အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မယ်တော်ဆေးခန်းနဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့ ထိခိုက်

စောကျော်ဆန်း၊ ကျော်သူ
2025.02.06
အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မယ်တော်ဆေးခန်းနဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့ ထိခိုက် ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်။
NICOLAS ASFOURI / AFP

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် ကမ္ဘာတစ်ဝန်း ဆင်းရဲပြီး ဒီမိုကရေစီ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေကို ကူညီနေတဲ့လုပ်ငန်းတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သုံးလ ဆိုင်းငံ့ လိုက်တဲ့နောက်မှာ မြန်မာနယ်စပ်က ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းကြီးတွေကိုလည်း သက်ရောက်မှုရှိခဲ့ပါတယ်။

ဒီအထဲမှာ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းနဲ့ ထင်ရှားတဲ့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ (Back Pack Health Worker Team) တို့လို အထင်ကရအဖွဲ့အစည်းပါ ထိခိုက်ရတယ်လို့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

"လူထုရော၊ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ဝန်ထမ်းတွေပေါ်မှာပါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေတာရှိပါတယ်”

မယ်တော်ဆေးခန်းအတွက် ပုံမှန်ရန်ပုံငွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထဲမှာ (USAID) ဟာ အဓိကကျတဲ့အလှူရှင်ဖြစ်တာကြောင့် လက်ရှိလည်ပတ်နေတဲ့လုပ်ငန်းတွေ အခက်အခဲရှိသွားတယ်လို့ မယ်တော်ဆေးခန်းပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းလွင်က ပြောပါတယ်။

“ဆေးဝယ်ရမဲ့စရိတ်တွေ၊ တချို့ လူနာစားသောက်စရိတ်တွေရယ်၊ တချို့ အရည်အသွေးမြှင့်တင်တဲ့ လုပ်ငန်းတွေတွေမှာ နည်းနည်းသက်ရောက်မှုတွေရှိတယ်။ တချို့နေရာမှာ ဆေးဝါးအပြင် ပစ္စည်း ကိရိယာဝယ်ဖို့ကိစ္စတွေမှာ ဆိုင်းငံ့ထားရတာတွေ ရှိပါတယ်”

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာ ဧရာဝတီတိုင်းကနေ ထိုင်းနယ်စပ်ကို ရောက်ခဲ့တဲ့ ဒေါက်တာစင်သီယာမောင်က ၁၉၈၉ ခုနှစ်မှာစလို့ မယ်တော်ဆေးခန်းကိုထူထောင်ပြီး ကျန်းမာရေး အခက်အခဲရှိသမျှ လူတိုင်းကို အခမဲ့ကုသနေတာပါ။ လက်ရှိအချိန်မှာတော့ ဆေးဝါးကုသရေးနဲ့ ကျန်းမာ ရေးပညာပေးလုပ်ငန်းတွေအပြင် လူမှုရေးလုပ်ငန်းတွေကိုပါ ဆောင်ရွက်နေတာပါ။

လောလောဆယ် USAID ရန်ပုံတွေ ဆိုင်းငံ့ထားပေမဲ့ ဆေးခန်းရဲ့လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်မယ့်အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေတယ်လို့လည်း ဦးစောသန်းလွင်က ပြောပါတယ်။

“အကျိုးသက်ရောက်မှုရှိပေမဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ရှားသွားမှာပါ။ တချို့ဟာတွေက အာမခံကြေးနဲ့ သက်ဆိုင်တဲ့ အလှူရှင်တွေ ကျွန်တော်တို့နဲ့ ဆက်စပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိနေ တာကြောင့် သူတို့မှာ အကျိုးသက်ရောက်မှု မရှိဘူးဆိုတာကြောင့် သူတို့နဲ့ ဆက်သွားလို့ရပါတယ်”

နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့ကတော့ စစ်ဖြစ်နေတဲ့ နယ်စပ်ဒေသတွေက ပြည်သူတွေ ကို ကျန်းမာရေးစောင့်ရှောက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ၁၉၉၈ ကစတင်ဖွဲ့စည်းခဲ့ပြီး ဆေးအဖွဲ့ (၃၂) ဖွဲ့နဲ့ စတင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ အဖွဲ့ ၁၂၀ ရှိနေပြီလို့ အဖွဲ့ ဦးဆောင်ကော်မတီဝင် နိုင်အေးလွင်က ပြောပါတယ်။ သူတို့အဖွဲ့ဟာ USAID အပါအဝင် တခြား နိုင်ငံတကာရန်ပုံတွေနဲ့ လည်ပတ်နေတာပါ။ အခုတော့ USAID က ရန်ပုံတွေရပ်ဆိုင်းသွားတာကြောင့် လုပ်ငန်းတချို့ ယာယီရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။

“ဥပမာအားဖြင့် USAID အစီအစဉ်နဲ့ လည်ပတ်နေတဲ့ ငှက်ဖျားအစီစဉ် တော်တော်များမှာ အခက်အခဲ ဖြစ်သွားတာ ရှိတယ်။ တခြား အရေးပေါ် အစီအစဉ်တွေလည်း အခက်အခဲရှိသွားတယ်။ အရေးပေါ် လူနာ လွှဲပြောင်းတဲ့ ကိစ္စတွေမှာ အမေရိကန်နိုင်ငံက ထောက်ပံ့တဲ့ ရန်ပုံငွေနဲ့ လည်ပတ်နေတာတွေပါ ရပ်တန့်သွားတာ ရှိတယ်။ လူထုရော၊ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ဝန်ထမ်းတွေပေါ်မှာပါ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်နေတာရှိပါတယ်”

နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့မှာ အဖွဲ့ဝင်ရောလုပ်အားပေးလုပ်သားပါ (၁၀၀၀) ကျော် ရှိပါတယ်။ ကရင်၊ ကရင်နီ၊ မွန်ပြည်နယ်သာမက ရှမ်း၊ ပအိုးဝ်၊ ပလောင်၊ ကချင်၊ ရခိုင်နဲ့ ချင်းပြည်နယ် တွေမှာလည်းတိုးချဲ့ပြီး အခမဲ့ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

USAID ဟာ အမေရိကန်လွှတ်တော်က အတည်ပြုထားတဲ့ရန်ပုံငွေနဲ့ သီးခြားရပ်တည်တဲ့အဖွဲ့ဖြစ်တာ ကြောင့် သမ္မတဒေါ်နယ်ထရမ့်မှာ ဒီအဖွဲ့ကိုဖျက်သိမ်းနိုင်တဲ့ အခွင့်အာဏာမရှိကြောင်းနဲ့ USAID လုပ်ငန်းတွေဟာ အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအတွက် အရေးကြီးကြောင်း ဒီမိုကရက်တစ်အမတ်တွေက ဝေဖန်နေပါတယ်။

ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကို (USAID) ရဲ့ ယာယီ တာဝန်ခံအုပ်ချုပ်ရေးမှူးအဖြစ် သမ္မတထရမ့်က ခန့်အပ်လိုက်တဲ့အတွက် ဖေဖော်ဝါရီ ၄ ရက်နေ့က စတင်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာကိုပေးနေတဲ့အကူအညီတွေဟာ အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိ-မရှိ ပြန်သုံးသပ်ဖို့အတွက် သုံးလဆိုင်းငံ့မယ်လို့ ကြေညာခဲ့ပေမဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာတော့ လူတွေရဲ့အသက်ကယ်ဖို့အတွက်အရေးကြီးတဲ့ ဆေးဝါး၊ အသုံးအဆောင်နဲ့ အစားအသောက်ထောက်ပံ့တာတွေ ဆက်ပေးမှာဖြစ်သလို၊ ဒီအချက်နဲ့ ကိုက်ညီမဲ့ ဒုက္ခသည်တွေကို လုံခြုံတဲ့တတိယနိုင်ငံကိုပို့တဲ့ကိစ္စ၊ ဒါမှမဟုတ် သူတို့နေရပ်မှာ လုံခြုံလို့ ပြန်ပို့မဲ့ ကိစ္စတွေကို ဆက်လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။