KIA ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည်စခန်း ရိက္ခာအခက်အခဲရှိနေ

တရုတ်အာဏာပိုင်တွေက ခရီးသွားလာမှု ပိတ်လိုက်လို့ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်ကြားမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းနှစ်ခုမှာ စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံနေရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ အမှတ် ၈ မှာတည်ရှိတဲ့ ဆဒုံးမြို့နယ်ထဲက ဆွတ်လန်ကျေးရွာ စစ်ပြေး ဒုက္ခသည်စခန်းမှာ ရိက္ခာအခက်အခဲ ရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဆွတ်လန်ဒုက္ခသည်စခန်းဟာ KIA ထိန်းချုပ်မှုအောက်မှာ ရှိသလို တပ်မတော်ကလည်း လုံခြုံရေးအကြောင်းပြပြီး စားနပ်ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်းကို ပိတ်ထားတာပါ။ တောင်တန်းဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာမို့ မြန်မာနိုင်ငံ ဘက်ခြမ်းထက်၊ တရုတ်နယ်စပ်ကိုမှီခိုပြီး စားနပ်ရိက္ခာ ဝယ်ယူနေရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပေါ်ပေါက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် တားဆီးရေးအတွက် တရုတ်အာဏာပိုင်တွေက နယ်စပ်ကို ပိတ်လိုက်တဲ့အခါ စားနပ်ရိက္ခာ ဝယ်ယူရတာ ခက်ခဲသွားတယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူ ဒေါ်ဆွေဆွေက ပြောပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ဖြစ်တဲ့နောက်မှာတော့ တရုတ်ပြည်ဘက်ကို လုံးဝ သွားလို့မရတော့ဘူး လမ်းတွေ အကုန်ပိတ်ပေးထားတယ်။ ဟိုဘက်က ဈေးရောင်းတဲ့သူတွေတောင် ပစ္စည်းတွေဘာတွေ ပါးပေးမယ်ဆိုရင် မှာလို့မရဘူး။ လုံးလုံးကိုမှ ဝယ်လို့မရဘူး။အခက်အခဲတွေက အများကြီး ကြုံရပါတယ်”

၂၀၁၁ ခုနှစ်တုန်းက တပ်မတော်နဲ့ KIA တို့ကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူတစ်သိန်း ဝန်းကျင် စစ်ဘေးသင့်ပြီး ဒုက္ခသည်အဖြစ် စခန်းတွေမှာ ခိုလှုံနေကြရတာပါ။ လူဦးရေ လေးရာကျော်ရှိတဲ့ ဆွတ်လန်ဟာ အဲဒီစခန်းတွေထဲက တစ်ခုဖြစ်ပြီး ဒုက္ခသည်တွေ နေရပ် မပြန်နိုင်တာ အခုဆို ကိုးနှစ်ဝန်းကျင်ရှိလာပါပြီ။

ဆဒုံးမှာရှိတဲ့ အမှတ် ၆ စခန်းလည်းပဲ အလားတူပြဿနာကြုံနေရတယ်လို့ ကြားသိရပေမယ့် သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒုက္ခသည်တွေကို ကရုဏာ လူမှုကူညီရေးအသင်း (Karuna Mission Social Solidarity) က အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးနေတာတွေရှိပါတယ်။ ဒါပေမဲ့ အာဟာရ မျှတအောင်စားသောက်ဖို့ အသီးအရွက်၊ အသားငါးဝယ်ယူဖို့ ဝင်ငွေမရှိဘူးလို့ ဦးမရန်ဂွမ်ဂျာနော်က ပြောပါတယ်။

“အခုဒီမှာက ဈေးလည်းဝေးတယ်။ဒီမှာရှိတဲ့ ဈေးဆိုင်လေးတွေမှာ ဝယ်စားဖို့ကလည်းဈေးကြီးတယ်။ ပြီးတော့ဝင်ငွေလည်းမရှိဘူး။ ဝင်ငွေရှာမယ့်နေရာ လည်းမရှိဘူး။အခုက ကိုဗစ်ကာလလည်းဖြစ်တော့ လူတစ်ယောက်က ထမင်းပဲစားရင် ဗိုက်တော့ဝတယ်ဒါပေမဲ့ အာဟာရပိုင်းမှာ ကလေးတွေကအစ အာဟာရပိုင်းအတွက် လိုအပ်မှုတွေရှိနေတယ်”

KIA လက်နက်ကိုင်ရဲ့ နယ်မြေထဲရှိတာကြောင့် မြန်မာ့တပ်မတော်က လုံခြုံရေးအရဆိုပြီး ရိက္ခာထောက်ပံ့မှုကို ကန့်သတ်ထားတဲ့နေရာ ဖြစ်တယ်လို့ ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) ဥက္ကဋ္ဌ သိက္ခာတော်ရ Rev. ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

ဒါကြောင့် ဆွတ်လန်စခန်းဟာ (KMSS) ကရုဏာအဖွဲ့က ပေးတဲ့ ရိက္ခာကိုပဲ မှီခိုနေကြရတာပါ။

“အခက်အခဲတွေကတော့ လမ်းခရီး အစားအသောက်တွေယူသွားဖို့ ခက်ခဲတဲ့အတားအဆီးတွေရှိတယ်။ ဆိုတော့ အဲဒီနေရာက KIAထိန်းချုပ်နေရာဆိုတော့ ဆဒုံဘက်ကနေ တရားဝင်ယူသွားဖို့ တော်တော်ခက်တဲ့ နေရာဖြစ်တယ်။ ဆိုတော့ ယခင်က ထောက်ပံ့နေတာက တရုတ်နယ်စပ်ဘက်ကနေ ထောက်ပံ့နေတာပေါ့ အခုကတော့ အဲဒီဘက်မှာ လမ်းပိတ်သွားတယ်ဆိုတော့ ဒီဘက်ကနေပဲ ခက်ခက်ခဲခဲ သယ်ယူပို့ဆောင် ပေးနေရတာပေါ့။ စစ်တပ်က လုံခြုံရေးအရ တားမြစ်ထားတဲ့ နေရာဖြစ်တယ်ဆိုတော့ သွားဖို့လာဖို့ လူတော့သွားလို့ရတာပေါ့။ ဒါပေမဲ့ ရိက္ခာတွေသယ်ဖို့ ကိစ္စတွေတော့ တော်တော်ကို ခက်ခက်ခဲခဲရှိတဲ့ နေရာဖြစ်တယ်။ ဆိုတော့ လွယ်တော့မလွယ်ဘူး”

စားနပ်ရိက္ခာထောက်ပံ့ရေးကို ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတာရှိသလို ကူညီထောက်ပံ့တာတွေကို ခွင့်မပြုပေးတာတွေ မရှိဘူးလို့ပြောပါတယ်။

ကချင်ပြည်နယ် အစိုးရနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တို့ပူးပေါင်းပြီးတော့ ဒုက္ခသည်တွေ နေရာပြန်လည်ချထားရေး ဆောင်ရွက်နေပေမယ့် အများစုကတော့ ဒုက္ခသည်စခန်းတွေမှာ ဒီကနေ့ထက်ထိ ဆက်လက်မှီခိုနေရဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ UNOCHA က ၂ဝ၂ဝ ဇန်နဝါရီလ ၃၁ ရက်အထိ ထုတ်ပြန်ထားတဲ့ စာရင်းအရ ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတဲ့ စစ်ဘေး ဒုက္ခသည် ၉ သောင်း ၇ ထောင်ကျော်ရှိပြီး ကချင်ပြည်နယ် တစ်ခုလုံးမှာ ဒုက္ခသည်စခန်း ၁၃၈ ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ တရုတ်မြန်မာနယ်စပ်က KIA ထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ဒေသတွေက စခန်းတွေမှာ ဒုက္ခသည် သုံးသောင်းလေးရာ့ငါးဆယ်ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။