စစ်အာဏာသိမ်း နှစ်နှစ်အတွင်း NLD ပါတီဝင် ၈၄ ဦး သေဆုံး
2023.01.30
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်အမတ် သုံးဦးအပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးပြီး ၁၂၃၂ ဦး အဖမ်းခံထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေး ဌာနက RFA ကို ပြောပါတယ်။
သေဆုံးတဲ့သူ ၈၄ ဦးမှာ စစ်ကြောရေးစခန်းတွေမှာ သေဆုံးရတဲ့သူ ၁၆ ဦး၊ ထောင်ထဲမှာ သေဆုံးရတဲ့သူ ရှစ်ဦး၊ အကြောင်းမဲ့သတ်ဖြတ်ခံရတဲ့သူ ၅၉ ဦးနဲ့ ကြိုးပေးကွပ်မျက်ခံရတဲ့သူ တစ်ဦးပါတယ်။
ဒါ့အပြင် နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ ပါတီဝင် ၆၀၅ ဦးအထိ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၂၀၆ နဲ့ ပါတီဝင် ၃၇၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
"ရပ်ထဲရွာထဲမှာတော့ သမာသမတ် ကျတဲ့သူတွေ။ ရိုးရိုးသားသား နေတဲ့လူတွေ။ ဒီလူတွေလည်း အသတ်ခံရတာပဲ”
ဒီနှစ်နှစ်နီးပါးအတွင်း NLD ပါတီရုံးတွေ ကျူးကျော်ဝင်ရောက်ခံရတာ၊ ဖျက်ဆီးခံရတာနဲ့ ပါတီပိုင်ပစ္စည်း ယူဆောင်ခံရတာ အကြိမ်ပေါင်း ၁၂၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။
NLD ပါတီရှိနေရင် စစ်ကောင်စီက သူတို့အာဏာကြီးစိုးရေးကို အကောင်အထည်ဖော်လို့ မရတော့မှာ စိုးရိမ်တဲ့အတွက် အခုလိုနည်းလမ်းတွေ ကျင့်သုံးနေတာလို့ NLD ဗဟို အလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက RFA ကို ပြောပါတယ်။
“NLD ပါတီ ရှိနေရင် နောင်စစ်တပ်အနေနဲ့ သူတို့ ခြယ်လှယ်ချင်တဲ့လုပ်ငန်းစဉ်တွေမှာ စစ်တပ်သာ အာဏာကြီးစိုးရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်လို့ မရမှာ ကြောက်လို့ ပါတီဝင်တွေ ပျက်စီးအောင် ပြည်သူတွေ NLD ပါတီနားကိုမကပ်နိုင်အောင် မထောက်ခံရဲအောင် အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ စစ်ကောင်စီက ကျင့်သုံးနေ တာလို့ မြင်ပါတယ်”
စစ်တပ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သေသေချာချာ မှတ်တမ်းကောက်ယူနေသလို၊ စစ်ကောင်စီကို အရေးယူနိုင်ဖို့ကြိုးစားနေတဲ့ အဖွဲ့အစည်း တွေဆီကို အချက်အလက်တွေ ပေးပို့နေတယ်လို့ ဦးကျော်ထွေးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးရတဲ့ လွှတ်တော်အမတ် သုံးဦးထဲမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ဖမ်းဆီးခံရပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောထားပါတယ်။
သေဆုံးခဲ့သူ နောက်တစ်ဦးဖြစ်တဲ့ ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေကတော့ ထောင်ထဲမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အသက် ရ၀ ကျော်အရွယ် ဒေါ်တင်ရီကတော့ ဖမ်းဆီးခံရမှာစိုးလို့ တိမ်းရှောင်နေရင်း ကွယ်လွန်သွားခဲ့တာပါ။
ထောင်ထဲမှာသေဆုံးရတဲ့သူ ရှစ်ဦးထဲမှာ NLD ရဲ့ ဝါရင့်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းလည်း ပါဝင်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာတွေမှာကျန်ခဲ့တဲ့ ပါတီဝင်တွေအတွက် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းတိုင်းက NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။
“တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့နေရာတွေမှာ ရောက်နေတဲ့ အဓိက ကတော့ ရပ်ကျေးပြည်သူတွေကတော့ သာမန်လွတ်လွတ်လပ်လပ် တော်လှန်ရေး လုပ်ငန်းစဉ်တွေမှာ ပါတဲ့သူတွေက လွတ်လွတ်လပ်လပ် လုပ်နေရတဲ့ အနေအထား ရှိတယ်။ မြို့ပြအပိုင်းမှာ နေရတဲ့အနေအထားတွေ ကျနော်တို့လည်း ကြားနေရတာ ကိုယ့်ပါတီဝင်တွေ သတ်ဖြတ်ခံရတာတွေ လူအုပ်စုတွေ လာပြီးတော့ ပစ်သတ်ခံရ တာတွေကြားတော့ စစ်ကောင်စီ စိုးမိုးထားတဲ့ နေရာတွေမှာရှိနေတဲ့ NLD ပါတီဝင်တွေ ကတော့ တစ်ကယ့်ကို သွေးပျက်ခြောက်ခြားပြီးတော့ကို နေရတဲ့အနေအထားပေါ့နော်”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာမှာ ကလေးငယ် သုံးဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မိသားဝင်ရှစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ သူတို့အိမ်မှာ အာဏာမသိမ်းခင်အထိ NLD ပါတီရပ်ကျေးရုံး ဖွင့်ထားခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
ဒါဟာ NLD ပါတီဝင်ဖြစ်ရုံနဲ့ အခုလို အဖြစ်ဆိုးမျိုးကြုံတွေ့ရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနယ်မှာတော့ အကုန်လုံးထွက်ပြေးနေရတာပဲ။ ပါတီထဲမှာ တက်တက်ကြွကြွ လုပ်သူမှန်သမျှ ဝင်ရောက်လုပ်ကိုင်တဲ့သူမှန်သမျှ သူတို့က တောက်လျှောက်ကြည့်နေ တာ။ ဝင်ရောက်တိုက်ခိုက်တာတို့ ဖမ်းဆီးတာတို့ ငွေညှစ်တာတို့ အစုံပေါ့။ အဲဒီလိုမျိုးလည်း လုပ်တယ်။ ပြောမယ်ဆိုရင် ရပ်ထဲရွာထဲမှာတော့ သမာသမတ် ကျတဲ့သူတွေ။ ရိုးရိုးသားသား နေတဲ့လူတွေ။ ဒီလူတွေလည်း အသတ်ခံရတာပဲ”
အကြောင်းမဲ့သတ်ဖြတ်ခံရတဲ့ NLD ပါတီဝင် ၅၉ ဦးဟာ စစ်မှုထမ်းဟောင်းတွေ၊ အမျိုးသားရေးအဖွဲ့၊ သွေးသောက်အဖွဲ့၊ ပျူစောထီးလိုအဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာလို့ NLD ပါတီရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်း ကောက်ယူရေး ဌာနရဲ့ မှတ်တမ်းက ဆိုပါတယ်။
ဒီမှတ်တမ်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို RFA အနေနဲ့ လတ်တလော မေးမြန်းလို့ မရသေးပါဘူး။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ မေးမြန်းချက်မှာ တော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်အနေနဲ့ NLD ပါတီကို ပစ်မှတ်ထားနေတာ မဟုတ်ဘဲ NLD ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေလို့ ဖမ်းဆီးအရေးယူတာလို့ တုံ့ပြန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဒီလုပ်ရပ်တွေဟာ၊ စစ်ကောင်စီက အာဏာကို ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ထောက်ခံတဲ့သူတွေကို ဖယ်ရှားရှင်းလင်းဖို့ ကြိုးစားနေတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။
“အဓိကကတော့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ခုခံကာကွယ်နေတဲ့ အင်အားစုတွေကို ဖယ်ရှားပစ်ရမယ်။ ဖယ်ရှားပစ်ရမှသာလျှင် နိုင်ငံတော်အာဏာကို တစ်နည်းနည်းနဲ့ ဆက်လက်ပြီး ထိန်းချုပ်ထားနိုင်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့အမြင်ကြောင့် အဲဒါတွေ လုပ်နေတာဖြစ်ပါတယ်”
စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကိုလည်း NLD ပါတီက ဆက်လက် ဆန့်ကျင်သွားမှာ ဖြစ်သလို စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့သူတွေကို နိုင်ငံတော်ပုန်ကန်မှု အားပေးကူညီသူတွေအဖြစ် သတ်မှတ်သွားမယ်လို့ NLD ပါတီက ဇန်နဝါရီလ ၂၉ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကိုဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးနဲ့ စစ်ကောင်စီကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး ဆောင်ရွက်ဖို့လည်း အာဆီယံအသင်း အပါအဝင် နိုင်ငံတကာအသိုက်အဝန်းကို NLD ပါတီက တိုက်တွန်းပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့အထိ စစ်အာဏာရှင်ကိုဆန့်ကျင်ရင်း ကျဆုံးခဲ့ရသူ ၂၈၉၄ ဦးရှိပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၃၆၈၉ ဦး ရှိတယ်လို့ သိရပါတယ်။