စစ်သုံ့ပန်းတစ်ဦးရဲ့ ရုပ်သံ AA ထုတ်ပြန်


2019.07.15
zinaung-622.jpg ရက္ခိုင့်တပ်တော်(AA)က အချိန် လေးလကျော်ကြာထိန်းသိမ်းထားတဲ့ နေပြည်တော် မြေတိုင်းဦးစီးဌာနက ဦးစီးအရာရှိ ဦးဇင်အောင် ကို တွေ့ရစဉ်
Photo: Arakan Army Video Capture

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြင်စိုကျေးရွာရဲ့တောင်ဘက် အစိုးရတပ်ဗျူဟာကုန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မတ်လ ၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး သုံ့ပန်း ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်(AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခက အဲဒီလူ ၁၁ ဦးထဲက ခုနှစ်ဦးဟာ အရပ်သားတွေ ဖြစ်တာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး စစ်ဘက်အင်ဂျင်နီယာဌာနက နောက်ထပ် လေးဦးကိုတော့ ဒီနေ့အထိ ဆက်လက်ထိန်းသိမ်း ထားဆဲ ဖြစ်တယ်လို့ပြောပါတယ်။

ဆက်လက်ဖမ်းဆီးခံထားရသူ လေးဦးထဲကတစ်ဦးဖြစ်တဲ့ နေပြည်တော် မြေတိုင်းဦးစီးဌာနက ဦးစီးအရာရှိ ဦးဇင်အောင်ရဲ့ ဗီဒီယိုဖိုင်တစ်ခုကို AA အဖွဲ့က မနေ့ကထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင်ထဲမှာ ဦးဇင်အောင်က ပြောဆိုထားတာက -

"အခုလို ရက္ခိုင့်တပ်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်အတွင်းမှာ ကျွန်တော်တို့ကို သူတို့မိသားစု တွေလို ကောင်းမွန်စွာဆက်ဆံပြီး နေရာချထားပေးပါတယ်။ တပ်တော်သားတွေ စားသလိုမျိုး ကျွန်တော်တို့ကို ကျွေးမွေး ပြီးတော့ တစ်ခါတစ်လေ နေမကောင်းတဲ့အခါကျလို့ရှိရင်လည်း နွေးနွေးထွေးထွေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေကို ပေးပါတယ်။ ကျွန်တော်တို့ဟာ ရက္ခိုင့်တပ်တော်မှာ အခုကျန်းမာလုံခြုံစွာရှိတဲ့အကြောင်းကို သက်ဆိုင်တဲ့ လူတွေထံကို အသိပေးပြောကြားလိုပါတယ်။ ကျွန်တော်တို့ဟာ စစ်သုံ့ပန်းတွေဖြစ်ပေမယ့်လည်း ရက္ခိုင့် တပ်တော်က ကျွန်တော်တို့ကို အလုပ်ကြမ်းခိုင်းစေခြင်း၊ နှိပ်စက်ညှဉ်းပမ်းမှုတွေ လုံးဝမရှိခဲ့ပါဘူး"

မိသားစုတွေအနေနဲ့ သူတို့ကို စိုးရိမ်စရာမလိုကြောင်း၊ ရက္ခိုင့်တပ်တော်က တစ်ချိန်မှာ သူတို့ကို လွတ်ငြိမ်းခွင့် ပေးမယ်လို့ ယုံကြည်မျှော်လင့်ကြောင်းလည်း ဦးဇင်အောင်က ပြောဆိုထားပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ RFA က ဦးဇင်အောင်ရဲ့ မိသားစုတွေနဲ့အဆက်အသွယ်ရဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတစ်ဦးရဲ့ ရုပ်သံကိုထုတ်ပြန်တာဟာ ဝါဒဖြန့်တဲ့သဘောလို့ ဝေဖန်မှုတစ်ချို့ ရှိနေတဲ့ အပေါ် RFA က ရက္ခိုင့်တပ်တော်(AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို မေးမြန်းရာမှာ အဲဒီလိုသဘောမျိုးမဟုတ်ဘဲ သူတို့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ် ဆိုတဲ့အကြောင်းကို မိသားစုဝင်တွေနဲ့ အများပြည်သူ သိစေချင်လို့ အခုလိုထုတ်ပြန်တာလို့ ပြောပါတယ်။

AA ကဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ် ဆိုတာကို ပြောချင်တာလို့လည်း AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ"ဗမာစစ်တပ်ဘက်ကသာ အဲလိုမျိုးဖမ်းမိသွားလို့ကတော့ သူတို့နေပြီးတော့ မသေမရှင် ညှဉ်းပန်း နှိပ်စက်တာ၊ အထူးသဖြင့် ဥပဒေမဲ့ သတ်ဖြတ်မှုတွေအများကြီးလုပ်ခဲ့တာ။ အရင်တုန်းက ရမ်းချောင်း တိုက်ပွဲတုန်းက ကျွန်တော်တို့လူတစ်ယောက်ကို ဖမ်းမိသွားပြီးတော့ သူတို့က ဗိုက်ကိုခွဲ အူတွေနှုတ် အဲလိုမျိုးတွေ လုပ်ထားတဲ့ဥစ္စာ ကျွန်တော်တို့မှာ ဓာတ်ပုံအထောက်အထားတွေနဲ့ တကွ အစုံရှိတယ်ဗျ။ အဲဒါမျိုးတွေပေါ့ ဗမာစစ်တပ်ဟာ လူသား မဆန်ဘူး။ သို့သော် ကျွန်တော်တို့ကနေပြီးတော့ အဲလိုမျိုး မလုပ်ပါဘူး။ ကျွန်တော်တို့က စစ်သုံ့ပန်းကို စစ်မြေပြင်မှာ ဖမ်းမိလို့ ရှိရင် ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ ပေါ့ဗျာနော် သူတို့ကို ကောင်း ကောင်းမွန်မွန်ပဲ လူသားဆန်ဆန် ထိန်းသိမ်းစောင့်ရှောက်ထားတာ ဖြစ်တယ်"

မနေ့က စစ်သုံ့ပန်းတစ်ဦးရဲ့ ဗီဒီယိုဖိုင်ထုတ်ပြန်ချက်အပါအဝင် AA အဖွဲ့ရဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA ကမေးမြန်းခဲ့ရာမှာ အခုလိုတုံ့ပြန်ပါတယ်။

ကျွန်တော်တို့ တပ်မတော်က ညှဉ်းပမ်းနှိပ်စက်တယ်ဆိုတာ ဘာတစ်ခုမှမရှိဘူး

"ဒီဟာတွေက သူတို့ဝါဒဖြန့်တာတွေပါ။ ကျွန်တော်တို့ တပ်မတော်က ညှဉ်းပမ်းနှိပ်စက်တယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ ဥပဒေလမ်းကြောင်းအရ လုပ်တာပဲရှိတယ်။ ဥပဒေလမ်းကြောင်းအတိုင်းပဲ ကျွန်တော်တို့က လုပ်တယ်။ ညှဉ်းပန်းနှိပ်စက်တာတို့ဘာတို့က ကျွန်တော်တို့မှာ ဘာမှ လုပ်တာမရှိဘူး"

ပလက်ဝမြို့နယ်အတွင်းက ခမောင်းဝနဲ့ ကင်းတလင်းကျေးရွာသားတွေအပြင် AA အဖွဲ့က ဖမ်းဆီးထားတဲ့ လူစုစုပေါင်းဟာ ခန့်မှန်း ၁၄၀ ဝန်းကျင်လောက်ရှိပြီး တရားဝင် ပြန်လွတ်လာတယ်ဆိုတာ မကြားမိသေးဘူးလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

AA အဖွဲ့ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ အများစွပ်စွဲသလို အဲဒီကျေးရွာသားတွေကို ဖမ်းဆီးထားတာမဟုတ်ဘဲ အသက်အန္တရာယ်မဖြစ်အောင် ကူညီစောင့်ရှောက်ထားတာလို့ပြောပါတယ်။

အရင်ကဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေကိုလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ကနေတစ်ဆင့် လွှဲပြောင်းပေးတာကြောင့် အခုထိန်းသိမ်းထားတဲ့လူတွေကိုလည်း အခြေအနေပေးတဲ့အခါ ပြန်လွှတ်ပေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ခမောင်းဝနဲ့ ကင်းတလင်းကျေးရွာသားတွေရဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ ဇွန်လ ၃ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ AA အဖွဲ့က ဗီဒီယိုမှတ်တမ်း နှစ်ခုထုတ်ပြန်ခဲ့ပြီး အဲဒီမှတ်တမ်းမှာ ရွာသားတွေဟာ အစိုးရတပ်ရဲ့ ခြိမ်းခြောက်မှု တွေကြောင့် ထွက်ပြေးလာခဲ့ကြရတာလို့ ပြောဆိုထားတာတွေ့ရပါတယ်။

AA အဖွဲ့က စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားသူ ဘယ်နှစ်ဦးရှိသလဲလို့ ခိုင်သုခကို RFA ကမေးမြန်းရာမှာ စစ်ရုံးချုပ်ကို မေးမြန်းရဦးမှာဖြစ်တဲ့အတွက် လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလအတွင်းမှ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက် ကနေ ဒီနေ့အထိ သေဆုံးသူ အရပ်သား ၇၀ ဝန်းကျင်ရှိပြီး ဒဏ်ရာရပြီး ဆေးရုံတက် ကုသခဲ့ရသူကတော့ ၁၀၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။