လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှု စံချိန်တင်မြင့်တက်
2024.06.07
လူစုလူဝေးတွေအပေါ် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေက ခပ်စိတ်စိတ်ဖြစ်လာပါတယ်။ မကြာသေးခင်က တိုက်ခိုက်မှုက စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောရွာမှာ ဖြစ်ခဲ့ပါတယ်။ လူရာနဲ့ချီစုဝေးနေတဲ့ မင်္ဂလာဆောင်တစ်ခုကို ဇွန်လ ၃ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
“စစ်တပ်က စစ်ရေးအရ အသာစီးမရနိုင်တဲ့ ဒေသတွေမှာ ကြားခံအနေနဲ့ လူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ကိုင်လာတာကို ကျွန်တော်တို့ ပိုပိုပြီးတော့ တွေ့လာရတယ်"
ဒီတိုက်ခိုက်မှုကြောင့် ကလေးငါးဦး အပါအဝင် လူ ၂၉ ဦး သေဆုံးပြီး နောက်ထပ် ၆၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မတောရွာသား ဦးဌေးက ပြောပါတယ်။
“သေဆုံးသူ တိုးတာက ဘယ်လိုပုံစံနဲ့ တိုးလာတာလဲဆိုရင် ဒဏ်ရာပြင်းထန်တော့ ဆေးရုံပို့ဖို့ အခက်အခဲဖြစ်တာတွေ လမ်းမှာတင် သေဆုံးတာတွေဖြစ်တာ။ ဒဏ်ရာတွေက ဘယ်လောက်အထိ ပြင်းထန်လဲဆိုတော့ ခြေထောက်တွေဆိုရင် နှစ်ဖက်စလုံး ပြတ်ထွက်တာ၊ လက်တွေဆိုလည်း ပြတ်ထွက်တာ၊ ခါးဆိုရင်လည်း ပေါက်ထွက်သွားတာ အဲလောက်အထိ ပြင်းထန်တယ်”
အခုလို လူစုလူဝေးရှိတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာအပြင် ကျေးရွာတွေကိုလည်း တိုက်ခိုက်လေ့ရှိပါတယ်။ မကွေးတိုင်း မြိုင်မြို့နယ် ကံမြင့်ကုန်းရွာဟာ ဇွန်လ ၄ ရက် မနက်ပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သား ငါးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပထမတစ်ကြိမ်က ပေါင် ၅၀၀ ဗုံးသီးချတယ်၊ ဒုတိယတစ်ကြိမ်ကတော့ အတွဲလိုက် ဗုံးသီးချတာဗျ။ ရွာထဲကို ပစ်မှတ်ထားပြီး ချသွားတာ၊ ရွာဘုန်းကြီးကျောင်း ပတ်ချာလည်ကို ကြဲချတာဗျ။ သေဆုံးမှုက မနေ့က ပွဲချင်းပြီးသေတာ လေးယောက်၊ ဒီနေ့ (ဇွန်လ ၅ ရက်) တစ်ယောက်ထပ် သေတယ်။ ဒဏ်ရာအပြင်းအထန်ရတာက ၁၁ ယောက်ဗျ”
RFA ရဲ့ စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး ၁၄၉၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံး၊ ဒဏ်ရာရသူ စုစုပေါင်းဟာ ၂၁၅၄ ဦးရှိတာကြောင့် ဒီနှစ်တည်းမှာ တစ်ရက်ကို အနည်းဆုံးလူ ၁၄ ဦးနှုန်း ထိခိုက်၊ သေဆုံးနေတာပါ။
ဒါဟာ၂၀၂၃ ခုနှစ်နဲ့ယှဉ်ရင် အရပ်သား သေဆုံးထိခိုက်မှုဟာ သုံးဆနီးပါး မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကနေ မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃၃၂ ဦး သေဆုံးပြီး ၄၆၁ ဦး ဒဏ်ရာရခဲ့တာပါ။ ဒါကြောင့် သေဆုံး၊ ဒဏ်ရာရသူစုစုပေါင်းက ၇၉၃ ဦးရှိပါတယ်။
အရပ်သားတွေဟာ စစ်ဘေးဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေနဲ့ တောင်ယာတွေထဲမှာရှိနေချိန် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို ကြုံတွေ့နေရတာပါ။
ဒါဟာ လူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေတဲ့ ဗိုလ်ကြီး လင်းထက်အောင်က ဝေဖန်ပါတယ်။
“စစ်တပ်က စစ်ရေးအရ အသာစီးမရနိုင်တဲ့ ဒေသတွေမှာ ကြားခံအနေနဲ့ လူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ကိုင်လာတာကို ကျွန်တော်တို့ ပိုပိုပြီးတော့ တွေ့လာရတယ်။ သူတို့ရဲ့ အတွေးမှာကိုက လူထုရှိနေလို့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေတာ။ အဲတော့ ဒီလူထုကို ပစ်မှတ်ထားမယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ရှေ့ဆက်မတိုးနိုင်ဘူးဆိုတဲ့ အတွေးအခေါ် စဉ်းစားချက်ကလည်း သူတို့မှာ ခိုင်ခိုင်မာမာ နဂိုကတည်းကရှိနေတယ်။ ဒါဟာ တမင်သက်သက် ရည်ရွယ်ပြီးတော့ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီးတော့ လူထုကို ပစ်မှတ်ထားတယ်ဆိုတာ သေချာပါတယ်”
တပ်စခန်းတွေနဲ့ ထိန်းချုပ်နယ်မြေတွေ တိုက်ခိုက်သိမ်းယူခံရတဲ့အခါ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေကို အလွန်အကျွံသုံးစွဲပြီး တုံ့ပြန်တယ်လို့လည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ တုန့်ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။ စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမရှိဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စစ်ပွဲတွေအတွင်း အရပ်သားတွေကို ကာကွယ်ပေးဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြီး မကြာခဏ တိုက်တွန်းပါတယ်။ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးရဲ့ ဇွန်လ ၄ ရက်နေ့ ကြေညာချက်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာကို သိရှိထားကြောင်း၊ အရပ်သားတွေကို အကာအကွယ်ပေးရမှာဖြစ်ပြီး ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိရမယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ စစ်ကောင်စီကို ထိထိရောက်ရောက် မတားဆီးနိုင်သေးဘူးလို့ ထောက်ပြပါတယ်။
“ဒီလိုလုပ်ရပ်တွေအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကလည်း ထိရောက်မှု မရှိ၊ ထိရောက်တဲ့ အရေးယူမှုတွေကိုလည်း မပြုလုပ်လာဘူး။ နိုင်ငံတကာဆိုတာကလည်း ပထဝီနိုင်ငံရေးအရ အများကြီး အတားအဆီးတွေနဲ့ရှိနေတယ်။ နောက် သူတို့ရဲ့ အကျိုးစီးပွားလည်း ပါတာပေါ့။ အကျိုးစီးပွားနည်းနေရင် သိပ်ပြီးတော့ ဂရုမစိုက်တဲ့ အနေအထားမျိုးလည်း တွေ့ရတာပေါ့”
ဒါကြောင့်လည်း အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးဆိုးရွားလာတယ်လို့ သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးတဲ့ အရပ်သား ၈၅ ဦးရှိပြီး ၁၃၄ ဦးသာ ဒဏ်ရာရခဲ့တာပါ။ ၂၀၂၂ မှာတော့ သေဆုံးသူ ၃၁၆ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၆၇၈ ဦးရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ သေဆုံးသူ ၈၇၉ ဦးနဲ့ ဒဏ်ရာရသူ ၁၅၆၂ ဦးအထိရှိခဲ့ပါတယ်။
ဒါကြောင့် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိရှိနေပါတယ်။