လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်း ခုနစ်ဆယ်ကျော် သေဆုံး
2024.10.26
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၇၂ ဦးရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၂၅ ရက်မနေ့က ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃၇ ဦးနဲ့ အမျိုးသား ၃၅ ဦး သေဆုံးပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၁၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
သေဆုံးမှုဖြစ်စဥ်တွေထဲမှာ ရခိုင်ပြည်နယ်က ၃၄ ဦးနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက သေဆုံးသူ ၁၄ ဦးနဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ AAPP က ပြောပါတယ်။
“စစ်ကောင်စီဟာ သူလက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု တိုးလုပ်နေတာပါ”
အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကို စစ်ကောင်စီက လေကြောင်းကနေ လေယာဥ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတွေ အပါအဝင် အရပ်သားခြောက်ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဗုံးကျကျချင်းတုန်းက နှစ်ယောက် သေတယ်။ နှစ်ယောက် သေပြီးတော့ ဆေးရုံကို ၁၄ ယောက်ပို့ရတာ။ နောက်ထပ်တစ်ခါ လေးယောက်က ဆေးရုံမှာ တစ်ခါ ထပ်သေတာဆိုတော့ ညတွင်းချင်းကိုက ခြောက်ယောက် သေကြတယ်။ တစ်ယောက်က ၁၆ နှစ်အရွယ် ကျောင်းသူ။ ကျန်တာက အသက် ၃၀ ကျော်ကနေပြီး အသက် ၈၀ ကျော်တွေအထိဗျ”
ဒီတိုက်ခိုက်မှုကြောင့် ဇရပ်ကုန်းရွာက အသက် ၁၆ နှစ်အရွယ် မဂျူလီယာစိုးနဲ့ အမေဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဒေါ်သန်းမြတို့နှစ်ဦး နေရာမှာတင် သေဆုံးပါတယ်။
အသက် ၁၈ နှစ်အရွယ် မောင်ကျော်ထက်နောင်၊ အသက် ၈၀ အရွယ် ဒေါ်ထူး၊ အသက် ၅၀ ကျော်အရွယ် ကိုမြင့်လွင်နဲ့ အသက် ၂၇ နှစ်အရွယ် မလွင်ဖြိုးဝေတို့ လေးဦးကတော့ ဆေးကုသရင်း ထပ်မံ သေဆုံးသွားတာလို့ ဆိုပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် သံတွဲ၊ ဂွနဲ့ အမ်းမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်တာကြောင့် ဒေသခံတွေဟာ နေအိမ်တွေမှာ မနေရဲကြဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ သံတွဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီတော့ အခုလောလောဆယ်မှာ ပြည်သူတွေက ဘယ်လိုဖြစ်နေကြလဲဆိုတော့ သံတွဲက လူတွေက အဲဒီလို လေယာဥ်သံ ကြားရင်ကို သူတို့က ပုန်းဖို့၊ ရှောင်ဖို့အတွက် စဥ်းစားနေရတယ်ပေါ့။ အဲဒီတော့ သူတို့ (စစ်ကောင်စီတပ်) တွေ ကြဲတဲ့အချိန်ကလည်း သံတွဲမှာဆိုရင် မနက်ပိုင်းကိုကြဲတာ များတယ်ပေါ့လေ။ မနက်အစောပိုင်း လူတွေ အိပ်ကောင်းတဲ့ အချိန်ကြီးပေါ့။ မိုးလင်းတော့ မနက်လေးနာရီလောက်ကြီး လာကြဲတယ်။ အဲဒီတော့ လူတွေမှာ ညအိပ်ဖို့ ဘာတောင်မှ စိတ်အဆင်မပြေကြဘူးပေါ့လေ။ အဲဒီလို ကြောက်ကြောက်လန့်လန့်နဲ့ နေနေရတဲ့ဘဝ ဖြစ်နေတာပေါ့နော်”
အောက်တိုဘာ ၂၅ ရက် မနေ့ကလည်း ခမောင်းတုန်းရွာက ဘုန်းတော်ကြီးကျောင်းကို လေကြောင်း တိုက်ခိုက်တာကြောင့် ဆရာတော်နဲ့ ကိုရင်တစ်ပါး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်မပြန်နိုင်ကြသလို စားနပ်ရိက္ခာ ပြတ်လပ်မှုတွေပါ ကြုံနေရပါတယ်။
စစ်ကောင်စီဟာ သူလက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု တိုးလုပ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“နယ်မြေစိုးမိုးမှု အားနည်းလာတဲ့အပေါ်မှာ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာတယ်။ ပြီးတော့ သူတို့ စွန့်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို မညှာမတာ လုပ်တာတွေ များတယ်။ စစ်ကြောင်းကတော့ သူတို့အရင်လို မထိုးနိုင်တော့ပါဘူး။ သိပ်ပြီးတော့။ လေကြောင်းတိုက်ခိုက်မှုတွေ ဆိုးဆိုးရွားရွား ကြုံရတာ။ ကျွန်တော်တို့ ရေဦးမြို့နယ်ကတော့ တင်းတိမ်ရံ ပစ်တာက အသေအများဆုံးပဲဗျ။ အခု တင်းတိမ်ရံဆိုရင် ကျီးလန့်စာစား နေရတဲ့အဖြစ်။ စျေးတွေ ဘာတွေတောင် မဖွင့်နိုင်ကြတော့ဘူး။ အကုန်လုံး ရွာတွေကိုထွက်ကုန်ပြီး တခြားရွာတွေမှာ သွားနေကြရတဲ့အဆင့် ရောက်ကုန်ပြီ”
ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာမှာ အောက်တိုဘာ ၅ ရက်နဲ့ ၈ ရက်နေ့အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ခဲ့တာကြောင့် အရပ်သားလေးဦး သေဆုံးသွားပါတယ်။
ဆက်နွှယ်သောသတင်းများ
မြန်မာစစ်တပ်ကို လေယာဉ်ဆီမရောင်းဖို့ ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်
လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သား ၄၅၀ ကျော် သေဆုံး
တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ရာကျော် သေဆုံး
လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
စစ်ကိုင်းနဲ့ မကွေးတိုင်းထဲမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့အတွက် ဗုံးခိုကျင်းတွေမှာ နေထိုင်ကြဖို့၊ ခိုင်မာတဲ့ အဆောက်အအုံအောက်မှာနေကြဖို့နဲ့ လေကြောင်း တိုက်ခိုက်လာတဲ့အခါ အသက်အန္တရာယ်ကလွတ်အောင် ကြိုတင်ရှောင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသပိတ်အဖွဲ့တွေက တိုက်တွန်းနေပါတယ်။
အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုကနေ တားဆီးနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီထံ လေယာဥ်ဆီနဲ့ စစ်လက်နက်တင်ပို့မှုကို အလျင်အမြန် ပိတ်ဆို့အရေးယူပေးဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က တောင်းဆိုထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် မေလကနေ သြဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်းသေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ထားပါတယ်။