အရက်သောက်ခြင်းဖြင့် ကင်ဆာ ပိုမိုဖြစ်ပွားနိုင်


2018.01.04

အရက်သေစာနဲ့ ကင်ဆာဖြစ်ပွားမှုဆက်စပ်ပုံကို ဗြိတိန် သုတေသနပညာရှင်တွေက ဗုဒ္ဓဟူနေ့မှာ ထုတ်ဖေါ်ကြေညာ လိုက်ပါတယ်။ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အခုနောက်ဆုံး လေ့လာသုတေသနပြုချက်အရ အရက်သေစာ သောက်သုံးခြင်းဖြင့် မျိုးရိုးဗီဇ ပြောင်းလဲမှုကနေ တဆင့် ကင်ဆာရောဂါ ၇ မျိုးဖြစ်ပွားနိုင်ကြောင်း ဆေးပညာရှင်တွေက ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ ဗြိတိန် သိပ္ပံပညာရှင်တွေက ဓါတ်ခွဲခန်းမှာ ကြွက်တွေကို အရက်သေစာ စမ်းသပ်တိုက်ကျွေးခဲ့ရာမှာ သွေးသစ်လောင်းစေတဲ့ မျိုးရိုးဗီဇတွေကို ထာဝရပျက်စီးစေကြောင်းနဲ့ အဲဒီလို DNA ပျက်စီးမှုဟာ ကင်ဆာဖြစ်ပွားနိုင်စွမ်းကို ပိုမို များပြားစေကြောင်း အခုလိုတွေ့ရှိရတယ်လို့ ဗြိတိန်နိုင်ငံ ကင်ဆာသုတေသနဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါဟာ အရက်သေစာသောက်စားသူတွေ အရေးတကြီး သတိထားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်လို့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ဒေါက်တာ ဦးတင့်ဆွေက ပြောပါတယ်။

"ဟုတ်ကဲ့ခင်ဗျ ကျနော်တို့ အရက်လို့ခေါ်တဲ့ ဓါတုဗေဒလိုဆို အက်သနောပေါ့၊ ဒီအက်သနော သောက်သုံးလို့ရှိရင် ကျန်းမာရေးအတွက် မကောင်းတာကတော့ လူတိုင်းအစဉ်အဆက် သိထားပါတယ်၊ သို့သော် အခုလို သုတေသနအသစ်ထွက်လာတော့ကာ ဘာ့ကြောင်ဘယ်လိုဖြစ်စေတယ်၊ အထူးသဖြင့်ဆိုရင် ကင်ဆာကို ဦးတည်တယ်၊ မျိုးဗီဇက ပြောင်းလဲမှုဖြစ်စဉ်ကနေ ကင်ဆာဖြစ်တာကိုး၊ ဒီပြောင်းလဲမှုဖြစ်စဉ်ကို အက်သနော ကနေတဆင့် ပြောင်းတယ်ဆိုတဲ့ ခိုင်မာချက်ကို သိလာတဲ့အတွက် ကျနော်တို့ ဒီ အရက်နဲ့ ကျန်းမာရေး သတိပေးတဲ့လှုံ့ဆော်မှုမှာ ထိရောက်တဲ့ သုတေသနတစ်ခုဖြစ်တယ်လို့ ကျနော်တို့ ပြောရမှာပါ"

DNA ပျက်စီးမှုကြောင့် ဆဲလ်တွေ သေဆုံးသွားနိုင်သလို ခန္ဓကိုယ်မှာရှိတဲ့ DNA အလိုအလျောက်ပြုပြင်ရေး စနစ်ကိုလည်း လှုပ်နှိုးလိုက်ပါတယ်။ အဲဒီလို DNA ကိုပြုပြင်တဲ့အခါ တစ်စုံတစ်ခုမှားယွင်းသွားမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ပါတယ်။ အခုလေ့လာချက်အရ အရက်သောက်သုံးမှုကြောင့် ပါးစပ်၊ လည်ပင်း၊ အသံအိုး၊ အစာပြွန်၊ ရင်သား၊ အသည်းနဲ့ အူမကြီး ကင်ဆာရောဂါတွေ ပိုမိုဖြစ်ပွားနိုင်တဲ့ ဆက်စပ်မှုကို တွေ့ရှိရတယ်လို့ ဆေးသိပ္ပံပညာ ရှင်တွေက ပြောပါတယ်။

ဒေါက်တာတင့်ဆွေကတော့ အရက်နည်းနည်းသောက်ရင် ကျန်းမားရေးကောင်းတယ်ဆိုတဲ့ အယူအဆရှိကြပေမယ့် ခဏတာပျော်ရွင်မှုနဲ့ ရေရှည်မှာကျန်းမာရေး ထိခိုက်လာနိုင်မှုကို ချင့်ချိန်ကြရမှာဖြစ်တယ်လို့ သတိပေးပါတယ်။

"လူတွေ စားတဲ့သောက်တဲ့အရာတိုင်းဟာ သက်ရောက်မှုအမျိုးမျိုးရှိတယ်၊ သက်ရောက်မှုဆိုတာ ဘယ်လောက် စားသလဲဆိုတဲ့ ပမာဏပေါ့နော်၊ အရက်ကိုလည်း အဲ့ပမာဏအရ သူကသက်ရောက်မှုမတူဘူး၊ စစချင်း နည်းနည်း ဆိုရင် သွေးလည်ပတ်မှုနွေးလာတယ်၊ လူကလည်း ပျော်လာတယ်၊ စသည်ဖြင့် သာတောင့်သာယာလေးတွေ အရင်ဖြစ်တာကတော့ အမှန်ပဲ၊ အဲ့လောက်နဲ့ ရပ်မနေဘဲနဲ့ ဆက်ပြီးသောက်သုံးလို့ရှိရင်တော့ ပြောင်းပြန် အကျိုးတွေ နောက်ဆုံပေါ့နော် သေဆုံးတဲ့အထိ ဖြစ်နိုင်ကြပါတယ်၊ နောက်တစ်ခါ ပမာဏတင်မကပဲနဲ့ ကြာရှည်မှုပေါ့၊ ဘယ်လောက်ကြာကြာ သောက်သုံးသလဲအပေါ်မှာလည်း မူတည်သေးတယ်၊ နောက်တစ်ခုက လူတစ်ယောက်နဲ့တစ်ယောက်ဟာ ကိုယ်ခံအား၊ ခုခံအားတွေဟာ မတူကြဘူး၊ အသက်အရွယ်လည်း မတူကြတော့ကာ သက်ရောက်မှုက အမျိုးမျိုးဖြစ်နိုင်တယ်၊ အဲ့တော့ကာ ခြုံပြောလို့ရှိရင် အစပိုင်းလေး သာတောင့်သာယာရှိမှုနဲ့ ကြာရှည်မှာ ကင်ဆာအထိဖြစ်နိုင်တယ်ဆိုတဲ့ အသိတရားရစေချင်ပါတယ်ခင်ဗျ"

ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသဖြင့် အရက်ကြောင့်ဖြစ်နိုင်တဲ့ အကျိုးဆက်တွေက များပြားလှပါတယ်။ သွေးဆူပြီး ဆင်ခြင်ဉာဏ်လွတ်ကင်းကာ အသက်ဆုံးရှုံးမှုတွေအထိ ပေါ်ပေါက်နိုင်တာကိုလည်း ကျနော်တို့ ပတ်ဝန်းကျင်မှာ နေ့တဓူဝမြင်နေရပါပြီ။ သတိမမူ ဂူမမြင်ဆိုတဲ့ စကားကို သတိရစေချင်ပါတယ် ခင်ဗျာ။ ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။