တရုတ်ခေါင်းဆောင် လာရောက်မှု နိုင်ငံအတွက်အကျိုးရှိကြောင်း လေ့လာသူတွေသုံးသပ်

ကျော်လွင်ဦး
2020.09.02

တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရန်ကျဲ့ချိက မနေ့က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံသဘောတူထားတဲ့ စီမံကိန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်အကောင်ထည်ဖော်ဖို့၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် အချက်တော်တော်များများ ဆွေးနွေးခဲ့ကြပါတယ်။

သူ့ခရီးစဉ်ဟာ အခုလိုချိန်မှာ မြန်မာပြည်အတွက်လည်း အကျိုးရှိတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်တွေကြား ထိတွေ့ဆက်ဆံမှုတွေ ဆက်လက်မြှင့်တင်သွားရေး၊ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ဖြန့်ဝေချိန်မှာ မြန်မာနိုင်ငံကို ထောက်ပံ့သွားရေး၊ သမ္မတရှီကျင့်ဖျင်ရဲ့ မြန်မာခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီမှု ရခဲ့တဲ့ အကျိုးတူစီမံကိန်းတွေ အရှိန်အဟုန်မပြတ် ဆက်လက် အကောင်အထည် ဖော်ဆောင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီရေး၊ မြန်မာက ကြွေးမြီ ပေးဆပ်ရမယ့်ကာလကို ရွှေ့ဆိုင်းပေးရေး စတာတွေ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဆွေးနွေးမှုအကြောင်း ပိုမိုသိရှိနိုင်ဖို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးလေ့လာသူ၊ တရုတ်မြန်မာနယ်စပ် ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ကာလကြာရှည် နေထိုင်ခဲ့ဖူးသူ ဦးသန်းစိုးနိုင်ကတော့ ဒီတွေ့ဆုံမှုတွေဟာ မြန်မာပြည်အတွက် အကျိုးရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

"တရုတ်နဲ့ အမေရိကန် ပဋိပက္ခအတွင်းမှာ မြန်မာပြည်ကို ဆွဲသွင်းဖို့ကြိုးစားနေတာရယ်၊ တရုတ်ရင်ခွင်ကနေ မြန်မာပြည်ကို ဆွဲထုတ်မယ် ဆိုတဲ့ကိစ္စရယ်နဲ့ ပတ်သက်ပြီးတော့ အခုနှစ်နိုင်ငံ သဘောတူချက်နဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို ဖော်ပြနိုင်တဲ့အတွက် ဒါက ကောင်းတဲ့ကိစ္စပါ၊ အရင်တုန်းက စီမံကိန်းတွေ ဆက်လက် အကောင်ထည်ဖော်မယ်၊ ကိုဗစ်အလွန်ကာလမှာ ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးလုပ်မယ် ဆိုတာဟာ အကျိုးရှိကောင်းမွန်တဲ့ သဘောထားတွေဖြစ်တယ်လို့ ကျနော် ပြောချင်တယ်"

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့  ကပ်ဘေးအလွန် စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် ကမ်းလှမ်းမှုတွေကလည်း ကြိုဆိုရမယ်လို့  ဦးသန်းစိုးနိုင်က ပြောပါတယ်။

ရန်ကုန်မြို့အခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုလို့ခေါ်တဲ့ ISP-Myanmar  အဖွဲ့က ဒေါ်ခင်ခင်ကျော်ကြီးကတော့  တရုတ်နိုင်ငံဟာ  မြန်မာနိုင်ငံကို သံတမန်ရေးရာမှာ အလေးထားတယ်ဆိုတာကို ဒီခရီးစဉ်မှာ တွေ့ရတယ်လို့ ပြောပါတယ်။

"မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် အရေးကြီးတယ်ဆိုတာ ဒီခရီးစဉ်မှာ ပိုပြီးပေါ်လာတယ်၊ တရုတ်ကလည်း မြန်မာနိုင်ငံကို သံတမန်ရေးရာအရ တော်တော်အလေးထားတယ် ဆိုတာကို ပိုပြီး ပေါ်လွင်လာတာကို တွေ့ရတယ်၊ ဘာလိုလဲဆိုတော့ ဒီပုဂ္ဂိုလ်ရဲ့ခရီးစဉ်ဟာ တစ်နှစ်အတွင်းမှာ နှစ်ကြိမ်မြောက် ဆိုတာပေါ့၊ ဒေသတွင်းနိုင်ငံတွေထဲမှာ စင်္ကာပူကလွဲရင် မြန်မာနိုင်ငံပဲ ရှိသေးတယ်၊ တရုတ်နိုင်ငံရဲ့ ဒေသတွင်း မူဝါဒမှာတော့ အထူးသဖြင့် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု အားပြိုင်မှုတွေကြားထဲမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက ပိုပြီးမြင့်တတ်လာတာကို တွေ့ရတယ်"


တရုတ်သံတမန်ခရီးစဉ်မှာပဲ မြောက်ပိုင်းညီနောင်အဖွဲ့တွေဟာ အပစ်ရပ် သက်တမ်းတိုးတာကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေး ကိစ္စတွေမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်ဆိုတာ သိသာတယ်လို့ ဒေါ်ခင်ခင်ကျော်ကြီးက ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်မှာ တရုတ်နိုင်ငံက စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အခြေအနေတွေ အတည်ပြုနိုင်ရေးနဲ့ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံအပေါ်ထားရှိမယ့် မူဝါဒတွေအပေါ် ဒီခရီးစဉ်က အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့လည်း ဒေါ်ခင်ခင်ကြီးက သုံးသပ်ထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေးကိစ္စတွေမှာ  မြန်မာနိုင်ငံရဲ့လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးကိစ္စတွေမှာ ဆက်လက်ပံ့ပိုး ကူညီသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒေသတွင်းနဲ့ နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံဘက်က ဆက်လက်ရပ်တည် ထောက်ခံသွားမှာဖြစ်ကြောင်းနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဖွ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ယွမ်သန်း ၂၀၀ ပေးအပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးက ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာတော့ သံရုံးက မကြာခင် ကြေညာချက် တရားဝင်ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

နှစ်နိုင်ငံသံတမန် ထူထောင်တဲ့နှစ် ၇ဝ ပြည့် အထိမ်းအမှတ်အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီနှစ်ဆန်းပိုင်းမှာပဲ နေပြည်တော်ကို လာရောက်ခဲ့ပြီး တရုတ်သမ္မတခရီးစဉ်မှာ ရန်ကျဲ့ချိလည်း ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံက  မြန်မာနိုင်ငံမှာ နှစ်ရှည်စီးပွားရေးစီမံကိန်း အများအပြား ရှိနေပါတယ်။ အဲဒီထဲမှာ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်း၊ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံဆည်စီမံကိန်းတို့က ထင်ရှားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။