ချင်းပြည်နယ် မြို့နယ်လေးခုမှာ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၃ ကြိမ်ရှိခဲ့
2023.03.09
ချင်းပြည်နယ်က စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်လေးခုကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ (၁၄၀) ခန့်နဲ့ (၅၃) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။
ဗုံးကြဲခံရတဲ့ မင်းတပ်၊ ဟားခါး၊ မတူပီနဲ့ ထန်တလန်မြို့တွေမှာ ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးနဲ့ ဒေသခံ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ CHRO က ဆိုပါတယ်။
အဲဒီအထဲမှာ ထန်တလန်မြို့က အများဆုံးတိုက်ခိုက်ခံခဲ့ရပြီး နှစ်လအတွင်း လေကြောင်း တိုက်ခိုက်မှု (၄၁) ကြိမ်နဲ့ ဗုံးအလုံးရေ (၁၁၅) လုံး အကြဲခံခဲ့ရတာလို့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့က ထန်တလန်မှာရှိတဲ့ CNF ဌာနချုပ်ကို စစ်ကောင်စီတပ် က ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲခဲ့လို့ CNF တပ်သား ငါးဦး သေဆုံးပြီး ဆေးကုသဆောင်နဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။
ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ကုန်းကလွဲရင် နေရာအားလုံးကို ဒေသကာကွယ်ရေး အဖွဲ့နဲ့ CNF က ထိန်းချုပ်ထားတာကြောင့် နယ်မြေပြန်ရဖို့ အခုလို လေကြောင်းနဲ့ ထိုးစစ်ဆင်နေတာလို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
"ကျနော်တို့ဒေသကာကွယ်ရေးဘက် လေးယောက်၊ CNA ဘက်ကနှစ်ယောက် ကျဆုံးသွားတယ်။ လေကြောင်းနဲ့ တိုက်မယ်။ ပြီးတော့ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ကူမယ်။ အဲဒီမှာ ကျနော်တို့ကို ဖြုတ်မယ်။ အဲဒီ ပြီးခါမှ မြေပြင်ကနေ ကွင်းဆင်းပြီး အဲလိုပုံစံနဲ့ တိုက်ပွဲကို ဖော်ဆောင်တာဖြစ်တယ်။ သို့သော် မြေပြင်တိုက်ပွဲကတော့ မရှိသလောက်ပါပဲ။ အဓိကကတော့ လေကြောင်းကို အဓိက ဖိပြီးလုပ်နေတဲ့ အနေအထားပါပဲ"
CHRO စာရင်းတွေအရ မင်းတပ်မြို့က နှစ်လအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ (၁၃) လုံးနဲ့ ခုနစ်ကြိမ် တိုက်ခိုက်ခံရပြီး၊ မတူပီက ဗုံးအလုံးရေ ခြောက်လုံးနဲ့ သုံးကြိမ်၊ ဟားခါးမြို့ က ဗုံးအလုံးရေ လေးလုံးနဲ့ နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတာပါ။
ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း မင်းတပ်မြို့ ပလိပ်ထွီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတစ်ခုလုံး ပျက်စီးခဲ့ပါတယ်။
အဲဒီဘုန်းကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည်စခန်းများ စီမံခန့်ခွဲမှုကော်မတီက ယာယီရုံး လုပ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေအပြင် အကူအညီပေးနေသူတွေပါ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ ပိုတိုက်ခိုက်လာလို့ ဒေသခံတွေ အိမ်မှာ မနေရဲကြ တော့ဘဲ တောင်ယာစိုက်ခင်းတွေမှာ ပုန်းနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။
"လေကြောင်းနဲ့ ဘယ်အချိန်မှာတိုက်လာမလဲ အဲလိုမျိုးဖြစ်တဲ့အခါကျတော့ နောက်ပိုင်း မှာ တောထဲတွေမှာပဲ နေကြတယ်။ မင်းတပ်က ပြည်သူတွေအကုန်လုံးက တောင်ယာခင်းတွေမှာပဲ သွားရှောင်ကြတယ်။ ဒေသခံ ကာကွယ်ရေးတပ်တွေကလည်း ကြေညာထားတာရှိတယ်ပေါ့။ ကတုတ်ကျင်း တူးကြဖို့ပေါ့။ သတိထားရမယ့်အရာတွေနဲ့ ပတ်သက်ပြီး သတိပေးတာတွေရှိပါတယ်"
လက်ရှိ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပိုများလာတာ ကြောင့် ဗုံးခိုဖို့ ကတုတ်ကျင်းတွေ တူးထားကြရတယ်လို့လည်း ကန်ပက်လက်မြို့ခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန်ပက်လက် CDF အဖွဲ့ တာဝန်ရှိသူကတော့ လေကြောင်းရန်ကာကွယ်ဖို့ ကြိုးစားနေသလို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ထံကနေ လေကြောင်းပစ်လက်နက်တွေ ထောက်ပံ့ပေးရင် ပိုထိရောက်နိုင်မယ် ပြောပါတယ်။
"မြေပြင်မှာတော့ ကျနော်တို့ အားကောင်းကောင်းနဲ့ မောင်းနှင်နိုင်ဖို့ ကျနော်တို့ လုပ်နေတယ်။ ဒီလေကြောင်းရန်မှာ ကျနော်တို့တတ်နိုင်သလောက် ကာကွယ်နိုင်ဖို့၊ ခုခံနိုင်ဖို့ ကြိုးစားနေတယ်။ NUG ဗဟိုကနေလည်း လေကြောင်းကို ကာကွယ်နိုင်တဲ့ အနေအထားတွေကို ဆောင်ရွက်ပေးမှ ဒီအလုပ်လုပ်နိုင်တဲ့ အချက်တွေကို အကုန်လုံး လုပ်နိုင်ဖို့အတွက် ကြိုးစားဖို့လိုတယ်။ တစ်နိုင်လုံးစုပေါင်းပြီးတော့မှ တစ်ပြိုင်နက်တည်း သွားနိုင်တယ်ဆိုရင်တော့ ကျနော်တို့ အရေးတော်ပုံကြီး ခဏနဲ့ပြီးသွားလိမ့်မယ်လို့ ကျနော်ထင်တယ်"
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
"CHRO အနေနဲ့ ချင်းပြည်နယ်မှာဖြစ်သမျှ လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှကို စာရင်း ကောင်းကောင်း ပြုစုထားတယ်"
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာလုပ်ထုံးလုပ်နည်းနဲ့ တရားစီရင်နိုင်အောင် ကြိုးစား နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန်က RFA ကို ပြောပါတယ်။
"လေကြောင်းနဲ့ တိုက်ခိုက်တာဟာ စစ်ရေးအရမဟုတ်ဘဲနဲ့ အရပ်သားပြည်သူလူထု နစ်နာ ဆုံးရှုံးတာနဲ့၊ အရပ်သားပြည်သူလူထု ပိုပြီးတော့ ဘေးဒုက္ခတွေရောက်ပြီးနောက် IDP အရေအတွက် ပိုတိုးလာတာ၊ ပြည်ပြေးဘဝရောက်တဲ့အခြေအနေ ပိုများတယ်။ CHRO အနေနဲ့ ချင်းပြည်နယ်မှာဖြစ်သမျှ လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှကို စာရင်း ကောင်းကောင်း ပြုစုထားတယ်။ လူသားချင်းစာနာမှု၊ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေကိုလည်း စစ်ကောင်စီက ချိုးဖောက်တာကို ကျနော်တို့ တွေ့ရတယ်။ ဒီတွေ့ရှိချက်တွေကို နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းအရ တရားစီရင်နိုင်အောင် ကျနော်တို့ ကြိုးစားနေပါတယ်"
CHRO စာရင်းအရ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ သေဆုံးရသူ စုစုပေါင်း ၃၈၃ ဦးရှိပြီး ဒေသခံ ၅၂,၀၀၀ ကျော် အိန္ဒိယဘက်အခြမ်း မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ရသလို အဲဒီအထဲက ၈,၀၀၀ နီးပါးကတော့ နယူးဒေလီမြို့ကို ပြောင်းရွှေ့ နေထိုင်နေကြရပါတယ်။