စစ်ဘက်နဲ့ မဆိုင်သူအားလုံး ပြန်လွှတ်လိုက်ပြီလို့ AA ကြေညာ

နေရိန်ကျော်
2019.11.06
rakhine-aa-622.jpg ရက္ခိုင့်တပ်တော်(AA)က ၂၀၁၉၊ နိုဝင်ဘာ ၅ ရက်နေ့က ပြန်လွှတ်ပေးလိုက်တဲ့ ရွှေနဒီအမြန်ရေယာဉ်ပေါ်က လူ ၂၅ ဦး။
Photo: MP Tun Aung Thein

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလအတွင်း ဖမ်းမိတဲ့သူတွေ၊ မသင်္ကာလို့ စစ်ဆေးနေသူတွေထဲက  ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကလွဲလို့ စစ်ဘက်နဲ့မသက်ဆိုင်သူတွေ အားလုံးကို လေးသုတ်ခွဲပြီး မနေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA အဖွဲ့က မနေ့ညက ထုတ်ပြန်ကြေညာပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က မြောက်ဦးမြို့နယ် ထမရဇ်ရွာနားမှာ ဖမ်းလိုက်တဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ယောက်ကို နိုဝင်ဘာလ ၆ ရက် မနေ့နေ့လယ်က လက္ကာရွာအနားမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီ ပြန်ပြီးလွှဲပြောင်းပေးလိုက်တယ်လို့ AA အဖွဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကိုပြောပါတယ်။

သူတို့ကိုလက်ခံရရှိထားပြီး အဲဒီဒေသတွေမှာ ညမထွက်ရအမိန့်ရှိနေလို့ မနေ့ညက အချိန်မမှီတော့တဲ့အတွက် ဒီနေ့မှမြောက်ဦးကို ပို့ပေးမယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတယောက်က RFA ကိုအတည်ပြုပြောပါတယ်။

ပြန်လွတ်လာသူတွေနဲ့ ဆက်သွယ်ဖို့ RFA ကကြိုးစားပေမယ့် သူတို့ကို လုံခြုံတဲ့နေရာမှာ ထားထားပြီး လတ်တလောပြောဆိုလို့မရသေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးကဆိုပါတယ်။

ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းကတော့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ မီးသတ်ဝန်ထမ်းတွေ သူတို့လက်ထဲ ရောက်မလာသေးတဲ့အတွက် မီးသတ်ဌာနအနေနဲ့ ဒီသတင်းကို အတည်မပြုသေးဘူးလို့ RFA ကိုပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့မနေ့ညက ထုတ်ပြန်ချက်မှာ ပြန်လွှတ်ပေးလိုက်တဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ယောက်ရဲ့ စာရင်းကို နာမည်တွေ ကိုယ်ပိုင်နံပါတ်တွေ မိဘနာမည်တွေ လိပ်စာတွေနဲ့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အရင်က သိထားတဲ့စာရင်းအရ AA အဖွဲ့က ဖမ်းခေါ်သွားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ယောက်ဖြစ်ပြီး၊ အခုပြန်လွှတ်ပေးလိုက်တာ ၁၈ ယောက်ဖြစ်တဲ့အတွက် အရင်စာရင်းထဲမှာပါတဲ့ ဒုတိယ မီးသတ်ဦးစီးမှူး ဦးမြင့်ဇော်ဆိုတဲ့သူ အခုလွတ်တဲ့စာရင်းထဲ ပါလာတာ မတွေ့ရသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ RFA က ဆက်ပြီးစုံစမ်းနေပါတယ်။

မန္တလေးတိုင်း ဇီးပင်ကြီးသင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါလာတဲ့ ခရီးသည်တင်ကားကို အောက်တိုဘာလ ၁၁ ရက်နေ့က မြောက်ဦးမြို့နယ် ထမရဇ်ရွာအနီးမှာ AA တပ်ဖွဲ့ကတားဆီးပြီး ခေါ်ဆောင်သွားတာဖြစ်တဲ့အတွက် ၂၆ ရက်အကြာမှာ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ ၁၁ လကြာ တိုက်ပွဲကာလအတွင်း မြန်မာ့တပ်မတော်ဘက်ကလဲ သူတို့မသင်္ကာလို့ဆိုပြီး ဖမ်းဆီးစစ်ဆေးတာ၊ တရားစွဲထောင်ချတာ၊ ပြန်လွှတ်ပေးတာတွေရှိခဲ့သလို၊ ရက္ခိုင့်တပ်တော် AA ဘက် ကလည်း စစ်ဘက်၊ ရဲဘက်နဲ့ ဆိုင်တယ်လို့ မသင်္ကာတဲ့သူတွေကို ဖမ်းဆီးစစ်ဆေးထိန်းသိမ်းတာ၊ ပြန်လွှတ်ပေးတာတွေရှိပါတယ်။

အခုဆိုရင် ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်တာ လေးကြိမ်ရှိပြီလို့ဆိုပါတယ်။ ပထမအကြိမ်က ဆုထူးစံ ကုမ္ပဏီနဲ့ နန်းမှန်သစ္စာကုမ္ပဏီက ဝန်ထမ်း ၉ ဦး၊ ဒုတိယအကြိမ်က ရွှေရည်သစ်အမြန်ကားပေါ်ကနေ စစ်ဆေးဖို့ ခေါ်ထားလိုက်တဲ့သူတွေထဲက ၁၂ ဦး၊ တတိယအကြိမ်က ရွှေနဒီသင်္ဘောပေါ်က ဖမ်းဆီးခေါ်ဆောင်ထားတဲ့သူထဲက အရပ်သား ၂၅ ဦးကို ပြန်လွှတ်ခဲ့တယ်လို့ AA အဖွဲ့ကပြောပါတယ်။ အဲဒီလိုစစ်ဆေးဖို့ခေါ်ထားတဲ့ကာလမှာလဲ နိုင်ငံတကာသုံ့ပန်းဥပဒေ၊ ရက္ခိုင့်တပ်တော်ရဲ့သုံ့ပန်း စည်းမျဉ်းစည်းကမ်းတွေအတိုင်း ထားခဲ့တယ်လို့ ကြေညာပါတယ်။

ဖမ်းထားသူတွေ၊ ပြန်လွှတ်တဲ့သူတွေနဲ့ ပတ်သက်လို့ အစိုးရဘက်ကပြောတဲ့အချက်နဲ့ AA အဖွဲ့ဘက်က ထုတ်ပြန်တဲ့ဦးရေ ကွဲလွဲချက်ရှိနေတာက ဒီလိုပါ။ ရွှေနဒီသင်္ဘောပေါ်ကနေ AA ကဖမ်းသွားတဲ့သူ ၅၈ ယောက်ရှိတယ်လို့ အစိုးရဘက်က ပြောထားတဲ့အတွက် ပြန်လွတ်လာတဲ့သူ ဦးရေနဲ့ တွက်ကြည့်တဲ့အခါ အခုလိုတွေ့ရပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီသင်္ဘောမှာပါသွားတဲ့ အရပ်သားတွေနဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို တပ်မတော်က ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ခတ်ကယ်တင်ပြီးတဲ့နောက်မှာ ၁၄ ယောက်ကို ကယ်နိုင်ပြီး မရှေးမနှောင်းမှာပဲ နောက်ထပ် ၁ ယောက်ကိုထပ်တွေ့တယ်လို့ပြောတဲ့အတွက် ၁၅ ယောက်ဖြစ်ပါတယ်။ အဲဒီနောက် AA ကအရပ်သားစစ်စစ် ၂၅ ယောက်လွှတ်ပေးတယ်လို့ဆိုတဲ့အတွက် ပြန်လွတ်တဲ့သူ စုစုပေါင်းအယောက် ၄၀ ဖြစ်လို့ အစိုးရကပြောထားတဲ့ ၅၈ ယောက်နဲ့တွက်ရင် ၁၈ ယောက်လိုနေပါတယ်။

တပ်မတော်က ရဟတ်ယာဉ်နဲ့ ကယ်တဲ့အချိန်က ပစ်ခတ်တဲ့အတွက် ဖမ်းထားတဲ့သူတွေထဲကရော  AA တပ်ဖွဲ့ဝင်တချို့ပါ သေဆုံးသွားတယ်လို့ AA ဘက်က ထုတ်ပြန်ထားတာရှိပါတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက်သေဆုံးလဲဆိုတာက တပ်မတော်ဘက်ကရော AA ဘက်ကပါ အတည်မပြုနိုင်သေးပါဘူး။ တပ်မတော်ဘက်က သူတို့ကယ်တဲ့အခါမှာ အသက်မသေဘဲ ၁၄ ယောက်ရခဲ့တယ်လို့သာ ပြောပြီး သေဆုံးသူဘယ်နှစ်ယောက် ရှာဖွေတွေ့ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်းထုတ်ပြောတာ မရှိသေးပါဘူး။ ဒါကြောင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တချို့ AA အဖွဲ့ဆီမှာရှိနေဦးမလား၊ တပ်မတော်က ရဟတ်ယာဉ်နဲ့ကယ်တဲ့အချိန်က ပစ်ခတ်တိုက်ခိုက်မှုတွေကြား သေဆုံးသွားပြီလားဆိုတာ ဆက်ပြီး စုံစမ်းရဦးမှာဖြစ်ပါတယ်။

တခြားတဖက်မှာလည်း တပ်မတော်က မသင်္ကာလို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းတာ၊ တရားစွဲထောင်ချတာတွေရှိပါတယ်။ ဒီဇင်ဘာလကနေ ဇွန်လဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉ဝ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး စစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့ သူက ၈ ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ ၃ ဦး ရှိတယ်လို့ တပ်မတော်က ဇွန်လက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ထားပေမယ့် အဲဒီနောက်ပိုင်း ဘယ်နှစ်ယောက်ကို မသင်္ကာလို့ ဖမ်းထားလဲဆိုတာမသိရသေးပါဘူး။ ဒီကြားထဲမှာ AA စစ်ဦးစီးချုပ်ရဲ့ ညီ ကိုအောင်မြတ်ကျော် အပါအဝင် သူတို့ရဲ့ ရခိုင်အသင်းစင်္ကာပူကလူ ၈ ဦး၊  AA စစ်ဦးစီးချုပ်ရဲ့ နှမနဲ့ ယောက်ဖတို့ကိုလည်း ဖမ်းထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲထားပါတယ်။ အဲဒီအပြင် ရခိုင်အသင်း စင်္ကာပူနဲ့ ဆက်စပ်ပြီး ၁၆၄ ယောက်ကိုလည်း ဝရမ်းပြေးအဖြစ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ ရွှေနဒီယာဉ်လိုင်းပိုင်ရှင် ဦးရွှေသိန်းနဲ့ ယာဉ်လုပ်သား ၇ ဦးကို သတင်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်လို့ တပ်မတော်ဘက်က အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ သူတို့ကို ဥပဒေနဲ့ ငြိစွန်းမှုမရှိရင် ပြန်လွှတ်ပေးသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကို အောက်တိုဘာလ ၂၉ ရက်နေ့က ပြောထားပါတယ်။ ဒါပေမယ့် သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ နယ်ခြားစောင့်တပ်က အမှုဖွင့်စစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရဲမှူးကြီး ကြည်လင်းက RFA ကို နိုဝင်ဘာလ ၃ ရက်နေ့က အတည်ပြုပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်မြောက်ပိုင်း ကျောက်တန်းရွာက အသက် ၅၆ နှစ်အရွယ် ဦးစောမောင်သိန်းနဲ့ အသက် ၄၉ နှစ်အရွယ် ဦးထွန်းဝေတို့ဟာ တပ်မတော် စစ်ကြောင်းတစ်ခုရဲ့ ဖမ်းဆီး စစ်ဆေးမှုကိုကြုံရပြီး ဦးခေါင်းနဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ထွက်ပြေးလာကြတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ တပ်မတော်က ဒီလိုညှဉ်းပန်းနှိပ်စက်တယ်ဆိုတာ မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

တနှစ်နီးပါးရှိနေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရတဲ့ စစ်ပြေး ဒုက္ခသည် ၇ သောင်း နီးပါးရှိနေပြီး သေဆုံးတဲ့အရပ်သား ၉၀ နီးပါးနဲ့ ဒဏ်ရာရတဲ့အရပ်သား ၁၃၀ ကျော်ရှိတယ်လို့ ရခိုင်ပြည်နယ် အခြေစိုက်အရပ်ဖက်အဖွဲ့တွေက ပြောထားပါတယ်။

RFA က တင်ပြခဲ့တဲ့သတင်းတွေအရ အခုနှစ်အတွင်း တပ်မတော်က သံသယနဲ့ ထိန်းသိမ်းစစ်ဆေးတဲ့ ကာလအတွင်းမှာ သေဆုံးသူဟာ အနည်းဆုံး ၁၅ ဦးထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။