ရခိုင်မှာ စစ်ရေးတင်းမာနေ

2022.05.18
ရခိုင်မှာ စစ်ရေးတင်းမာနေ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ်နှင့် တပ်ဖွဲ့ဝင်များကို ၂၀၁၈ ခုနှစ်မှာ တွေ့ရစဥ်
Photo: RFA

နားလည်မှုနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးအခြေအနေတွေ တင်းမာနေပြီး အချိန်မရွေး နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မကြာသေးခင်က ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ထင်လတ်ဦးကို တွစ်တာလူမှုကွန်ရက်ကနေ သတိပေးစာ ရေးပြီး နောက်ပိုင်း ရသေ့တောင်၊ မင်းပြား စတဲ့ မြို့နယ်တွေနဲ့ တခြားဒေသအချို့မှာ စစ်ရေးတင်းမာမှုတွေ ရှိလာနေတာပါ။

အရင်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရသေ့တောင်မြို့နယ်မှာ အခုရက်ပိုင်းတွေအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ စစ်အင်အားအလုံးအရင်းနဲ့ နေရာယူ လှုပ်ရှားနေတာ တွေ့ရတယ်လို့ ရသေ့တောင်မြို့ခံ ကိုကျော်မင်းခိုင်က ပြောပါတယ်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကျနော်တို့ ရသေ့တောင်မြို့နယ်ထဲမှာ အင်အားအလုံးအရင်းနဲ့ လုံခြုံရေး တွေချထားတာကို တွေ့တယ်။ ဟိုတုန်းက ဖြတ်သွား ဖြတ်လာမလုပ်တဲ့နေရာတွေ မြို့တွင်းအထိတောင် နေရာယူထားတာကိုတွေ့တယ်။ နှစ်ဖက်စလုံးက စစ်အင်အား အလုံးအရင်းနဲ့ တပ်လှန့်ထားတဲ့ပုံစံမျိုး တိုက်ပွဲဖော်ဖို့ အတွက်ကို အဆင်သင့်ပြင်ထားတာ တွေ့လာရတယ်။ အခုက နှစ်ဖက်စလုံးက အင်အားအလုံးအရင်းနဲ့ မြို့ထဲမှာရော၊ မြို့ပြင်မှာရော လှုပ်ရှားတာ တွေ့နေရတယ်။ အဲဒီတော့ တိုက်ပွဲတွေ ဖြစ်လာမလားဆိုပြီး စိတ်ပူနေကြတယ်”

ရသေ့တောင်မြို့နယ် ရေစိုးချောင်း၊ ထီးစွဲ၊ အောင်သာစည် စတဲ့ ကျေးရွာအနီးအနားတွေမှာ ဆိုရင် စစ်ကောင်စီ တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ဖက်နဲ့ တစ်ဖက် နီးနီးကပ်ကပ် နေရာယူဆိုင်ထားကြတယ်လို့လည်း ဆိုပါတယ်။

မင်းပြားမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးတင်းမာ မှုတွေရှိလာနေပြီး တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်ပူပန်နေကြတယ်လို့ မင်းပြားဒေသခံ ကိုအမ်းသားကြီးက ပြောပါတယ်။

“လွန်ခဲ့တဲ့ ငါးရက်လောက်က မင်းပြားမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်လောက်တဲ့ အခြေအနေမျိုးတွေရှိတယ်။ တခြားဒေသတွေမှာလည်း ဒီလိုတင်းမာမှုတွေရှိနေ တယ်ဆိုတော့ ကျနော်တို့ဒေသခံတွေကတော့ စိုးရိမ်နေကြတယ်။ တိုက်ပွဲဖြစ်လာ နိုင်တယ်။ ဒီတစ်ခါတိုက်ပွဲဖြစ်လို့ရှိရင်တော့ အရင်ကထက်ကြီးလာနိုင်တယ်။ တိုက်ပွဲ ဖြစ်လာရင်တော့ ဘယ်လိုနေမလဲ၊ ဘယ်လိုအခက်အခဲတွေဖြစ်မလဲဆိုတာ ဒေသခံတွေ ကတော့ စိုးရိမ်ပူပန်နေကြတယ်”

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ စစ်အင်အားတွေ နေရာအနှံ့ တိုးချဲ့နေပြီး ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးနဲ့ တခြားလုပ်ငန်းတွေကို ဖျက်ဆီးဖို့ ကြိုးစားတာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေ တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပြီး တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင် တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကြဖို့ကိုလည်း အေအေက ပြောထားပါတယ်။

"တိုက်ပွဲဖော်ဖို့အတွက်ကို အဆင်သင့်ပြင်ထားတာ တွေ့လာရတယ်"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ လုံခြုံရေးအရ ဆောင်ရွက်နေတာလို့ တုံ့ပြန်ပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ လုံခြုံရေးအရ ဆောင်ရွက်သင့်တာများကို ဆောင်ရွက်ရမှာ ဖြစ်တယ်။ ကျနော်တို့ အခုနောက်ပိုင်းတွေ့ရတာကတော့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဖြစ်လာနိုင်တာတို့၊ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးဖြစ်နေပြီတို့ အေအေ အဖွဲ့ကပဲ ဖြစ်ပေါ်လာတာကို အများဆုံးတွေ့ရမှာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ မေးလိုတဲ့မေးခွန်းကတော့ သူတို့အနေနဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာဟာ ဘယ်လို သဘောထားမျိုးနဲ့ ထုတ်ပြန်တာလဲဆိုတာ ကျနော်တို့ စဉ်းစားရမှာဖြစ်တယ်။ သူတို့က တိုက်ပွဲတွေဖြစ်ချင်လို့ ထုတ်ပြန်နေတာလားဆိုတာမျိုးကိုပဲ ကျနော်တို့ စဉ်းစားရမှာ ဖြစ်တယ်”

အခုလက်ရှိမှာ စစ်ကောင်စီတပ်ဟာ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့ မြို့နယ် တွေက ရခိုင်ကျေးရွာတွေနဲ့ မွတ်စလင်ကျေးရွာတွေမှာ အေအေရဲ့ လှုပ်ရှားမှုတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး အေအေကို မထောက်ခံကြဖို့နဲ့ အေအေရဲ့ လုပ်ဆောင်မှုတွေကို သတိပေးတိုင်ကြားဖို့ ပြောဆိုနေ တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် ဆားပြင်းကျေးရွာက ရွာသား အချို့ကို အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက လိုက်လံရှာဖွေ ခဲ့သလို မေလ ၁၅ ရက်နေ့ကလည်း တောင်ကုတ်ခရိုင် တင်းလွဲရွာမမြို့နဲ့ အနီးအနား ကျေးရွာတွေကို စစ်ကောင်စီတပ်သား ၆၀ လောက်က ဝင်ရောက်စစ်ဆေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဥ် (Photo: CJ)
ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဥ် (Photo: CJ)

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ခိုင်သုခကတော့ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုအခြေ အနေပေါ် မူတည်ပြီး လိုအပ်သလိုဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“စစ်ရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ် မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုအခြေ အနေကို မူတည်ပြီးတော့ ကျနော်တို့ကတော့ လိုအပ်ရင် လိုအပ်သလို ဆက်လက်ပြီး တော့ ဆောင်ရွက်သွားမှာဖြစ်တယ်”

စစ်ကောင်စီတပ်က အခုလို ဆက်လုပ်နေမယ်ဆိုရင် မကြာခင်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တယ်လို့ မြေပုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားဟောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။

“တကယ်လို့ မြန်မာစစ်တပ်ဘက်က ဒီလိုသာ လူတွေကိုဖမ်းဆီးမယ်၊ တရားစီရင်ရေး တွေကို နှောင့်ယှက်နေမယ်၊ တစ်နည်းနည်းပေါ့နော် အရင်ကလည်း လုပ်လာတယ်။ အခုလည်း ဒီလိုဆက်လုပ်နေမယ်ဆိုရင်တော့ မကြာဘူးထင်ပါတယ်၊ တိုက်ပွဲတစ်ခု တော့ ဖြစ်လာနိုင်တယ်လို့ ယူဆတယ်။ မြေပြင်အခြေအနေမှာလည်း တိုက်ပွဲဖြစ်လာနိုင် တယ်လို့မြင်တယ်။ မြေပြင်တပ်တွေအနေအထားရလည်းပဲ မြန်မာစစ်တပ်နဲ့ အေအေ ဟာ နီးနီးကပ်ကပ် တည်ရှိကြတယ်။ ဖြစ်လာပြီဆိုရင်တော့ တော်တော်ကို ပြင်းပြင်း ထန်ထန်ဖြစ်လာဖို့များတယ်”

အခုလက်ရှိ ရခိုင်မှာ တိုက်ပွဲတွေ ရပ်စဲနေတာဟာ နှစ်ဖက်နားလည်မှုနဲ့ ရပ်စဲနေတာဖြစ်ပြီး နားလည်မှုမရှိရင် တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် သေသေချာချာ ဆွေးနွေးအဖြေရှာဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေး မှုတွေ လုပ်မယ်လို့ လူမျိုးစုလက်နက်ကိုင်တွေကို ဖိတ်ခေါ်နေတဲ့အချိန်မှာပဲ ရခိုင်မှာ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာပါ။

စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကစလို့ ၂၀၂၀ နိုဝင်ဘာလအထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေရပ်စဲနေခဲ့တာ အချိန်တစ်နှစ်ကျော် အထိရှိနေပါပြီ။ တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ သောင်းနဲ့ ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာလည်း အိမ်မပြန်နိုင်ကြသေးပါဘူး။

စစ်ဘေးဒဏ်ကို အလူးအလဲခံထားရတဲ့ ရခိုင်ပြည်သူတွေကတော့ ထပ်ပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။