ရန်ကုန်မှာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဆန္ဒပြမှု အားကောင်းလာ

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2024.04.15
ရန်ကုန်မှာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဆန္ဒပြမှု အားကောင်းလာ ၂ဝ၂၄ ခုနှစ် မတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ပေါ် တစ်နေရာတွင် ပြုလုပ်ခဲ့သော စစ်မှုထမ်းဥပဒေ ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု။
Photo: All Burma Federation of Student Unions

ဖေဖော်ဝါရီ ၁ဝရက်နေ့မှာ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်နေတဲ့ကြားကပဲ စစ်ကောင်စီဟာ စစ်သင်တန်းအမှတ်စဉ် (၁) ကို ဧပြီလ ၈ ရက်နေ့မှာ နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ရန်ကုန်မှာ ခပ်စိပ်စိပ်ပေါ်ပေါက်လာပါတယ်။

ပြည်သူတွေကို စစ်ကျွန်ဖြစ်အောင် ကြိုးပမ်းနေတဲ့ စစ်ကောင်စီအမိန့်တွေကို မလိုက်နာဖို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးသပိတ်အင်အားစုတွေက ဆန္ဒပြလှုပ်ရှားနေပြီး စစ်မှုထမ်းဥပဒေကို အားလုံးဝိုင်းဝန်း ပါဝင်တိုက်ဖျက်ကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ကြတာပါ။

“အချိန်မရွေး အဖမ်းခံရနိုင်သလို အချိန်မရွေး အသက်သေဆုံးသွားနိုင်ပါတယ်။ ဘယ်လိုပဲ စိန်ခေါ်မှုတွေရှိရှိ ကျွန်တော်တို့က လုပ်စရာရှိတာတော့ လုပ်ရမှာပဲ"

စစ်ကောင်စီက ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ အသုံးပြုဖို့ ကြိုးပမ်းလာတာ ဖြစ်တဲ့အတွက် စစ်မှုထမ်းဥပဒေကို လူထုအားနဲ့ တိုက်ဖျက်နိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ သတင်းနှင့်ပြန်ကြားရေးကော်မတီ တာဝန်ရှိသူ မခင်နီက ပြောပါတယ်။

“အခုဆိုရင် စစ်ကောင်စီက စစ်မျက်နှာတွေ အများကြီးဖွင့်ထားရတာရှိတယ်။ စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်က အကျပ်ရိုက်လာတာရှိတယ်။ ဒီလိုအခြေအနေတွေမှာ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်တယ်ဆိုတာ လူငယ်တွေရဲ့အသက်ကို သူတို့လိုသလို အသုံးချမယ်။ သူတို့ကိုယ်စားအသေခံခိုင်းမယ်စဉ်းစားပြီးတော့ စစ်ပွဲတွေကြားထဲ အတင်းအဓမ္မထိုးထည့်ပြီးတော့ သူတို့အုပ်ချုပ်ရေးယန္တရားကို သေချာပြန်တည်ဆောက်ဖို့ ကြိုးစားနေကြတာပါပဲ"

လုံခြုံရေးတိုးမြှင့်ထားတဲ့ ရန်ကုန်မြို့မှာ အန္တရာယ်ရှိတဲ့ကြားကပဲ လူငယ်သပိတ်အဖွဲ့ဝင်တွေက လူစည်ကားတဲ့ နေရာတွေမှာ ဒီဥပဒေကို ဆန့်ကျင်တိုက်ဖျက်ကြဖို့ လှုပ်ရှားမှုတွေကို ဆက်တိုက်ဖော်ဆောင်နေတာပါ။

“စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ”ဆိုတဲ့ စတစ်ကာတွေကို ရန်ကုန်အခြေစိုက်လူငယ်အဖွဲ့တွေက ဘတ်စ်ကားတွေမှာ လိုက်ကပ်ရင်း စစ်မှုထမ်းဥပဒေကို ကန့်ကွက်ဆန္ဒပြကြပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေအပေါ် ဖိအားပေးနေတဲ့ စစ်အာဏာရှင်လက်အောက်ကို လူငယ်တွေ မရောက်အောင် အားလုံးမှာ တာဝန်ရှိတယ်လို့ သပိတ်လှုပ်ရှားမှုမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ Loki က ပြောပါတယ်။

“ဖက်ဆစ်စစ်တပ်က ပြဋ္ဌာန်းတဲ့ စစ်မှုထမ်းဥပဒေဆိုတာ ကျွန်ပြုမှုတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ စစ်ကျွန်ပြုတဲ့ကိစ္စတစ်ခုပေါ့နော်။ စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ ဆိုတာ ရန်ကုန်သားတွေကို အဓိကပြောချင်တာမဟုတ်ပါဘူး။ စစ်ကျွန်မခံနဲ့ဆိုတဲ့ Message ကို အဓိက ပေးချင်တာပါ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးက ဖက်ဆစ်စစ်တပ်ရဲ့ စစ်ကျွန်ဖြစ်မှုကို မခံဘဲ ငြင်းဆန်ဖို့ ဆန့်ကျင်တွန်းလှန်ကြဖို့ လိုပါတယ်။ အချိန်မရွေး အဖမ်းလည်းခံရနိုင်သလို အချိန်မရွေး အသက်လည်း သေဆုံးသွားနိုင်ပါတယ်။ ဘယ်လိုပဲ စိန်ခေါ်မှုတွေရှိရှိ ကျွန်တော်တို့က လုပ်စရာရှိတာတော့ လုပ်ရမှာပဲ။ စစ်ကျွန်ပြုမှုကို ငြင်းဆန်ဖို့အတွက် အခြေခံအကြောင်းအရာတွေထဲမှာ မိဘပြည်သူတွေအနေနဲ့လည်း လူငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်ပါတယ်"

၂ဝ၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ပေါ် တစ်နေရာတွင် ပြုလုပ်ခဲ့သော စစ်မှုထမ်းဥပဒေ ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု။ ( Photo: All Burma Federation of Student Unions)
၂ဝ၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ပေါ် တစ်နေရာတွင် ပြုလုပ်ခဲ့သော စစ်မှုထမ်းဥပဒေ ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု။ ( Photo: All Burma Federation of Student Unions)

လူ့အဖွဲ့အစည်း အားနည်းသွားအောင် ဖိနှိပ်တဲ့ ဒီဥပဒေကို ဆန့်ကျင်ကြဖို့ စစ်အာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ကိုနန်းလင်းက တိုက်တွန်းပါတယ်။

“မလုံခြုံမှုတွေ ဖြစ်လာနေတဲ့ အခြေအနေတွေ ပိုတိုးလာပြီး စစ်မှုမထမ်းလိုတဲ့ လူ့အဖွဲ့အစည်းနဲ့ ပြည်သူတွေကို အားနည်းသွားအောင် ဖိနှိပ်လို့ရအောင် သူတို့လုပ်တာဖြစ်တယ်။ လူ့အဖွဲ့အစည်းထဲကို စစ်ယန္တရားကို အတင်းဖိနှိပ်ဖို့ သွတ်သွင်းဖို့ ချက်ကြိုးဆက်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ပဲ ကျွန်တော်တို့ မြင်တယ်။ အဲဒီတော့ သူ့ရဲ့တပ်သားလိုအပ်ချက်ကလည်း တဖြည်းဖြည်း မြင့်သထက်မြင့်လာမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ စိန်ခေါ်မှုတွေ လုံခြုံမှုတွေကတော့ လုံခြုံရေးနဲ့ ပတ်သက်တဲ့စိန်ခေါ်မှုတွေကတော့ ဖိနှိပ်မှုတွေကတော့ ပိုပြီးတော့ ရှိလာမဲ့ အနေအထားဖြစ်ပါတယ်။ ဒီအနေအထားကိုတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေက ဒီ့ထက်ပိုပြီးတော့မှ ကျွန်တော်တို့ ဟန်ချက်ညီညီ တုံ့ပြန်ဖို့လိုနေတဲ့ အခြေအနေတော့ ရှိပါတယ်”

ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်ပြီးနောက်ပိုင်း စစ်မှုထမ်းဖို့ နာမည်စာရင်းသွင်းတာ၊ ဆင့်ခေါ်တာ စတဲ့ လုပ်ငန်းတွေ စတင်ချိန်မှာတော့ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီ နည်းလမ်းပေါင်းစုံနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ တချို့ကလည်း ပြည်ပကို ထွက်ချင်ပေမဲ့ ကျန်ခဲ့တဲ့ မိသားစုကို ဖမ်းဆီးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကြောင့် စစ်သင်တန်းတက်ရောက်နေရတဲ့ လူငယ်တွေလည်း ရှိနေတယ်လို့ လူငယ်အဖွဲ့တွေက ပြောပါတယ်။ ငွေကြေးတတ်နိုင်တဲ့ မိသားစုဝင်တွေကတော့ လူစားထိုးပြီး ငွေကြေးနဲ့ဖြေရှင်းနိုင်ပေမဲ့ အခြေခံလူတန်းစား အများစုကတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံနေရတယ်လို့ ရန်ကုန်အခြေစိုက် သပိတ်လှုပ်ရှားဆောင်ရွက်နေသူတွေက ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ လက်မှတ်တွေ စုဆောင်းပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့နိုင်ဖို့လည်း တော်လှန်ရေးအင်အားစုတွေက ကြိုးစားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။