ဒီမိုကရေစီအစိုးရနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မများ

0:00 / 0:00

ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်ထားတဲ့ NLD အစိုးရသစ်လက်ထက်မှာ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို ခြိမ်းခြောက်နေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် တရားစွဲဆိုအရေးယူတာတွေ မြင့်တက်လာနေပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မသက်စုအောင် က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အသံ အဖွဲ့က ကောက်ခံထားတဲ့ စာရင်းအရ NLD အစိုးရလက်ထက်မှာ အင်တာနက်လူမှုကွန်ယက်သုံးရင်းကနေ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲ အရေးယူခံရတဲ့ အမှုပေါင်းဟာ ဒီနေ့အထိဆိုရင် ၁၅၃ မှုအထိ ရှိနေပါပြီ။

ဆက်သွယ်ရေးဥပဒေကို ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အတည်ပြု ပြဌာန်းခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံရတဲ့ အမှုအရေအတွက်က ၁၁ မှုသာ ရှိခဲ့ပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာတော့ ဆက်သွယ်ရေးဥပဒေကို မပြင်ဆင်သေးခင်အချိန်က တရားစွဲဆိုတဲ့ အရေအတွက်က ၉၁ မှု ရှိခဲ့ပြီး ဥပဒေပြင်ဆင်ပြီးနောက် တရားစွဲဆိုခံရတဲ့ အမှုအရေအတွက်က ၆၂ မှုထိ ရှိလာတာပါ။

လူမှုကွန်ယက်ကို အသုံးပြုပြီး အစိုးရကို ဝေဖန်ရေးသားတာ၊ တပ်မတော်ကို ဝေဖန်တာတွေအတွက် စွဲခံရတဲ့အမှုက များတယ်လို့ အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။

"အစိုးရကို ဝေဖန်တာမျိုးဆိုရင် အစိုးရက တရားစွဲတာမျိုးတွေ ရှိတယ်၊ တပ်ကိုဝေဖန်ရင် တပ်ကစွဲတယ်၊ ပါတီကို ဝေဖန်ရင် ပါတီခေါင်းဆောင်တွေက တရားစွဲတာရှိတယ်၊ ကျနော်တို့က အွန်လိုင်းပေါ်မှာဆိုရင် ဘာမှကို ဝေဖန်လို့မရတာ တွေ့ရတယ်။ နောက်ပိုင်းမှာ တပ်တို့ လွှတ်တော်ကိုယ်စားလှယ်တို့က ပိုစွဲလာတာတွေ့ရတယ်၊ အဲ့ဒီထဲမှာမှ သတင်းသမားတွေကလည်း တရားစွဲခံရတဲ့ထဲမှာ သားကောင်တစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေတာ တွေ့ရတယ်၊ လူထုဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်းခြောက်ခံနေရတာကို တွေ့ရတယ်"

သတင်းမီဒီယာတွေအပေါ် ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုထားမှုက ၂၁ မှုရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ RFA သတင်းဌာနက မကွေး သတင်းထောက် ကိုဇော်တူးကို ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) နဲ့ တရားစွဲဆိုထားပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားရင်ဆိုင်နေရတဲ့ သတင်းသမား အရေအတွက် လက်ရှိမှာ ၂၉ ဦးထိ ရှိနေပါတယ်။

မော်ကွန်း မဂ္ဂဇင်းရဲ့ အယ်ဒီတာဖြစ်သူ သတင်းစာဆရာ ကိုဇေယျာလှိုင်က ဆက်သွယ်ရေး ဥပဒေပုဒ်မတွေဟာ လူတစ်ယောက်ကို မကျေနပ်ရင် အလွယ်တကူ အရေးယူလို့ရအောင် လုပ်ထားတဲ့ ဥပဒေပုဒ်မလို့ မြင်ကြောင်း အခုလို ပြောပါတယ်။

"ခေတ်အဆက်ဆက်မှာ အမြင်ကပ်ပုဒ်မဆိုတာ ရှိတယ်၊ အခု ဆက်သွယ်ရေးဥပဒေပုဒ်မဆိုတာကလည်း အမြင်ကပ်ပုဒ်မထဲက တစ်ခုအဖြစ် သုံးလို့ရအောင်ထားတဲ့ ထောင်ချောက်ဆင်ထားတဲ့ ဥပဒေလို့မြင်တယ်၊ တစ်ယောက်ယောက်ကို တစ်ခုခု မကျေနပ်ဘူးဆိုရင် အဲ့ဒီဥပဒေနဲ့ ထုတ်နုတ်သုံးစွဲတာတွေက အစိုးရ အဆက်ဆက်ရဲ့ အကျင့် မပျောက်သေးတာပေါ့"

ဒါ့အပြင် လူမှုကွန်ယက်မှာ အမည်မှန်နဲ့ တာဝန်ခံမှု တာဝန်ယူမှုရှိရှိနဲ့ အသုံးပြုတဲ့ သူတွေကိုတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ အရေးယူပြီး အကောင့်တုတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ အကောင့်တွေကိုတော့ အရေးမယူနိုင်တာဟာ လက်ရှိ တာဝန်ယူထားတဲ့ အစိုးရနဲ့ ဒီဥပဒေကို ပြဌာန်းခဲ့တဲ့ လွှတ်တော်အတွက် အရှက်ရဖွယ် ကိစ္စတစ်ခု ဖြစ်ကြောင်းလည်း ကိုဇေယျာလှိုင်က ဆက်ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေဟာ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ အစိုးရကြားမှာ သဘောတူညီချက်ထားတဲ့ စာချုပ် သဘောမျိုးသာ ရှိသင့်ပြီး အင်တာနက် လူမှုကွန်ယက် သုံးစွဲသူတွေကို ကန့်သတ်တားမြစ်ဖို့အတွက် အသုံးပြုတာ မဖြစ်သင့်ကြောင်း အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။

လက်ရှိတရားစွဲဆိုမှုများတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မက ၆၆ (ဃ) ဖြစ်ပြီး ၆၈ (က) နဲ့ စွဲဆိုတဲ့အမှုက တော့ ၄ မှုသာ ရှိတယ်လို့ သိရပါတယ်။

ပုဒ်မ ၆၆ (ဃ)ကတော့ ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား အနိုင်အထက် ပြုကျင့်ခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း ၊ အသရေ ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်တာတွေ အတွက် အကျုံးဝင်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမယ်လို့ ပါရှိတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) ကတော့ မမှန်မကန်တဲ့ သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောနဲ့ ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချီခြင်း၊ သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင် ဆောင်ရွက်ခြင်းတို့ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

ဒီဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံရတဲ့အထဲမှာ နိုင်ငံရေးပါတီဝင်တွေလည်း ပါဝင်ပါတယ်။

လူမှုကွန်ယက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်ရေးသားခဲ့တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလက ထောင်ဒဏ် ၆ လ ကျခံခဲ့ရတဲ့ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း က ပြောပါတယ်။

နိုင်ငံသားတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်ကန့်သတ်တဲ့ ဒီဆက်သွယ်ရေး ဥပဒေပုဒ်မတွေကို အသုံးပြုပြီး တရားစွဲခံရတဲ့ အမှုတွေ များလာလေလေ လက်ရှိ ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ အစိုးရရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေအပေါ် ထားရှိတဲ့ ရပ်တည်ချက်ပုံရိပ်ဟာ ပြည်တွင်းပြည်ပမှာ ကျဆင်းလာမှာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်ရှင်။