ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အစိုးရသစ်အကူအညီ မျှော်လင့်

အစိုးရသစ်တက်လာတော့မယ့် အခုချိန်မှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကလည်း အစိုးရသစ်ဟာ သူတို့အတွက် ပိုပြီးဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ မျှော်လင့်နေပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပပြီးဆုံးခဲ့ပါပြီ။ မကြာမီမှာ အစိုးရသစ်တက်လာတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ မဲအများဆုံး ရရှိထားပြီး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အလုပ်သမားတွေကလည်း တက်လာမဲ့ အစိုးရသစ်ကို ကြိုဆိုနေပြီး သူတို့ရဲ့ အခက်အခဲတွေကိုလည်း အလေးထား ဆောင်ရွက်စေလိုတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက တောင်းဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအပါအဝင် နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာလုပ်သားတွေအရေး မူဝါဒတွေ ချမှတ်ပြီး အစိုးရသစ်အနေနဲ့ ကာကွယ်စောင့်ရှောက်စေလိုတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

"ကျနော်တို့ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မရဟိတ လုပ်နေသူတွေအားလုံးက အဓိက လိုချင်နေတာကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေ ကိုယ်စားပြုပြီး အစိုးရသစ်က ပြည်တွင်းမှာ ဖြစ်စေ၊ ပြည်ပမှာ ဖြစ်စေ၊ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ အရေးကို ခိုင်မာတဲ့ တ်ကျတဲ့ မူဝါဒသတ်မှတ်ပြီးတော့ ကာကွယ်စောင့်ရှောက်ဖို့ အဓိက တောင်းဆိုချင်တယ်"


မြန်မာနိုင်ငံ ခေတ်အဆက်ဆက် အစိုးရက ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပြဿနာကို ဦးစားပေးမှု မရှိခဲ့ဘဲ ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အစိုးရ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှသာ မြန်မာသံရုံးကနေ အလုပ်သမားတွေအရေးကို ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွေ ပေါ်ထွက်လာတာ ဖြစ်တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

"အရင်ခေတ်က ဖြစ်ခဲ့တဲ့ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ ကိစ္စတွေအားလုံးကတော့ ၂၀၁၅ မှာ ပေါ်ပေါက်လာခဲ့တဲ့ အစိုးရ လက်ထက်မှာ ၂၀၂၀ အထိ ထိုက်သင့်တဲ့ အတိုင်းအတာအထိ ထိုင်းနိုင်ငံတွင်းမှာ ရှိတဲ့ အလုပ်သမားအရေးတွေကို ကူညီဆောက်ရွက်နေတာ တွေ့ခဲ့ရတယ်။ သို့သော် ကျေနပ်အားရမှုတော့ မရှိဘူး။ ဒါကြောင့် ၂၀၂၀ မှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီချုပ်ပါတီက ဒီတကြိမ်ကို ဝန်ကြီးတွေကို နေရာ ချထားတဲ့အခါမှာ ကျွမ်းကျင်သော ဝန်ကြီးများ၊ နောက် ဥပဒေ သိသော ဝန်ကြီးများနဲ့ တကယ်ကို အလုပ်သမားနဲ့ ပတ်သက်လို့ နိုင်ငံတကာ စံချိန်စံညွန်းနဲ့အညီ ဥပဒေအရ စောင့်ရှောက်နိုင်တဲ့ စွမ်းအားထက်တဲ့ ဝန်ကြီးကို ခန့်အပ်သင့်တယ်လို့ တောင်းဆိုချင်တယ်"


မြန်မာနိုင်ငံသားတွေ အများအပြား အလုပ်လုပ်ကိုင်နေတဲ့ မဲဆောက်မြို့မှာ အခြေစိုက်ထားတဲ့ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း မြန်မာသံအရာရှိ၊ မြန်မာအလုပ်သမားသံအရာရှိတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ထိရောက်ရောက် ဖြေရှင်းပေးစေလိုတယ်လို့ တောင်းဆိုပါတယ်။

"ထိုင်းနိုင်ငံမှာ အလုပ်သမားသံအရာရှိတွေ ရွေးချယ်စေလွှတ်တဲ့နေရာမှာ အလုပ်သမားဝန်ကြီးဌာနတခုထဲ မဟုတ်ဘဲနဲ့ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီကနေပြီးတော့ ထိန်းညှိကွပ်ကဲပြီးတော့ ရွေးချယ်ပေးတာမျိုး ကျနော်တို့ အလိုရှိပါတယ်"


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ နှစ်စဉ် စာရွက်စာတမ်း၊ အထောက်အထားတွေ၊ သက်တမ်းတိုးတဲ့အခါမှာ လူမှုဖူလုံရေးကြေးတွေ များပြားတဲ့အတွက် အနိမ့်ဆုံး ကုန်ကျစရိတ်ဖြစ်ရေး၊ လူမှုဖူလုံရေးစရိတ်တွေကို ဥပဒေအရ ခံစားခွင့်ရရေးတို့အတွက် ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်စေလိုတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

"ထိုင်းနိုင်ငံမှာရှိတဲ့ စာရွက်စာတမ်းတွေမှာ ပေးရတဲ့ လူမှုဖူလုံရေးကြေးတွေ၊ နောက် နေရပ်ပြန်ကြေး၊ ထိုင်းနိုင်ငံကို နေရပ်ပြန်ရင် ကိုယ့်စရိတ်နဲ့ ကိုယ်ပြန်လို့ရတာ ၁ ထောင်(ဘတ် ၁၀၀၀) ဆိုတာရှိတယ်။ အဲဒါတွေ ရွှေ့ပြောင်းလုပ်သားတွေ ခံစားခွင့်ရအောင် မြန်မာအစိုးရသစ်အနေနဲ့ ထိုင်းအစိုးရကို စေ့စေ့စပ်စပ် ထိထိရောက်ရောက် ညှိနှိုင်းတိုင်ပင်စေလိုတယ်။အစိုးရသစ်အပေါ်မှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေအရေး ဘယ်လို မျှော်လင့်ထားသလဲ ဆိုတာထက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးရာကိစ္စတွေကို ကျနော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတဲ့ အနေအထားတရပ် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ချင်တဲ့ ပူးပေါင်းပါဝင်ချင်တဲ့ အနေအထား၊ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေ အင်မတန်အရေးကြီးလို့"

ထိုင်းနိုင်ငံမှာ အမှုပေါင်းစုံနဲ့ အကျဉ်းကျနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ဆုံရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ အကျဉ်းသား ရပိုင်ခွင့်တွေကို ရရှိရေးကို မြန်မာသံအရာရှိနဲ့ အလုပ်သမား သံအရာရှိတွေက မိသားစုနဲ့ တွေ့ခွင့်ပေးရေးတွေ၊ ဥပဒေပါ အခွင့်အရေးတွေကို ထိထိရောက်ရောက် လုပ်ပေးစေလိုတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ထားဝယ်တိုင်းရင်းသား ကိုအောင်ဇင်ဖြိုးကလည်း အစိုးရသစ်ကို ရွှေ့ပြောင်းလုပ်သားတွေ ကိုင်ဆောင်ထားတဲ့ ပတ်စ်ပို့ စာရွက်စာတမ်းတွေ လုပ်တဲ့အခါမှာ အဆင်ပြေချောမွေ့ဖို့ အလေးထားဆောင်ရွက်စေလိုတယ်လို့ ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကိုင်ဆောင်နေတဲ့ နှစ်နိုင်ငံသဘောတူညီမှု MOU စနစ်နဲ့ ကိုင်ဆောင်ထားတဲ့ ပတ်စ်ပို့၊ CI စာအုပ် ပြုလုပ်တဲ့အခါမှာ အမြင့်ဆုံး ဘတ် ၇ ထောင်လောက် ကုန်ကျပေမဲ့ အကျိုးဆောင်တွေ၊ ပွဲစားတွေနဲ့ လုပ်တဲ့အခါမှာ ၁ သောင်းခွဲကနေ ၁ သောင်း ၇ ထောင်ထိ ကုန်ကျတာ ဖြစ်လို့ ကုန်ကျစရိတ်တွေ သက်သာဖို့ ကူညီဆောင်ရွက်စေလိုတယ်လို့ ကိုအောင်ဇင်ဖြိုးက ပြောပါတယ်။

အစိုးရသစ်အနေနဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ နေထိုင်ခွင့် စာရွက်စာတမ်းတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်နဲ့အညီ လုပ်ဆောင်နိုင်ဖို့ ကူညီ ဖြေရှင်းပေးစေလိုတယ်လို့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားဖြစ်ခဲ့ပြီး အခု အလုပ်သမားတွေအရေးတွေကို အလုပ်သမား ဟစ်တိုင် နာမည်နဲ့ ရေးသားဖော်ပြနေတဲ့ ဦးစောမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၃ သန်းကျော် အလုပ် လုပ်ကိုင်နေတာပါ။ ကပ်ဘေးကာလအတွင်း ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ခက်ခဲလို့ နေရပ်ပြန်သူ နေ့စဉ် ရှိနေဆဲဖြစ်ပြီး ၁ သိန်း ၃ သောင်းကျော် မြန်မာနိုင်ငံကို ပြန်သွားပြီလို့ မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ JACBA အဖွဲ့ကပြောပါတယ်။

မြန်မာနိုင်ငံအတွင်းစားဝတ်နေရေး ခက်ခဲလို့ အိမ်နီးချင်း ထိုင်းနိုင်ငံကိုလာပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ တရားဝင် လုပ်ကိုင်နေသူတွေ ရှိသလို အလုပ်သမားမှတ်ပုံတင်နဲ့ လုပ်ကိုင်ဖို့ အခြေအနေ မပေးတာကြောင့် တရားမဝင် လုပ်ကိုင်နေသူတွေလည်း အများအပြားရှိနေပါတယ်။