AA တပ်ဖွဲ့ဝင်တွေရဲ့ ဝတ်စားဆင်ယင်မှုကြောင့် သံသယနဲ့ ဖမ်းဆီးခံရသူ ပိုများလာ


2020.05.21

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ဒေသတချို့မှာ ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက တပ်မတော်ကို တိုက်ခိုက်တဲ့ အချိန်၊ ကျေးရွာတွေထဲ ဝင်ထွက်သွားလာချိန်တွေမှာ အရပ်ဝတ် ဝတ်ဆင်ထားပါတယ်။

ဒေသခံအများအပြားလည်း AA တပ်ဖွဲ့ဝင်ဆိုတဲ့  သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။ လက်ရှိအချိန်ထိ AA နဲ့ ဆက်စပ်တယ် ဆိုတဲ့ သံသယနဲ့ တပ်နဲ့အာဏာပိုင်တွေက တရားစွဲဆိုခံရသူပေါင်း ၅၀၀ ကျော်ရှိပါတယ်။ တပ်မတော်ဘက်က AA ဟာ အရပ်သားအသွင်ယူ တိုက်ခိုက်တာတွေရှိတယ်လို့ မကြာခဏ စွပ်စွဲပြောကြားနေသလို၊ AA ဘက်ကလည်း အစိုးရ တပ်မတော်အနေနဲ့လည်း အရပ်သားဝတ်နဲ့ လှုပ်ရှားတိုက်ခိုက်တာတွေ ရှိတယ်လို့လည်း ပြန်လည်စွပ်စွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီဒေသမှာရှိတဲ့ တပ်မတော် လေ့ကျင့်ရေးကျောင်းကို ရခိုင့်တပ်မတော် AA တပ်သားတွေ ဝင်သိမ်းတဲ့ ဗီဒီယိုဖိုင်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက ဖေ့စ်ဘွတ် စာမျက်နှာတွေ ပေါ်  ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီဗီဒီယိုဖိုင်မှာ AA တပ်သားတွေဟာ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။

ဒီတိုက်ပွဲမှာ တပ်က ရင်ဆိုင်ခဲ့ရတာကတော့ အရပ်ဝတ် ဝတ်ထားတဲ့ လက်နက်ကိုင်တွေဖြစ်တယ်လို့  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

"မင်းပြားမြို့နယ် ကမ်းနီဒေသမှာရှိတဲ့ တပ်မတော်လေ့ကျင့်ရေးကျောင်းကို ဝင်ပြီးတိုက်တုန်းကပါ။ ရွာသား ပုံစံ အနီးနားက ရွာက သူတို့အမာခံတွေ ဝင်တိုက်တာ။  အဲဒီမှာ သေဆုံးတဲ့သူတွေ လက်နက်နဲ့မိတဲ့သူတွေ အကုန်လုံးက အရပ်ဝတ်တွေနဲ့ ဒါကြောင့် ကျွန်တော်တို့က အရပ်ဝတ်နဲ့တိုက်တယ်လို့ ပြောတာဖြစ်ပါတယ်။"

တပ်မတော်ဘက်က မကြာခဏပြောလေ့ရှိတာကတော့ AA တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေနဲ့ ရောနှော နေထိုင်ပြီး အရပ်ဝတ်နဲ့ တိုက်ခိုက်တဲ့အတွက် အရပ်သားလား AA လားဆိုတာ ခွဲခြားသိနိုင်ဖို့ ခက်ခဲတယ် ဆိုတာပါပဲ။

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကတော့ သူတို့ တပ်ဖွဲ့ဝင်တွေဟာ အရပ်သားဟန်ဆောင်လေ့မရှိဘူးလို့ တုံ့ပြန်ပါတယ်။

"အရပ်သားနဲ့ စစ်သားက အတော်ကွာခြားတာဖြစ်တယ်။ စစ်သားဆိုတာ ယူနီဖောင်းမဝတ်လည်း တပ်ရင်း တပ်ဖွဲ့နဲ့ သွားလာတာဖြစ်တယ် ဘယ်စစ်သားမှ တစ်ယောက်ထဲမသွားဘူး။ အရပ်သား ဟန်ဆောင်သွားနေ တယ်ဆိုတာ မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်သတ်ဖို့ စွပ်စွဲချက်လုပ်နေတာဖြစ်တယ်။"

တပ်မတော်ဘက်က AA ဟာ အရပ်သားအသွင်ယူ တိုက်ခိုက်တာတွေရှိတယ်လို့ မကြာခဏစွပ်စွဲပြောကြား နေသလို၊ AA ဘက်ကလည်း အစိုးရ တပ်မတော်သားတွေအနေနဲ့လည်း အရပ်သားဝတ်နဲ့ လှုပ်ရှားတိုက်ခိုက်တာ တွေရှိတယ်လို့လည်း ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြောက်ကျားတိုက်ပွဲ ဆင်နွှဲလေ့ရှိတဲ့  AA တပ်ဖွဲ့အနေနဲ့ အခြေချ စစ်စခန်းဖွင့်ပြီး နေရာ အတည်တကျယူ တိုက်တာမျိုး မဟုတ်တာရယ်၊ နယ်မြေခံတွေကို အခြေခံတဲ့ တပ်သားတွေဖြစ်တဲ့အတွက် ယူနီဖောင်းအခက်အခဲ ရှိနေနိုင်တာရယ်ကြောင့် အရပ်ဝတ်နဲ့ စစ်တိုက်တာ ဖြစ်နိုင်တယ်လို့ စစ်ရေးသုံးသပ် သူတွေက ဆိုပါတယ်။

ဒါပေမဲ့ ဒီလို အရပ်သား တပ်သား ခွဲခြားရခက်ခဲစေတာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကတော့ သံသယနဲ့ ဖမ်းဆီးခံရတဲ့ အရပ်သားတွေ တနေ့တခြား ပိုများလာတာပဲဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

AA ဟာ ကျေးရွာတွေအတွင်း အရပ်သားတွေနဲ့ ရောနှောနေပြီးနေတာကြောင့် အရပ်သား စစ်သား  ခွဲခြားရခက်တာကြောင့် မှားယွင်း ဖမ်းဆီးမှုတွေ ဖြစ်သွားနိုင်တယ်လို့ အရပ်ဘက် သင်းအဖွဲ့ တစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

"အရပ်ဝတ်နဲ့တိုက်တာရယ် သူတို့က ရပ်ရွာလူထုနဲ့ အဆက်အသွယ်အသွားအလာရှိနေတာရယ် ဒီကိစ္စမှာ ရှင်းရှင်းလင်းလင်းရှိမနေဘူး။ အဲဒီအပေါ် တပ်မတော်ဘက်က အလွယ်တကူပဲ AA နဲ့ အရပ်သားကို တပေါင်းထဲထားလိုက်ပြီး ဖမ်းဆီးတာ ပိုလွယ်ကူသွားတယ်။ အဲလိုမျိုးတော့ ကျနော်သိထားပါတယ်"

ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသား အများအပြား အထိန်းသိမ်းခံခဲ့ရပြီး သူတို့ထဲက ခြောက်ဦးဟာ တစ်နှစ်ကျော်ကြာ အကျဉ်းချခံရပြီး ဒီလလယ်ပိုင်းမှာမှ သူတို့ ပြန်လွတ်လာတာပါ။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြား AA နဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးနှိပ်စက် ခံရတဲ့ အရပ်သားတွေ အများအပြားရှိနေပြီး ၂၀၁၉ ခုနှစ်အတွင်း တရားစွဲ အမှုဖွင့်ခံထားရသူပေါင်း ၅၀၀ ကျော် ရှိနေတယ်လို့ စစ်တွေမြို့အခြေစိုက် သဇင်အထောက်အကူပြု အဖွဲ့ စာရင်းတွေက ဖော်ပြထားပါတယ်။

သံသယရှိရင် ဖမ်းဆီးနိုင်တဲ့ ဥပဒေကြောင့် အမှန်တကယ် ပြည်သူတွေက နစ်နာရတယ်လို့ သဇင်အထောက် အကူပြုအဖွဲ့က ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။

"သံသယနဲ့ မသင်္ကာရင် ဖမ်းဆီးလို့ရတယ်လို့ ဥပဒေရှိနေတာကိုး။ တရားစွဲတဲ့အဆင့်ထိရောက်တာ သေချာ ခိုင်မာတဲ့အထောက်အထားရှိဖို့လိုပါတယ်။ အခု တရားရုံးတွေမှာ တော်တော်များများ လွှတ်သွားတာမျိုးတွေ လည်းရှိပါတယ်။ မသေချာမခိုင်မာဘဲ စွဲလို့ရပြီးရောဆိုရင် ပြည်သူတွေ တော်တော်နစ်နာပါတယ်။"

ပြည်သူ့စစ်ပွဲလို့ ကြေညာထားတဲ့ ပျောက်ကြားတိုက်ပွဲတွေဟာ အရပ်သားတွေနဲ့ ရောနှောနေထိုင်ပြီး အရပ်ဝတ်နဲ့ တိုက်ခိုက်ကြတာ ထုံးစံတစ်ခုပဲလို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။

ဒီလိုအခြေအနေမှာ အရပ်သားစစ်သားခွဲခြားနိုင်ဖို့ တပ်မတော်ဟာ ဒေသခံတွေရဲ့ထောက်ခံမှုကို လိုအပ်ပြီး ရွာရှိအကုန် သူပုန်လို့သတ်မှတ်လို့ မရဘူးလို့ နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုပါတယ်။

"ပြည်သူ့စစ်ပွဲလို့ ကြေညာပြီးတိုက်တဲ့ပွဲတွေ မြန်မာပြည်မှာလည်း ၄၅ ဦး မတ်လတော်လှန်ရေး၊ ဗီယက်နမ် တိုက်ပွဲတွေမှာ ပျောက်ကြားတပ်ဖွဲ့တွေဟာ အရပ်သားတွေနဲ့ ရောနှောနေတော့ အခုတပ်မတော်လို့ပေါ့  ရင်ဆိုင်တဲ့တပ်ဖွဲ့တွေက  အားလုံးကိုရောနှောပြီး ရန်သူလို့ သတ်မှတ်မလား မသတ်မှတ်ဘူးလားဆိုတာ တော်တော်ကြီး အရေးကြီးတဲ့ ပြဿနာဖြစ်ပါတယ်။ တကယ်စစ်မြေပြင်မှာ နယ်မြေခံလူထုရဲ့ ထောက်ခံမှုက  တော်တော်ကြီးအရေးကြီးပါတယ်။ ကူညီဖို့လိုအပ်ပါတယ်။ အဲဒါမျိုး မဟုတ်ဘဲ ရွာတစ်ရွာကို ဝင်သွားပြီး ရွာရှိအကုန် သူပုန်ပဲလို့ သတ်မှတ်လိုက်ရင် နောက်ဆက်တွဲ ရလဒ်တွေက ကောင်းမှာမဟုတ်ပါဘူး"

ကရင်အမျိုးသားအစည်းအရုံး KNU၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ရဲ့ တပ်တွေနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်း အရပ်ဝတ်နဲ့ တိုက်ခိုက်တာမျိုးတွေရှိခဲ့ပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရတဲ့ အရပ်သား အများအပြားရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

RFA  က ကောက်ယူရရှိတဲ့ အချက်အလက်တွေအရ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် ဒီနှစ် ဇန်နဝါရီလကနေ မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းအထိ အရပ်သားထိခိုက်သေဆုံးသူ ၁၄၈ ဦး ရှိနေပြီး ဒဏ်ရာရရှိသူ ၃၄၇  ဦး ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။