ထိုင်းရောက် မြန်မာအလုပ်သမားတွေ ကြိုတင်မဲထည့်ခွင့်ရဖို့ မျှော်လင့်နေ

ဇာဏီထွဏ်း
2020.07.30

ထိုင်းနိုင်ငံတောင်ပိုင်းလို သံရုံးနဲ့ဝေးကွာတဲ့မြို့တွေက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ သံရုံးအထိသွားပြီး ကြိုတင်မဲပေးဖို့ ခက်ခဲတာကြောင့် မဲပေးချင်ပေမယ့် အများစုက စာရင်းသွင်းမထားကြဘူးလို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံရောက် မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့ဆိုရင် ဇူလိုင် ၁၆ ကနေ ဩဂုတ် ၅ ရက်နေ့အထိ   ဖြည့်စွက်စာရင်းသွင်းဖို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန် ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမြို့တချို့မှာ ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေက မဲပေးဖို့ စိတ်ဝင်စားပေမယ့် မြန်မာသံရုံးအခြေစိုက်ရာ ဘန်ကောက်မြို့နဲ့ အလှမ်းကွာဝေးပြီး သွားလာရ အချိန်ပေးရတာကြောင့် စာရင်း သွားမသွင်းနိုင်ကြဘူးလို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကာကွယ်ရေးအဖွဲ့ MMP က ကိုမျိုးချစ်က ပြောပါတယ်။

ပုံစံ ၁၅ ဆိုတာက ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် မဲဆန္ဒပြင်ပကို ရောက်နေတဲ့ မဲပေးခွင့်ရှိသူတွေ ထည့်သွင်း ရတဲ့ ပုံစံစာရွက်ပါ။ မဲပေးခွင့်ရှိသူတွေ မဲပေးခွင့် မဆုံးရှုံးရအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အဲဒီလျှောက်လွှာ ပုံစံမှာ လိုအပ်တဲ့ အချက်လက်တွေကို ဖြည့်စွက်ပြီး သက်ဆိုင်ရာသံရုံးကို တင်ပေးရမှာပါ။

ထိုင်းတောင်ပိုင်းကနေ ဘန်ကောက်မြို့ကို သွားမယ်ဆိုရင် တစ်ယောက်ကို မြန်မာငွေနဲ့တွက်ရင် ကျပ် တစ်သိန်း ဝန်းကျင်လောက် ကုန်ကျနိုင်ပြီး အနည်းဆုံး နှစ်ညအိပ် ခရီးသွားရမှာပါ။ နောက်ပြီး သံရုံးမှာ သွားရောက် အကူ အညီတောင်းသူများတာကြောင့် တစ်ရက်တည်းနဲ့ အလုပ်မပြီးလို့ ဘန်ကောက်မှာ ထပ်ပြီးကြာမယ်ဆိုရင်  ကုန်ကျ မယ့် တည်းခိုစရိတ်၊ စားစရိတ်တွေအတွက်ပါ ထည့်စဉ်းစားကြရတာပါ။ ကပ်ဘေးကာလ စီးပွားရေးလုပ်ငန်းတွေ ကမောက်ကမဖြစ်နေချိန်အတွင်း အလုပ်ပြုတ်တာ၊ ဝင်ငွေနည်းပါးပြီး စားဝတ်နေရေး ကျပ်တည်းတာတွေကြောင့် လည်း အဲဒီငွေပမာဏအကုန်ခံဖို့ အလုပ်သမားတွေအတွက် ခက်နေတာပါ။  အလုပ်ကနေ ခွင့်ရက်များများရဖို့ လည်း မလွယ်ကူကြပါဘူး။

တဖက်မှာလည်း ရွေးကောက်ပွဲမှာ မဲထည့်နိုင်ခွင့်ကို မဆုံးရှုံးလိုကြတဲ့ အလုပ်သမားတွေ ရှိနေပါတယ်။

အဲဒါကြောင့် မဲရုံတွေ စီစဉ်ပေးစေချင်တယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း ကရဘီမြို့မှာ ခရီးသွားလုပ်ငန်းလုပ်ကိုင် နေတဲ့ ကိုမြင့်ကျော်စွာဝင်းက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ခါမြို့မှာရှိတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးမင်းဦးက အလုပ် သမားတွေ မဲထည့်ခွင့်ရရေးအတွက် နယ်စပ်မြို့တွေမှာ မဲရုံတွေဖွင့်ပေးဖို့ သံအမတ်ကို တောင်းဆိုထားတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေထဲမှာ မဲတစ်ကြိမ်မှ မပေးခဲ့ဖူးသူတွေလည်းရှိပြီး မဲကို ဘယ်လိုပေးရတယ်၊ လွှတ်တော်သုံးရပ်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေအတွက် ရွေးချယ်ရမယ်ဆိုတာကိုလည်း မသိတဲ့သူတွေရှိကြတယ်လို့ အလုပ်သမားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ပုံစံ ၁၅ ကို မှန်မှန်ကန်ကန်ဖြည့်စွက်နိုင်ရေးအတွက်  အလုပ်သမားအဖွဲ့အစည်းတချို့မှာ ရွေးကောက်ပွဲပညာပေး အစီအစဉ်တွေ ရှိနေတယ်လို့ မြန်မာပြည်သား အများအပြား နေထိုင်ရာ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအဖွဲ့ က ကိုမိုးကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ထိုင်းရောက် မြန်မာတွေကြားထဲမှာ မဲပေးခဲ့သူဦးရေ ၆၀၀ ဝန်းကျင် လောက်ပဲ ရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံမှာ အစိုးရချင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနဲ့ အလုပ်လုပ်နေတဲ့ MOU အလုပ်သမား ရှစ်သိန်းကျော်ရှိပြီး မည်သူမည်ဝါဖြစ်ကြောင်း အထောက်ထား ပြနိုင်သူ တစ်သန်းကျော်ရှိတယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံး စာရင်းတွေအရ သိရ ပါတယ်။  ဘန်ကောက်မြို့  မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ  ၂၀၂၀ ရွေးကောက်ပွဲအတွက်  ဇူလိုင် ၁၆ ကနေ ဇူလိုင် ၂၈ အထိ ပုံစံ ၁၅ ပေးပို့သူ ၁၆၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီအချက်လက်တွေနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် အလုပ်သမားအများစုအပြင် အလုပ်သမားရေး ကူညီပေးနေသူအများ အပြားလည်း မဲမထည့်ဖြစ်ခဲ့ပါဘူး။ ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ နိုင်ငံသားအခွင့်အရေးအရ မဲထည့် ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။ လတ်တလော ကြိုတင်မဲကို ဘန်ကောက် မြန်မာသံရုံးမှာ မဲပေးရမယ်လို့ စီစဉ် ထားပေမဲ့ လူဦးရေအနည်းအများ အရေအတွက်အလိုက် မဲရုံတွေလုပ်ပေးဖို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။  အလုပ်သမားတွေဘက်ကလည်း  ကြိုတင်မဲထည့်နိုင်ဖို့ ပုံစံ ၁၅ ကို အချိန်မှီ ပေးပို့စေချင်တယ်လို့ ဒီအဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။