မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ထိန်းချုပ်ဖို့ AA ကြိုးပမ်းနေ
2024.05.08

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အတွက် အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA) က မေလ ပထမပတ်အတွင်းက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နှစ်နိုင်ငံနယ်စပ်အနီးက ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း မောင်တောဒေသကို လက်မလွှတ်ရေး နှစ်နိုင်ငံနယ်စပ် နတ်မြစ်ကနေတစ်ဆင့် အင်အားတွေ ထပ်ဖြည့်ပြီး အပြင်းအထန်ခုခံနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောမြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။
“နခခ (၅) ကို အင်အားတွေအများကြီး တိုးချထားတယ်။ တော်တော်လေးများတယ်လို့ပြောရမယ်။ စစ်တွေကနေ ကမ်းထိုးနဲ့လာပြီးတော့ ကညင်ချောင်းစီးပွားရေးဇုန်ကတက်တယ်။ တစ်စီးမှာ နှစ်ဆယ်ပဲထားဦး၊ ဆယ်စီးဆိုရင် နှစ်ရာလောက်ဖြစ်နေပြီ။ နှစ်ဆယ်ဆိုရင် လေးရာလောက်ဖြစ်နေပြီ”
မေလ ၇ ရက် မနေ့က ဘူးသီးတောင် - မောင်တော ကားလမ်းပေါ်မှာရှိတဲ့ မောင်တောမြို့အဝင် လေးမိုင်ရွာနားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သလို ဒီနေ့မှာလည်း ကညင်ချောင်းနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းနားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က လေကြောင်းသုံးပြီး ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကညင်ချောင်းနယ်စပ်ဆိပ်ကမ်းဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အကြီးဆုံး ကုန်သွယ်ရေးစခန်း တစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ မောင်တောဒေသက ကုန်းလမ်းတွေအားလုံးကို ရက္ခိုင့်တပ်တော် (AA) က ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် စစ်ကောင်စီတပ်က သူတို့ရဲ့ စစ်ကူတွေဖြည့်ဖို့ ပင်လယ်ရေကြောင်းနဲ့ နတ်မြစ်ကနေတစ်ဆင့် အဲဒီ ကုန်သွယ်ရေးဆိပ်ကမ်းကို အဓိကအသုံးပြုနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်၊ မောင်တောဒေသမှာ အခြေစိုက်ထားတဲ့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် လက်အောက်မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်၊ ခြေလျင်တပ်နဲ့ အမြောက်တပ် စတဲ့ တပ်ရင်း ၁၂ ရင်းရှိပြီး အဲဒီအထဲက အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အပြင် တပ်ရင်းလေးရင်းကို အပြီးသိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်မှာရှိတဲ့ တာဝါတိုင်စခန်းကုန်း၊ ခြောက်မိုင်စခန်းကုန်းနဲ့ ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်နဲ့ လှဖိုးခေါင် အမှတ်(၁) နယ်ခြားစောင့်တပ်စခန်းတွေကိုလည်း သိမ်းပိုက်ထားပြီး နောက်ထပ်ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်တွေအားလုံးကိုလည်း တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်က စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်းကြီး၊ စခန်းငယ်တွေကိုလည်း ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီဘက်က မောင်တောမြို့နဲ့ အနီးဝန်းကျင်မှာ မြို့သူကြီး အမှတ် (၅) နယ်ခြားစောင့်တပ်၊ မောရဝတီဗျူဟာနဲ့ အလယ်သံကျော် နယ်ခြားစောင့်တပ်တွေလောက်သာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) က အခုလို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထိန်းချုပ်ဖို့ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် မောင်တောဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။
“မောင်တောခရိုင်ကို အသည်းအသန်တိုက်နေခြင်းကနေပြီးတော့ ရခိုင်ပြည်သူလူထုလိုအပ်နေတဲ့ စားဝတ်နေရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အဲဒါတွေ အဆင်ပြေဖိုအတွက်နေပြီးတော့ အသည်းအသန် တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်”
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တစ်ကျော့ပြန် တိုက်ပွဲစတင်ခဲ့ပြီးနောက် ဒေသတွင်း ကုန်းလမ်း၊ ရေလမ်းတွေကိုသာမက မြန်မာပြည်မဘက်နဲ့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေကိုပါ စစ်ကောင်စီက ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျွန်တော်တို့က အဲဒီဘက်က (မြန်မာပြည်မဘက်က) ကုန်ပစ္စည်းတွေ မရနိုင်ရင် ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပို့နိုင်အောင် ကျွန်တော်တို့ ကြိုးစားမှရမယ်"
လက်ရှိမှာ ရခိုင်ပြည်နယ်ရဲ့ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့အခြေအနေကို ဖြေရှင်းဖို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်ဖို့က အဖြေတစ်ခုပဲလို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့က အဲဒီဘက်က (မြန်မာပြည်မဘက်က) ကုန်ပစ္စည်းတွေ မရနိုင်ရင် ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပို့နိုင်အောင် ကျွန်တော်တို့ ကြိုးစားမှရမယ်။ ဒါကြောင့် ကျွန်တော်တို့က လက်ရှိအချိန်မှာ ဘူးသီးတောင်၊ မောင်တော နိုင်ငံရေးအရရော၊ စစ်ရေးအရရော ထိန်းချုပ်နိုင်အောင် ကြိုးစားနေတာလို့ ကျွန်တော်ထင်တယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ခဲ့ပေမယ့် လတ်တလောမဖြေကြားနိုင်သေးဘူးလို့ ပြောပါတယ်။
ဘူးသီးတောင်၊ မောင်တောဒေသက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
လက်ရှိမှာ မောင်တောမြို့အနီး တိုက်ပွဲပြင်းထန်နေတာကြောင့် မြို့အနီးဝန်းကျင်မှာရှိတဲ့ သုံးမိုင်၊ လေးမိုင်၊ ဝေသာလီ၊ ရွာသာယာ၊ သာယာကုန်း၊ မကျည်းကုန်း၊ ငွေတောင်၊ ရွှေတောင်စတဲ့ ကျေးရွာတွေက လူပေါင်း ထောင်နဲ့ချီ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) က ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို ပြီးခဲ့တဲ့ ဇန်နဝါရီလက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်ဒေသအချို့ကိုပါ စိုးမိုးထားပါတယ်။ အခု ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောဒေသကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လာနိုင်မယ်ဆိုရင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ထိစပ်နေတဲ့ နယ်မြေတွေအားလုံးကို စိုးမိုးထိန်းချုပ်လာနိုင်မယ်လို့လည်း ရခိုင်ဒေသခံတွေက ပြောပါတယ်။