ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွေ နိုင်ငံတစ်ဝန်းပြုလုပ်
2024.08.08
[Update: 5: 37 PM, Aug 8, 2024]
မြန်မာနိုင်ငံမှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေတဲ့ ကြားကပဲ ဒီနေ့ကျရောက်တဲ့ ၃၆ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီအပြင် တခြား တိုင်းဒေသကြီးတချို့မှာ ပုံစံမျိုးစုံနဲ့ လှုပ်ရှားခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာဆိုရင် သြဂုတ်လ ၆ ရက်နေ့က စပြီး ဒီနေ့အထိ လမ်းမတွေ၊ နံရံတွေမှာ ဗီနိုင်းချိတ်ဆွဲတာ၊ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြတာတွေ လုပ်ခဲ့တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ တ.က.သ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
"တစ်နိုင်ငံလုံးက ကျွန်တော်တို့ ဒါ သပိတ်လှုပ်ရှားနေတဲ့ နေရာဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့ကို ကျွန်တော်တို့ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ ဒီရန်ကုန်မှာဆိုရင်လည်းပဲ ကျွန်တော်တို့က ရှစ်လေးလုံးအကြို သပိတ် လှုပ်ရှားမှုတွေကို ဒါ ရန်ကုန်သပိတ်ပေါင်းစုံစုပေါင်းပြီးတော့ လှုပ်ရှားခဲ့တာတွေရှိသလို ကျွန်တော်တို့ ဒါ စစ်အာဏာရှင်ကို အန်တုတဲ့၊ စစ်အာဏာရှင်ကို လှောင်ပြောင်တဲ့ ကလောင်နီလှုပ်ရှားမှုဆိုပြီးတော့မှ တက္ကသိုလ် ကျောင်းသားတွေ၊ ကျွန်တော်တို့ ဒါ မိဘပြည်သူတွေ နောက်ပြီးတော့ သပိတ်အင်အားစုတွေ စုပေါင်းပြီးတော့ ပြောက်ကျားလှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေလည်း ရှိပါတယ်"
ဒီနေ့ ရန်ကုန်မြို့က တံတားတွေနဲ့ လူစည်ကားရာနေရာတွေမှာ စစ်ကောင်စီ လုံခြုံရေးအဖွဲ့တွေ အရင်နေ့တွေ ကထက် ပိုမိုနေရာယူစောင့်ကြည့်နေတာတွေ့ရတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ မြို့ခံတွေက ပြောပါတယ်။
"စစ်အာဏာရှင်တွေ မပြုတ်ကျသရွေ့ လူထုနဲ့ တော်လှန်ရေးဟာ တစ်သားတည်းဖြစ်နေဖို့ လိုတယ်လို့ ကျွန်တော်တို့က မြင်တယ်"
စစ်ကိုင်းတိုင်း ဆားလင်းကြီး၊ မြောင်နဲ့ လက်ပံတောင်း ဒေသတွေမှာတော့ ရှစ်လေးလုံးအထိမ်းအမှတ် ဆန္ဒပြလှုပ်ရှားမှုတွေကို လုံခြုံရေးအခြေအနေအရ ဩဂုတ်လ ၇ ရက် မနေ့က ကျင်းပခဲ့ကြပါတယ်။ အဲဒီအထဲက ဆားလင်းကြီး မြို့နယ်မှာဆိုရင် ကျေးရွာလေးရွာက ဒေသခံ သုံးရာခန့်ဟာ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တွေနဲ့ပူးပေါင်းပြီး ဆန္ဒပြလှုပ်ရှားခဲ့ကြတယ်လို့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
"ကျွန်တော်တို့ မြို့နယ်ထဲမှာ ပကဖ၊ ပအဖ၊ ပလဖ ရယ် နောက်ပြီးတော့ ကျွန်တော်တို့ ဆားလင်းကြီးအတွင်းမှာ ရှိတဲ့ သပိတ်အင်အားစုတွေပေါ့လေ စုပေါင်းပြီးတော့ မနေ့တုန်းက သပိတ်ထွက်ခဲ့ပါတယ်ဗျဟုတ်။ အင်အားက နှစ်ရာကျော် သုံးရာလောက်တော့ ရှိမှာဗျ။အဲဒီအနီးအနားမှာရှိတဲ့ ကျေးရွာတွေကို ဖိတ်ခေါ်ပြီးတော့ကျတော့ ကျွန်တော်တို့ မြို့နယ် ပ သုံးလုံး နောက်ပြီးတော့ ကျွန်တော်တို့မြို့နယ်အတွင်းမှာရှိတဲ့ သပိတ်အင်အားစုရယ် စုပေါင်းပြီး ထွက်ခဲ့တာပါဗျ"
တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာတော့ ရှစ်လေးလုံး အထိမ်းအမှတ် လူထုလှုပ်ရှားမှုအပြင် ဟောပြောပွဲ၊ ကဗျာရွတ်ပွဲတွေကို လူအင်အားသုံးရာနီးပါး ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုက တောင်းဆိုချက်တွေကို စစ်အာဏာရှင်စနစ် မပြုတ်ကျမချင်း တောင်းဆိုဖို့ လိုတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ် ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါ တယ်။
"၁၉၈၈ လူထုလှုပ်ရှားမှုကနေပြီးတော့ ဒီမိုကရေစီရရှိရေးဆိုတဲ့ နိုင်ငံရေး ကြွေးကြော်သံကို ကျွန်တော်တို့ စွဲစွဲမြဲမြဲဆုပ်ကိုင်ပြီးတော့ ဆက်လက်ချီတက်သွားတဲ့အခါမှာ ဒီစစ်အာဏာရှင်တွေ မပြုတ်ကျသရွေ့ လူထုနဲ့ တော်လှန်ရေးဟာ တစ်သားတည်းဖြစ်နေဖို့ လိုတယ်လို့ ကျွန်တော်တို့က မြင်တယ်။ စစ်တပ်က နိုင်ငံရေးထဲမှာ ရှိနေသမျှ ကာလပတ်လုံး ကျွန်တော်တို့က ဘယ်တော့မှ လွတ်လပ်လုံခြုံ စိတ်ချရတဲ့ နိုင်ငံရေးစနစ်ကို ရမှာ မဟုတ်ဘူး"
ဆက်နွှယ်သောသတင်းများ
စစ်အာဏာသိမ်းသုံးနှစ်ကျော်သည့်တိုင် ဆန္ဒပြပွဲတွေဆက်ရှိနေ
အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ ၄၁၀၀ ကျော်ရှိလာကြောင်း AAPP ထုတ်ပြန်
ဆားလင်းကြီးမှာ တရုတ်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ်
ဒီနေ့ အွန်လိုင်းကနေ ကျင်းပတဲ့ ရှစ်လေးလုံး အခမ်းအနားမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကနေရှိလာတဲ့ လူထုရဲ့ နိုင်ငံရေးအသိဟာ အခုအချိန်မှာ စစ်အာဏာရှင်အုပ်စုကို ယိုင်နဲ့အောင်အထိ လုပ်လာနိုင်တယ်လို့ ပြောပါတယ်။
"၁၉၈၈ ကထဲက လက်ဆင့်ကမ်းလာတဲ့ တော်လှန်ရေး စိတ်ဓာတ်တွေနဲ့ လူထုကြီးဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပိုမိုပွင့်လင်းလာတဲ့ နိုင်ငံရေးအသိ၊ စစ်ရေးအသိတွေ မြင့်မားလာပြီး ပြည်ထောင်စုသားအချင်းချင်းလည်း ခေါင်းဆောင်များကြားသာမက လူများကြားပါ ချိတ်ဆက် ဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာတာ တွေ့ရပါတယ်။ ဒါ့ကြောင့်လဲ ဒီကနေ့ တော်လှန်ရေးကြီးဟာ နိုင်ငံရေး စစ်ရေးကဏ္ဍအပြင် မဟာမိတ်စုဖွဲ့မှုပါ ပိုမို အားကောင်းစွာနဲ့ အကြမ်းဖက်စစ်အုပ်စုကို ယိုင်နဲ့ပြီး အသက်ရှုကျပ်လောက်အောင် ဆောင်ရွက်နေနိုင်ကြတာလည်း ဖြစ်ပါတယ်"
အီးယူ ဥရောပသမဂ္ဂကလည်း ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်နေ့မှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု အတွက် အသက်ပေးပြီး တိုက်ပွဲဝင်နေသူအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ရရှိရေး ရည်မှန်းချက်တွေအတွက်လည်း ဆက်လက်ပံ့ပိုးကူညီသွား မယ်လို့ အီးယူက ကြေညာထားပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရလက်ထက်မှာ ငွေစက္ကူအချို့ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ရာကနေစလို့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးမှုအထိ ကျောင်းသားလူထုအကြား စစ်အာဏာရှင် ဆန့်ကျင်ရေးတွေ ကူးစက်ပြီး ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ အလွှာပေါင်းစုံပါဝင်တဲ့ သမိုင်းဝင် လူထုလှုပ်ရှားမှုသပိတ် စတင်ခဲ့တာပါ။ အဲဒီသပိတ်ကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ပြည်သူတွေ သေဆုံးခဲ့ကြရပါတယ်။ အဲဒီလှုပ်ရှားမှု စတင်ခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ရောက်တိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နှစ်စဉ် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
(မှတ်ချက် - ဤသတင်းတွင် ဆားလင်းကြီးမြို့နယ်က ဒေသံတစ်ဦး၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့၏ ပြောဆိုချက်များနှင့် အီးယူ ဥရောပသမဂ္ဂ ထုတ်ပြန်ချက်ကို ဖြည့်စွက်ရေးသားထား ပါသည်။)