မန္တလေးမှာ အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ဖို့ သတိပေးခံရ

RFA Burmese
2022.12.28
မန္တလေးမှာ အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ဖို့ သတိပေးခံရ မန္တလေးမြို့၊ ပြည်ကြီးတံခွန် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Ciitzen Journalist

မန္တလေးမြို့မှာရှိတဲ့ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေအားလုံး လာမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့ မြေအောက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Special Task Force – Mandalay (STF - MDY) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က သတိပေးစာတစ်စောင် ထုတ်ပြန်ထားပါတယ်။

ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေဟာ စစ်တပ်ကို သတင်းပေးပြီးတော့ လူဖမ်းခိုင်းတဲ့ နေရာမှာ အဓိကတာဝန်ရှိတာကြောင့် သူတို့ကို စစ်ကောင်စီရဲ့ ဒေါက်တိုင်ဆက်မလုပ်ဖို့ သတိပေးရတာလို့ STF – MDY အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်အနိစ္စက ပြောပါတယ်။

"နုတ်မထွက်ဘူးဆိုရင်တော့ ကျနော်တို့ အခုရထားတဲ့ စာရင်းအရရယ်၊ နေရာအတိအကျ ရထားတဲ့ ကောင်တွေကို အရင်လိုက်ရှင်းရမှာပေါ့။ အဲဒီကြားထဲမှာ ရှင်းနေရင်းတန်းလန်း မှာ သူတို့ ကြောက်နေလို့ ထွက်တယ်ဆိုရင်လည်း ထွက်ကြပေါ့။ မထွက်ဘူး၊ အသေပဲ ခံမယ်ဆိုရင်လည်း သဘောပေါ့။ ကျနော်တို့မှာ ရှိထားတဲ့စာရင်းအရ လိုက်ပြီးတော့ ရမယ့်ကောင်တွေအကုန်လုံးကို လိုက်ဖြုတ်ရမှာပေါ့"

နောက်ရည်ရွယ်ချက်ကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင် ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

"မထွက်ဘူး၊ အသေပဲ ခံမယ်ဆိုရင်လည်းသဘောပေါ့။ ကျနော်တို့မှာရှိထားတဲ့စာရင်းအရ လိုက်ပြီးတော့ ရမယ့်ကောင်တွေအကုန်လုံးကို လိုက်ဖြုတ်ရမှာပေါ့"

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် 'စ' ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်/ကျေး တာဝန်ရှိသူတွေဟာ အဲဒီထုတ်ပြန်ချက် ထွက်ပေါ်လာတဲ့နောက်ပိုင်း နုတ်ထွက်တာ မရှိသေးပေမယ့် ကြောက်ကြောက်လန့်လန့်နဲ့ အလုပ်လုပ်နေတာတွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ 'စ' ရပ်ကွက် မြို့ခံတစ်ဦးက ပြောပါတယ်။

"ကျနော် မနေ့က ရုံးရှေ့ကဖြတ်တော့ သူတို့ ရာအိမ်မှူးတွေဘာတွေက ရှေ့မှာ ဒီစလုံး (ရပ်ကွက်ရုံး) ကျနော်နဲ့ သက်ဆိုင်တဲ့ရုံးမှာတော့ သူတို့ တစ်ယောက်က ရှေ့မှာ စောင့်ကြည့်နေတယ်။ စောင့်ကြည့်နေပြီးမှ သူတို့ မသင်္ကာတာဘာညာပေါ့နော်။ သူတို့ရုံးရှေ့မှာ ဆိုင်းဘုတ်တစ်ခု ချိတ်ထားတယ်။ အဲဒါက ရုံးထဲကို တန်းဝင်လို့မရဘူး။ အဲဒီမှာရပ်၊ ရပ်ပြီးတော့မှ ဘာကိစ္စတုန်း၊ ဘာတုန်း အဲဒီလိုမေးပြီးမှ သူတို့က ဝင်ဆိုမှဝင်၊ ထွက်ဆိုမှထွက်၊ အဲဒါမျိုးပေါ့နော်။ သူတို့လည်း ကြောက်ကြောက်လန့်လန့်နဲ့တော့ လုပ်နေတာ မြင်ရတယ်။ တွေ့ရတယ်"

ပြီးခဲ့တဲ့ လကလည်း အဲဒီ 'စ' ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့အပစ်ခံရတဲ့အတွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ညဘက်တွေ ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို လုံခြုံရေးယူပေးတာမျိုးတွေရှိလာပြီး ညမိုးချုပ်ရင် ခြောက်လှန့်ပြီး သေနတ်ဖောက်တာတွေလည်း ရှိတယ်လို့ အဲဒီ မန္တလေးမြို့ခံက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ အုပ်ချုပ်ရေးမှူး လုပ်ချင်တဲ့သူ နည်းသွား ပေမယ့် လုပ်လက်စလူတွေကတော့ ဆက်ပြီးလုပ်ကိုင်နေတုန်းပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေး မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရပ်ကွက်တော်တော်များများကတော့ ပုံမှန်ပဲ။ ရပ်ကွက် ၁၀ ခုရှိရင်တော့ ရှစ်ခု၊ ကိုးခုလောက်ကတော့ ပုံမှန်အတိုင်းပဲ ဖြစ်နေတာပဲ။ တချို့ပေါ့နော်။ တန်ဖိုးနည်းတို့ ဘာတို့ဘက်တော့ နည်းနည်းလေး ဆိုးတာပေါ့နော်။ ကျန်တဲ့ ဒီဘက်မြို့ထဲပိုင်းကတော့ သိပ်အခြေအနေမဆိုးဘူး။ ဘာလို့ဆိုတော့ လုပ်မယ့်သူကလည်း ရှိမှမရှိတာကိုး။ မြို့ပေါ်မှာက အုပ်ချုပ်ရေးမှူးက လုပ်မယ့်သူမရှိတော့ လုပ်ချင်တဲ့သူကတော့ ဆက်ပြီးလုပ်နေတာပဲ။ အဲဒီတော့ ဒီအတိုင်းပဲ ပုံမှန်အတိုင်းပဲ သွားနေတာပဲ”

စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ရေးအတွက် ရပ်/ကျေး အုပ်ချုပ်ရေးကနေ အဆင့်ဆင့် တာဝန်ရှိသူတွေကို အတတ်နိုင်ဆုံး အကာအကွယ်ပေးသွားမယ်လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုဖူးပါတယ်။

soldier-mdy.jpg
စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား မန္တလေးနန်းတော် စစ်ဆေးရေးဂိတ်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: STR / AFP)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေတောင် လုံခြုံအောင်မနည်းနေရတဲ့အခြေအနေမျိုးမိုလို့ မန္တလေးက အုပ်ချုပ်ရေးမှူးတွေလည်း သတိနဲ့နေ၊ သတိနဲ့စား အခြေအနေမှာပဲ ရှိတယ်လို့ ပြောပါတယ်။

"အဲဒီမှာတွေကတော့ အခုလည်း မလုံမခြုံပါပဲ။ အဲဒီနေရာတွေကတော့ သတိနဲ့နေ၊ သတိနဲ့စား အဲဒီလိုပဲ ဖြစ်ကြတာလေ။ အားလုံးကိုတော့ ကာကွယ်မပေးနိုင်ဘူးလေ။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ကိုယ့်ကိုကိုယ်တောင်မှ မနည်းလုံခြုံအောင် နေရတာ ဆိုတော့ အဲဒါတော့ တော်တော်ကြာပါပြီ။ အဲဒီအခြေအနေဖြစ်နေတာ။ တချို့ကျတော့ လည်း မလုပ်ချင်ကြတဲ့သူတွေကတော့ နုတ်ထွက်ကြမှာပေါ့နော်။ တာဝန်ပေးလာရင် ငြင်းကြမှာပေါ့"

လက်ရှိ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို မကြိုက်ဘူးဆိုရင် PDF တွေကဘက်ခန့်မယ့် အုပ်ချုပ်ရေးမှူးတွေကိုရော စစ်တပ်ဘက်က လာတဲ့အခါ ကာကွယ်ပေးနိုင်မှာလားလို့ ဦးရဲထွန်းက မေးခွန်းထုတ်ပါတယ်။

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ အုပ်ချုပ်ရေးအဆင့်ဆင့်က တာဝန်ရှိသူတွေ ခြိမ်းခြောက်ခံနေရပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းအားကောင်းတဲ့ တိုင်းရင်းသားဒေသ တွေမှာတော့ အုပ်ချုပ်ရေးမှူးတွေဟာ နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင် နေထိုင် အလုပ်လုပ်ကြတာ တွေ့ရတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတာတွေ မြန်မာနိုင်ငံအနှံ့ရှိခဲ့ပေမယ့်၊ သတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး အရေအတွက်ကိုတော့ တိတိကျကျ တွက်ချက်ထားတာမျိုး မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။