အမေရိကန် သမ္မတရွေးကောက်ပွဲအပေါ် မြန်မာပြည်သူတွေရဲ့အမြင်
2024.11.06
၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ကင်မလာဟဲရစ်တို့ရဲ့ မဲရလဒ်တွေထဲမှာ မြန်မာစံတော်ချိန် ဒီနေ့ညနေ လေးနာရီခွဲအထိ သမ္မတလောင်း ဒေါ်နယ်ထရမ့်က မဲအသာစီးနဲ့ ဦးဆောင်နေပါတယ်။
ဒီရွေးကောက်ပွဲမှာ ကင်မလာဟဲရစ်သာ အနိုင်ရရှိခဲ့မယ်ဆိုရင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ခွန်အားတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြည်သူတွေကြားထဲမှာ ယုံကြည်သူတွေလည်း ရှိနေပါတယ်။
မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ ကင်မလာဟဲရစ်ကိုပဲ အနိုင်ရစေချင်တယ်လို့ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အများကြီး မျှော်လင့်လို့ရတယ်။ မြန်မာနိုင်ငံ အခင်းအကျင်းနဲ့ပတ်သက်ပြီး သူလည်း သိနေပြီးသားလေ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အရေးကို ထဲထဲဝင်ဝင် စိတ်ဝင်စားမဲ့အထဲမှာ သူ ပါတယ်ပေါ့နော်။ ဒေါ်နယ်ထရမ့်အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ရာခိုင်နှုန်းတောင် မရှိဘူး။ ဒုသမ္မတအနေနဲ့ကတော့ မြန်မာ့အရေးကို အများဆုံးအားဖြင့် ၇၅ ရာခိုင်နှုန်းလောက်တော့ မြန်မာ့အရေးကို စိတ်ဝင်စားတယ်။ သူ ရနိုင်တယ်လို့ မျှော်မှန်းပါတယ်”
အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီအရ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ထောက်ခံအားပေးမှုမှာ သက်ရောက်မှု ရှိလာနိုင်တဲ့အတွက် အခု သမ္မတအပြောင်းအလဲအပေါ် စောင့်ကြည့်ရမဲ့ အနေအထားဖြစ်တယ်လို့ ရန်ကုန် လူငယ်သပိတ် အဖွဲ့ဝင်တချို့က မှတ်ပေးပါတယ်။
“မြန်မာ့အရေးကိစ္စကို မြန်မာနိုင်ငံသားတွေကပဲ ပူးပေါင်းပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်”
တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းကတော့ သန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေအရေး ဖြေရှင်းနိုင်မဲ့ ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ပေါက်ဖို့ မျှော်လင့်ကြောင်း RFA ကို ပြောပါတယ်။
“အာဏာရှင်တွေက ခေါင်းထောင်ပြီးတော့မှ လက်နက်နဲ့ အင်အားသာ အဓိကဆိုပြီး ပဋိပက္ခနဲ့ စစ်ပွဲတွေကို ဖန်တီးနေခြင်းဖြစ်ပါတယ်။ လူသန်းပေါင်းများစွာက စစ်ဘေးကြောင့်လည်း အတိဒုက္ခရောက်ကြသလို တစ်ဖက်မှာလည်း ရာသီဥတုကပ်ဘေးတွေကြောင့် တကယ့်ကို လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။ ဒီနေ့လို အခြေအနေမျိုးမှာ ကျင်းပတဲ့ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲကနေ ဒီအရေးတွေကို ကိုင်တွယ်ရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတန်ဖိုးတွေ၊ ကျင့်ဝတ်တွေကို အလေးထားပြီးတော့မှ အမေရိကန် ပြည်သူတွေအတွက်လည်း သာယာဝပြောမှုတွေ ဆောင်ကြဉ်းနိုင်မဲ့ ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ပေါက်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”
သမ္မတလောင်း နှစ်ဦးထဲမှာ ဒေါ်နယ်ထရမ့်ဟာ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီးတော့ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်ကို အနိုင်ရပြီး သမ္မတ ဖြစ်ခဲ့တာပါ။
အမေရိကန်ကို စီးပွားရေး ပိုကောင်းဖို့နဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေအရေးကို အထူးအာရုံစိုက်လုပ်ဆောင်မယ်လို့ ထရမ့်က မကြာခဏ ကြွေးကြော်လေ့ရှိပါတယ်။
ထရမ့်ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန် ဒုသမ္မတ ကင်မလာဟဲရစ်ကတော့ ဥပဒေအရာရှိ နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဒုတိယသမ္မတလောင်းအဖြစ် သမ္မတ ဂျိုးဘိုင်ဒန်နဲ့အတူ ဝင်ရောက်အရွေးခံခဲ့ပြီး ဒေါ်နယ်ထရမ့်ကို အနိုင်ရခဲ့တဲ့အတွက် ပထမဦးဆုံး အာရှနွယ်ဖွား လူမည်း ဒုသမ္မတ ဖြစ်လာတာပါ။
ကင်မလာဟဲရစ်ကတော့ အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားမှု၊ လွတ်လပ်ခွင့်ရရှိရေးအတွက် အဓိကထား မဲဆွယ်ခဲ့ပြီး လူငယ်တွေ သူ့ကို မဲပေးကြဖို့ကိုလည်း စည်းရုံးထားပါတယ်။
သမ္မတလောင်းနှစ်ဦးမှာ စီးပွားရေးသမားဖြစ်တဲ့ ဒေါ်နယ်ထရမ့်သာ အနိုင်ရခဲ့ရင် မြန်မာ့နိုင်ငံရေးကို အခုလောက် အာရုံစိုက်တော့မှာ မဟုတ်တဲ့အတွက် အရင်ထက် ပိုပြီးအကူအညီတွေရဖို့ ခက်ခဲသွားနိုင်တယ်လို့ မြန်မာ့အရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
“ဒေါ်နယ်ထရမ့် နိုင်ရင်တော့ တစ်ကမ္ဘာလုံး မလွယ်ဘူး။ အနည်းအပါး ရိုက်ခတ်မှုတွေကတော့ ရှိနိုင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ထရမ့်က သူ့အမေရိကားကိုပဲ ဟိုဟာ ဖြစ်အောင်လုပ်မယ်၊ ကျန်တဲ့ဟာတွေ အကုန်ဖြတ်မယ်ဆိုတာမျိုး နေတိုးထဲကနေတောင် ထွက်မလိုလို ဘာလိုလို ပြောမှတော့ မြန်မာပြည်အရေးလောက်ကတော့ သူက ဘာဟိုဒင်းပြုမှာလဲနော့်။ ဒီမိုကရက်တစ်တွေကတော့ အိုဗားမားတို့ ဟီလာရီကလင်တန်တို့ ခေတ်ကတည်းက ဗမာပြည်ကို တော်တော် ထဲထဲဝင်ဝင်ပါထားတော့ ဒီမိုကရက်တစ်ဆိုရင်တော့ မြန်မာပြည်အရေးကို တစ်စုံတစ်ရာတော့ ထောက်ထောက်ထားထားလေးတော့ လုပ်ပေးလိမ့်မယ်လို့ ထင်ရတာပေါ့ဗျာ”
အမေရိကန်သမ္မတ အပြောင်းအလဲ ဖြစ်လာတော့မှာဖြစ်ပေမဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဘက်ကတော့ မြန်မာ့အရေးအတွက် စဥ်းစားမှုတွေ ပြောင်းလဲမှာမဟုတ်ဘူလို့လည်း သူက ပြောပါတယ်။
မြန်မာ့အရေးကို အနောက်နိုင်ငံတွေက ဝင်ရောက်စွက်ဖက်တယ်ဆိုပြီး အမြဲဝေဖန်လေ့ရှိတဲ့ မြန်မာစစ်တပ် အသိုင်းအဝိုင်းကြားမှာတော့ စီးပွားရေးသမား ဒေါ်နယ်ထရမ့်ကို နိုင်စေချေင်တဲ့သူတွေလည်း ရှိနေပါတယ်။
ဒေါ်နယ်ထရမ့်နိုင်မှသာ မြန်မာ့အရေးကို အမေရိကန်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှု လျော့သွားမယ်လို့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒေါ်နယ်ထရမ့်ကို ကျွန်တော်က ပုဂ္ဂိုလ်ရေးအရ လေးစားတဲ့သူ တစ်ယောက်ဖြစ်တယ်။ သူက ပြောရလို့ရင်တော့ စီးပွားရေးသမားတစ်ယောက်ဖြစ်တော့ အမေရိကန်စီးပွားရေးကို သူ အာရုံစိုက်လိမ့်မယ်။ ကျန်တာတွေ တွေးမှာမဟုတ်ဘူး။ မြန်မာပြည် အနေအထားနဲ့ပတ်သက်ရင် အမေရိကန်ရဲ့ စွက်ဖက်မှုတွေက လာဖို့မရှိဘူး။ ဒါကျွန်တော့်အမြင်ပါပဲ”
စစ်ကောင်စီတပ်နဲ့ ကာလကြာရှည် တိုက်ပွဲဖြစ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ မြန်မာနိုင်ငံမှာ အမေရိကန်အစိုးရရဲ့ အကျိုးစီးပွားတွေ ရှိနေတာမဟုတ်တဲ့အတွက် အမေရိကန်သမ္မတ ဘယ်သူပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးအတွက် သိပ်ပြီးထူးခြားလာမှာ မဟုတ်ဘူးလို့ ရှုမြင်ပါတယ်။
ဆက်နွှယ်သောသတင်းများ
မြန်မာ့အရေးအတွက် အမေရိကန်အစိုးရသစ် စဉ်းစားရဖို့ရှိနေ
စစ်ကောင်စီ အရေးပေါ်သက်တမ်းတိုးတာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ကြောင်း အမေရိကန်ပြော
မြန်မာနိုင်ငံ ရေဘေးအတွက် အမေရိကန် ကူညီမည်
မြန်မာ့အရေးကိစ္စကို မြန်မာနိုင်ငံသားတွေကပဲ ပူးပေါင်းပြီး ဆောင်ရွက်ရမှာဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
“သူတို့ရှိထားတဲ့ အနေအထားအပေါ်မှာပဲ ဆက်ပြီးလုပ်သွားမှာဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံအပေါ်မှာတော့ သိပ်ပြီးတော့ သက်ရောက်မှုရှိမှာတော့ မဟုတ်ဘူး။ နောက် ပိုပြီးတော့ ဦးစားပေးလာမှာလည်း မဟုတ်ဘူး။ တစ်ခုတော့ရှိတယ်။ သူတို့ရှိထားတဲ့ အနေအထားကနေ လုပ်ရိုးလုပ်စဥ်အတိုင်း ဆက်လက် လုပ်သွားမယ်လို့တော့ ထင်ပါတယ်။ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးတဲ့ကိစ္စမှာဆိုရင်လည်း အကူအညီပေး အေဂျင်စီတွေကနေ တစ်ဆင့်ပြီးတစ်ဆင့် သွားမှာပဲ ထူးထူးခြားခြား နိုင်ငံတကာအဆင့်မှာရော ဒေသဆိုင်ရာ အဆင့်တွေမှာရော ပိုပြီးတော့ လုပ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ပုံမှန် အနေအထားတွေပဲ ရှိနေပါတယ်”
ကရင်နီကြားကလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူးဖြစ်သူ ကိုဗညားကတော့ ထရမ့်က နိုင်ငံတကာ ဆက်ဆံရေးမှာ အားနည်သူ ဖြစ်တာကြောင့် မြန်မာ့အကျိုးစီးပွားအတွက် ကင်မလာဟဲရစ်ကို နိုင်စေချင်တယ်လို့ ပြောပါတယ်။
“ကင်မလာဟဲရစ်ကို ပိုပြီးတော့ နိုင်စေချင်တာပေ့ါနော်။ ဘာဖြစ်လို့လဲဆိုရင် သူ့ရဲ့ နိုင်ငံတကာ သံရေးတမန်ရေး အခင်းအကျင်းကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ပိုပြီးတော့မှာ အကျိုး ရလဒ် ရှိနိုင်တယ်လို့ မြင်တယ်။ ဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့အကျိုးစီးပွားအတွက် ပိုပြီးဦးစားပေးခဲ့တဲ့ အတွေ့အကြုံရှိတယ်။ နိုင်ငံတကာ အခင်းအကျင်းမှာ အားနည်းချက်တွေ အများကြီးရှိခဲ့တာပေါ့”
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကို အမေရိကန်အစိုးရဘက်က အထောက်အပံ့တွေ အများကြီးပေးခဲ့ပါတယ်။ ဒါဟာ ဒီမိုကရက်တစ်သမ္မတကြောင့်ဖြစ်ပြီး ထရမ့် သမ္မတဖြစ်လာရင် ဒီအခင်းအကျင်းတွေ ပြောင်းလဲသွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ အခုရွေးကောက်ပွဲရလဒ်အရ သမ္မတဖြစ်လာတဲ့သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး တစ်ဦးချင်းအပေါ်မှာတော့ မှတ်ချက်မပေးလိုဘူးလို့ RFA ကို ပြောပါတယ်။
“လက်ရှိ ဒီမိုကရက်တစ် အစိုးရလက်ထက်မှာဆိုရင်လည်း ဗားမာအက်ဆိုတာကိုဖြစ်အောင်လို့ ဒီမိုကရက်တစ်ရော ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေ ပူးပေါင်းပြီးတော့ ကွန်ဂရက်က အတည်ပြုပြီးတော့ ဒီမိုကရက်တစ် သမ္မတက အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့တာ ရှိတယ်။ ဆိုတော့ ရီပတ်ဘလီကန်ရော ဒီမိုကရက်တစ်ရော မြန်မာနိုင်ငံအရေးမှာ ကူညီပေးကြတယ်။ ဘယ်သူပဲ သမ္မတရွေးကောက်ပွဲမှာ နိုင်နိုင်၊ ကျွန်တော်တို့အနေနဲ့ကတော့ အမေရိကန် ပြည်ထောင်စု ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ရွေးကောက်တင်မြှောက်လိုက်တဲ့ သမ္မတနဲ့ လွှတ်တော်နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”
ပြည်နယ်ပေါင်း ၅၀ ရှိတဲ့ အမေရိကန်နိုင်ငံမှာ သမ္မတလောင်းဖြစ်ဖို့အတွက်တော့ တစ်နိုင်ငံလုံးမှာရှိတဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင် မဲအရေအတွက် ၂၇၀ နဲ့အထက် ရရှိရမှာဖြစ်ပါတယ်။
ဒီနေ့ ညနေပိုင်းအထိ ထရမ့်က မဲအရေအတွက် ၂၆၇ နဲ့ ဦးဆောင်နေပြီး ကင်မလာဟဲရစ်ကတော့ မဲအရေအတွက်၂၂၄ မဲ ရရှိထားပါတယ်။