ဖုန်းတွေ အပါအဝင် မိုဘိုင်းဖုန်းနဲ့ တက်ဘလက် အမျိုးမျိုးမှာ အသုံးပြုနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ 360Ed က ဖန်တီးတဲ့ ဒီသင်ထောက်ကူဆော့ဖ်ဝဲလ်တွေကို အသုံးပြုသူ ပိုများလာပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ အသုံးပြုသူ ငါးသိန်းကျော်အထိ ရှိလာတဲ့အကြောင်း 360Ed ကို တည်ထောင်သူ မလှလှဝင်း က ပြောပါတယ်။
ဟားဘတ်တက္ကသိုလ်ကနေ MPA လို့ခေါ်တဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ရခဲ့တဲ့ မလှလှဝင်းဟာ၂၀၁၆ ခုနှစ်က Google ကုမ္ပဏီက ပေးတဲ့ Innovation grant ထောက်ပံ့ငွေနဲ့ နည်းပညာ ကုမ္ပဏီတွေ တည်ရှိရာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိတဲ့ ဆီလီကွန်တောင်ကြားမှာ သွားရောက်ပညာသင်ကြားခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အစဉ်အလာ အရိုးစွဲနေတဲ့ အလွတ်ကျက်ပညာရေးပုံစံကို ပြုပြင်ပြောင်းလဲဖို့ ရည်ရွယ်ချက်နဲ့ ဒီ 360Ed ကုမ္ပဏီတည်ထောင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအချိန်က NLD အစိုးရလက်ထက်မှာ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအနေနဲ့ ကျောင်းသင်ခန်းစာ သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်တွေ ပြောင်းလဲနေချိန်နဲ့ တိုက်ဆိုင်နေပြီး တစ်ချိန်တည်းမှာ မိုဘိုင်းဖုန်း ဟမ်းဆက်တွေကလည်း လူတိုင်းလက်လှမ်းမှီ သုံးစွဲနိုင်တဲ့ အနေအထား ရောက်လာခဲ့တာကို အကောင်းဆုံး အကျိုးရှိအောင် အသုံးချနိုင်ခဲ့တာလို့ မလှလှဝင်းက ပြောပြပါတယ်။

အခုလို မိုဘိုင်းဖုန်းတက်ဘလက်တွေမှာ Augment Reality Virtual Reality စတဲ့ နည်းပညာတွေ သုံးပြီး၊ သုံးဘက်မြင် သရီးဒီပုံစံနဲ့ လေ့လာသင်ယူမှုဟာ စာဖတ်ပြီး လေ့လာသင်ယူတဲ့ ပုံစံနဲ့ ကွဲပြားတဲ့အပြင် သင်ယူတတ်မြောက်ဖို့ ပိုပြီး လွယ်ကူတဲ့အကြောင်း 360Ed ကို ပူးတွဲတည်ထောင်သူ ကိုရန်မင်းအောင်က ပြောပြပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံ အခြေခံ ပညာကျောင်းတွေရဲ့ Grade 1, Grade 2, Grade 3 နဲ့ Grade 6 အတန်းတွေရဲ့ အင်္ဂလိပ်စာ နဲ့ သိပ္ပံ ဘာသာရပ်တွေရဲ့ ပြဋ္ဌာန်းစာအုပ်တွေကို မိုဘိုင်းဖုန်းဆော့ဝဲလ်အဖြစ် ဖန်တီးထားပြီး၊ NLD အစိုးရလက်ထက်မှာ အခြေခံပညာကျောင်း စာသင်ခန်းတွေမှာ စမ်းသပ်သုံးစွဲခဲ့တဲ့အကြောင်း၊ လက်ရှိအချိန်မှာတော့ စိတ်ဝင်စားသူ မည်သူမဆို အင်တာနက်ပေါ်ကနေ အခမဲ့ ဒေါင်းလုတ်ဆွဲယူပြီး မိမိဘာသာလေ့လာတဲ့ပုံစံနဲ့ သင်ယူနိုင်အောင် ဖန်တီးထားတဲ့အကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ဒီသင်ထောက်ကူ ဆော့ဖ်ဝဲလ်တွေကို အခုအချိန်မှာ ပြည်ပနိုင်ငံတွေက စာသင်ကျောင်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေကလည်း ရယူအသုံးပြုဖို့ လေ့လာစုံစမ်းနေတဲ့အကြောင်းလည်း မလှလှဝင်းက ပြောပါတယ်။
အခုအချိန်မှာ အခြေအနေအရ အမေရိကန်မှာ ပြောင်းရွေ့အခြေစိုက်ထားတဲ့ 360Ed ဟာ အမေရိကန် ရေတပ်သုတေသနဌာနနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက ကျောင်းသားတွေအတွက် အသုံးဝင်မယ့် ဆော့ဖ်ဝဲလ်ထုတ်ကုန်တွေကို ဆက်လက်ပြီး ထုတ်လုပ်သွားဖို့ရှိတဲ့အကြောင်း မလှလှဝင်းက ပြောပါတယ်။