မုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထိခိုက်

ကျော်လွင်ဦး
2020.05.21

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ဝင်ရောက်တိုက်ခတ်ခဲ့ တာကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ တဲတွေပြိုတာ၊ ရေကြီး၊ မြေပြို တာတွေရှိခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့အနီးကနေ ဖြတ်ကျော်ခဲ့ပြီး ဒီမနက်မှာတော့ အားပျော့သွားပြီလို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီနေ့မနက်က သတင်းထုတ်ပြန်ထားပါတယ်။

မုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့်  အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်မှာ သိန်းနဲ့ချီတဲ့ဒေသခံတွေ မုန်တိုင်းဒဏ်ခံခဲ့ရပါတယ်။

ကော့ဆက်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ တဲတွေပြိုတာ၊ ရေကြီးတာ၊ အမိုးလန်တာတွေ ဖြစ်ခဲ့တယ်လို့ ကုတုပါလောင်ဒုက္ခသည်စခန်း ၇ က ဦးအောင်မြိုင် ကပြောပါတယ်။

“မြေပြိုတာရှိတယ်၊ ပြီးတော့ အိမ်ပျက်တာရှိတယ်၊ တဲတွေဘာတွေပျက်တာရှိတယ်၊ အမိုးပလတ်စတစ်တွေ လန်တာလည်းရှိတယ်၊ ရေဝင်ပြီးတေ့ာ အိမ်ထဲမှာ ရွှံ့နဲဘာနဲ့ ရောသွားတာရှိတယ်၊ ရေကြီးတာလည်းရှိတယ်၊ စခန်းတာဝန်ခံရုံးကနေ စေတနာဝန်ထမ်းတွေ ကွင်းဆင်းပြီးတော့ သူတို့ စာရင်ဇယားတွေကောက်နေတာ ရှိတယ်”

အလားတူ ကုတုပါလောင်စခန်းအမှတ် ၄ ဘက်မှာလည်း တဲအိမ် ၄၀၀ နီးပါးပျက်စီးခဲ့ပြီး အခက်အခဲတွေဖြစ်နေ တယ်လို့ စခန်းအမှတ် ၄ က ကိုအေနာယဒ်က ပြောပါတယ်။

“ကျနော်တို့ရပ်ကွက်မှာနေအိမ် ၁၇၀ လောက်ရှိတယ်၊ အဲမှာ ၁၀၀ကျော်လောက်ပါသွားတယ်၊ ပျက်စီးသွား တာပေါ့နော်၊ လူတွေလုံးဝမနေနိုင်တဲ့အိမ် ၅၀ကျော်ရှိပါတယ်၊ တခြားအိမ်မှာသွားနေရတယ်၊ နေအိမ်ထဲမှာ မနေနိုင်တဲ့လူတွေအများကြီးပဲ၊ အမိုးတွေပါသွားတယ်၊ နေအိမ်တွေအကုန်စိုသွားတယ် ကလေးတွေက ဒုက္ခရောက်တာပေါ့၊ ကျနော်တို့ ၉ မှာက ၄၀၀ ကျော်နီးပါး ပျက်စီးသွားတယ်”

လက်ရှိမှာပျက်စီးဆုံးရှုံးတဲ့ဒုက္ခသည်တွေကို ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီတာတွေ မရှိသေးတာကြောင့် အခက်အခဲတွေရှိတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

လက်ရှိအချိန်မှာတော့ မုန်တိုင်းမိုးကြောင့် ပျက်စီးသွားတဲ့ တဲအိမ်တွေအရေအတွက်ကို အတိအကျမသိရသေးဘဲ စာရင်ကောက်ယူနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မိုးရာသီတုန်းကလည်း ရေကြီးတာ၊ မြေပြိုတာတွေဖြစ်ခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

၂၀၁၇ ခုနစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဆက်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ ခုနှစ်သိန်းကျော်ရှိပါတယ်။

ဒီမုန်တိုင်းဒဏ်ကို အဓိကမခံရပေမယ့် တိုင်းနဲ့ပြည်နယ်တချို့မှာလည်း မိုးကြီးခဲ့သလို ရခိုင်ပြည်နယ်မြောက်ပိုင်း မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း မုန်တိုင်းကြောင့် ပြိုပျက်တာတွေရှိတယ်လို့ ဒုက္ခသည်တွေအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေအားလုံးနီးပါး ပြန်ဆောက်ရမယ့် အနေအထားဖြစ်သွားတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ဦးဇော်ဇော်ထွန်း က ပြောပါတယ်။

“တချို့စခန်းတွေက နဂိုကတည်းကပျက်နေတာ၊ မုန်တိုင်းနဲ့ဆိုတော့ ပိုဆိုးသွားတာပေါ့၊ နဂိုကတည်းက ပြန်ဆောက်ရမယ့် အခြေအနေမှာရှိနေတာ၊ တချို့စခန်းတွေက တာလပတ်တွေကို ယာယီခိုလှုံလို့ရအောင် အဖြစ်ဆောက်ထားတဲ့ အနေအထားတွေရှိတယ်၊ သူကအိမ်လို့လည်းပြောမရဘူး၊ တဲလို့လည်းပြောမရဘူး၊ တာလပတ်အမိုးအကာနဲ့နေကြတာ၊ သူတို့မှာဆိုရင်တော့ အကုန်လုံးပါသွားပြီ၊ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့ အဆောက်အဦးတွေမှာ ခိုလှုံတဲ့လူတွေကလွဲပြီး ကျန်တဲ့စခန်းတွေမှာတော့ အနည်းနဲ့ အများတော့  ပြန်ဆောက်ရမှာရှိတယ်၊ ပြင်ရမှာရှိတယ်၊ အကုန်လုံးနီးပါးပဲ”

ဒုက္ခသည်စခန်း ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာတော့ စာရင်းအတိအကျ မသိရသေးဘူးလို့လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

မောင်တောမြို့မှာတော့ မုန်တိုင်းအဖျားခတ်တာပဲရှိတာကြောင့် ပျက်စီးဆုံးရှုံးတာတွေမရှိဘူးလို့ ခရိုင်အုပ်ချုပ်ရေး မှူး ဦးစိုးအောင်က ပြောပါတယ်။

ပုဏ္ဏကျွန်း၊ မြောက်ဦး၊ မြေပုံ၊ ရသေ့တောင်စတဲ့မြိုနယ်တွေက မိုးရာသီအစမှာ ဆောက်လုပ်နေဆဲ အဆောက်အဦး တွေလည်း မုန်တိုင်းကြောင့် ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။