မြန်မာစစ်တပ် နိုင်ငံတကာပြစ်မှုတွေ ကျူးလွန်နေဟု လေ့လာသူများ ထောက်ပြ

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2022.01.04
မြန်မာစစ်တပ် နိုင်ငံတကာပြစ်မှုတွေ ကျူးလွန်နေဟု လေ့လာသူများ ထောက်ပြ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မုံရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo: Citizen Journalist

စစ်အာဏာရှင် ဆန့်ကျင်ရေး အရပ်ဘက်လက်နက်ကိုင် PDF အဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ဒေသတွေမှာ PDF အဖွဲ့ဝင်တွေ၊ ထောက်ပံ့နေသူတွေ သံသယနဲ့ အပြစ်မဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်တွေက အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်တဲ့ လုပ်ရပ်ဟာ အာဏာသိမ်းအပြီး ၁၀ လကျော် အကြာမှာ မြန်မာပြည်အနှံ့ ရှိလာခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ကြောင့် ဒေသခံရွာသား ၂၀ လောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုံးတောရွာမှာ ရွာသား ၁၁ ယောက်ကို လက်နောက်ပြန် ကြိုးတုပ်ပြီး မီးရှို့သတ်ဖြတ်ခဲ့သလို ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာလည်း အရွယ်မရောက်သေးသူတွေ အပါအဝင် အရပ်သား ၃၆ ယောက်ကျော်ကို တပ်က မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီစာရင်းတွေဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်း ပြန်ရတဲ့အတွက် ဒေသခံတွေက ပြန်ကောက်ယူထားတဲ့ စာရင်းဖြစ်ပါတယ်။

စစ်တပ်ဟာ ဒီဇင်ဘာလမှာတင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာ မဟုတ်ဘဲ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against Humanity ကို ဆက်တိုက် ကျူးလွန်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လတည်းက လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch က ကြေညာချက်ထုတ် ထောက်ပြခဲ့ဖူးပါတယ်။

HRW Asia Division ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး Phil Robertson က လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ အခြားစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC မှာ ရုံးတင်စစ်ဆေးဖို့ လိုအပ်ကြောင်း RFA ကို ပြောပါတယ်။

phil.jpg"မြန်မာ့တပ်မတော်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) ကျူးလွန်နေတာ ကြာပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ကျွန်တော်တို့ Human Rights Watch ကနေ မြန်မာစစ်တပ်က ခုလို ကျူးလွန်နေတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မြန်မာ စစ်တပ်ဟာ အရပ်သားတွေနေထိုင်တဲ့ ဧရိယာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ပြုလုပ်နေပါတယ်။ ချင်းပြည်နယ်မှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ အရပ်သားတွေ နေထိုင်တဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာ စတဲ့ အားလုံးဟာ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ချေမှုန်းဖို့ ကြိုးစားရင်းနဲ့ Crimes against humanity ကျူးလွန်ခဲ့တာကို ပြသနေပါတယ်။ မကြာခင်က ကရင်နီပြည်နယ်မှာ လူ ၃၅ ဦးကို သွေးအေးအေးနဲ့ ပစ်သတ်ပြီး ရုပ်အလောင်းတွေကို မီးရှို့ခဲ့တာဟာလည်း လက်မခံနိုင်စရာ ဆိုးဝါးလှတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်တွေအတွက် နိုင်ငံတကာအဆင့် တရားစီရင်မှု လိုအပ်နေတာ ထင်ရှားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြား စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC မှာ ရုံးတင်စစ်ဆေးဖို့ လိုပါတယ်။ ဒီလို တိုက်ခိုက်မှုတွေ အတွက် တာဝန်ရှိတဲ့ စစ်ဘက်အရာရှိတွေကိုလည်း ICC မှာ ရုံးတင် စစ်ဆေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံက တရားရုံးတွေမှာ စစ်ဆေးမယ် ဆိုရင်တော့ တရားမျှတမှု ရှိမှာ မဟုတ်ကြောင်းလည်း ထင်ရှားပါတယ်။ သူတို့ကို အမှန်တကယ် ရုံးတင် စစ်ဆေးနိုင်ဖို့ကတော့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ စွမ်းဆောင်မှုအပေါ်မှာ မူတည်ပါလိမ့်မယ်"

ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးကလည်း အာဏာသိမ်းစစ်တပ်ဟာ မြန်မာပြည်သူလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တာဟာ ရောမဥပဒေ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး Rome Statute of the International Criminal Court မှာ ပါဝင်တဲ့ လူသားဆန့်ကျင်ပြစ်မှု Crimes against Humanity ပုဒ်မ ၇ ကို ကျူးလွန်မှုမြောက်ပါတယ်လို့ သုံးသပ်ပါတယ်။

"Rome Statute of the International Criminal Court လို့ခေါ်တဲ့ ရောမဥပဒေ ပုဒ်မ ၇ မှာ ပြဋ္ဌာန်းပါရှိတဲ့ လူသားဆန့်ကျင်ပြစ်မှု သူ့ဘောင်ထဲမှာ အကျုံးဝင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်တာ ဖြစ်တယ် စစ်တပ်က အာဏာမသိမ်းခင်တည်းက ကြိုတင် စီစဉ်ထားတဲ့ ကိစ္စက အာဏာ သိမ်းပြီးတဲ့အခါမှာ ဆက်တိုက်ကျူးလွန်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေကို ချက်ချင်း ဖမ်းလိုက်တယ်။ တောက်လျှောက်ပဲ Generation Z တွေကို ဖမ်းပြီးတော့ တရားရုံးတွေမှာ စစ်တယ်။ တပြည်လုံးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက နေရာတကာဖြစ်တယ် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ဥပဒေ ရောမဥပဒေမှာပါတဲ့ လူသားဆန့်ကျင်ပြစ်မှုမြောက်တယ်လို့ ပြောရမှာဖြစ်တယ်"

အာဏာသိမ်းစစ်ကောင်စီရဲ့ လူထုအပေါ် သတ်ဖြတ်မှုတွေဟာ ကမ္ဘာ့ရာဇဝတ်မှုတွေ ဖြစ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှု Genocideနဲ့ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇတ်မှုတွေကို ကျူးလွန်နေတာ ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် လူမျိုးတုံးသတ်ဖြတ်မှု စောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဇာနည်က အခုလိုထောက်ပြထားပါတယ်။

"Genocide မဟုတ်ဘူးဆိုရင်တောင်မှ Crimes against Humanity လူသားတွေအားလုံးကို ဒုစရိုက်ကျူးလွန်တဲ့ဟာမျိုး Summary execution ဆိုတာမျိုးပေါ့။ နောက်တစ်ခါ အကြမ်းဖက်ပြီးတော့ forced labour ဇွတ်အတင်း လမ်းဆောက်ခိုင်းတာ ပေါ်တာဆွဲတာ ဒါတွေက Crimes against Humanity ဆိုတဲ့ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ ရာဇဝတ်မှုကြီးလို့ သတ်မှတ်ထားတယ်။ ဒီ Genocide နဲ့ Crimes against Humanity လက်ရှိစစ်တပ်ရဲ့ အလွန်ရက်စက် ယုတ်မာတဲ့ လုပ်ထုံးလုပ်နည်းတွေက တရားဥပဒေဘောင် ငြိနေပြီဆိုတာ ကျနော်ထောက်ပြချင်တယ်"

ဖက်ဆစ်စစ်တပ်လို ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို UN အပါအဝင် နိုင်ငံတကာက ညှိနှိုင်းရေးလမ်းကြောင်း သွားဖို့ပြောဆိုနေတာဟာ ဖက်ဆစ်စစ်တပ် တော်လှန်ရေး ဆင်နွှဲနေတဲ့ မြန်မာပြည်သူလူထုတွေကို စော်ကားရာ ရောက်တယ်လို့ သူကပြောပါတယ်။

kayah-1.jpeg
ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က မီးရှို့ဖျက်ဆီးခံထားရသော ကားများအား တွေ့ရစဉ်။ (Photo: CJ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း ဩစတြေးလျနိုင်ငံတရားရုံးမှာ အာဏာသိမ်းစစ်ကောင်စီကို တရားစွဲဆိုနိုင်ဖို့ စီစဉ်နေပါတယ်။ အာဏာသိမ်း စစ်အုပ်စုရဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကို သက်သေပြစရာ မလိုတော့အောင် သက်သေတွေ များပြားနေတာကြောင့် နိုင်ငံတကာက အမြန် အရေးယူနိုင်အောင် လုပ်ဆောင်ရမယ့် အချိန်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"သက်သေခံအထောက်အထားတွေ ပိုပြီးတော့များလာတယ်။ ဖြစ်ရပ်တွေက ပိုပြီးတော့ဆိုးလာတယ်။ သာမာန် မဟုတ်တော့ဘဲနဲ့ နဂိုကတည်းက မြောက်ပြီးသား ကိစ္စတစ်ခုကို ထပ်မြောက်ပါတယ်လို့ ကျနော်တို့ ပြောစရာ မလိုဘူး။ အဓိကပြောဖို့ လိုအပ်တာ နဂိုကတည်းက ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ သူတွေကို ဘာကြောင့် ဒီလောက်အထိ နှောင့်နှေးနေကြတဲ့လဲ ဆိုတဲ့ အချက်က နိုင်ငံတကာကို တင်ပြရမယ့် အချက်တွေ ဖြစ်တယ်။ ရှိပြီးသား သက်သေကိုမှ ပိုပြီးတော့ ဆိုးရွားလာတယ်။ မြောက်နေတဲ့ ကိစ္စတစ်ခုကို ထပ်မြောက်ပါတယ်ဆိုတဲ့ သက်သေအထောက်အထား မရှာခိုင်းပါနဲ့။ မြောက်နေပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျူးလွန်တဲ့သူကို အမြန်ဆုံး အရေးယူနိုင်တဲ့ နိုင်ငံတကာရဲ့အက်ရှင်သာ ပိုပြီးတော့ ရရှိဖို့အတွက် တောင်းဆိုနေတဲ့ကာလရောက်နေပါပြီ"

000_93E8NV.jpg
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ်။ (Photo: AFP)

ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပြီး ဒါတွေဟာ Crimes against humanity ကို ကျူးလွန်နေတာ ဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ပြောပါတယ်။

"ဖမ်းဆီးခံရတဲ့ မိန်းကလေးတွေဆိုရင် စစ်ကြောရေးတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ တွေ့ရတယ် သိရတယ်။ ဒါတွေဟာ sexual violence လုပ်တာတွေဟာဆိုလို့ရှိရင် Crimes against Humanity တွေဖြစ်တယ်။ Crimes against Humanity လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုပေါ့နော်။ လူလူချင်းဖြစ်တဲ့ ပြစ်မှုမဟုတ်ဘဲနဲ့ အစုအဖွဲ့တစ်ခုကနေပြီးတော့ လူသားမျိုးနွယ်စု တစ်ခုလုံးအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေဟာ တောက်လျှောက် ကျူးလွန်လာခဲ့တာ ကယားပြည်နယ် ဖရူဆိုမှာဆိုရင်တော့ တော်တော်ဆိုးဆိုးဝါးဝါးပဲပေါ့နော်။ မီးရှို့ပြီးတော့ သတ်တယ်ဆိုတဲ့ ကိစ္စက တော်တော်လေးကို ဆိုးရွားတဲ့ ကိစ္စတွေ တောက်လျှောက်လုပ်လာခဲ့တာ အများကြီးဖြစ်နေပြီပေါ့"

စစ်တပ်က ကျူးလွန်နေတဲ့ ပြစ်မှုတွေနဲ့ လူသားမျိုးနွယ်စုတွေအပေါ် ရာဇဝတ်မှု Crimes against humanity ကျူးလွန်တာတွေကို NUG နဲ့ ကမ္ဘာ့နိုင်ငံတွေက လက်ရှိအချိန်အထိ အရေးယူလုပ်ဆောင်နိုင်တာ မရှိသေးဘူးလို့ သူကပြောပါတယ်။

မြန်မာနိုင်ငံဟာ ICC တရားရုံးကို စတင်ဖန်တီးခဲ့တဲ့ Rome Statue ကို လက်မှတ်ထိုးထားတာ မရှိတဲ့အတွက် အာဏာသိမ်းစစ်ကောင်စီကို ICC မှာ အရေးယူနိုင်ဖို့ဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ပြန်လည် ကိုးကားလွှဲပြောင်းပေးမှသာ ICC က စီရင်ဆုံးဖြတ်ဖို့ အခွင့်အာဏာ ရရှိမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောတူညီမှုမရတဲ့အတွက် ရှေ့ဆက်တိုးလို့ မရနေတာ ဖြစ်တယ်လို့ HRW Asia Division ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး Phil Robertson က ထောက်ပြထားပါတယ်။

ပြည်သူလူထုအပေါ် အခုလိုကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လျစ်လျူမရှုဖို့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"ပြည်သူလူထုကို မီးရှို့သတ်ဖြတ်တာတွေ ကျနော်တို့ ကချင်မှာလည်း ရှိခဲ့ပါတယ်။ ဒီနေ့မှာ ဆက်စပ်ပေါ့ စစ်ကိုင်းတိုင်းဘက်မှာလည်း ရှိတယ်။ အခု ကယားဘက်မှာလည်း ရှိတယ်။ ဒါမျိုးတွေကတော့ လုံးဝမလုပ်သင့်ဘူး။ ကျူးလွန်တာပဲ။ သူများပြည်တွင်းအရေးကို မစွက်ဖက်ဘူးဆိုပေမယ့် လူမျိုးတွေ တုံးသွားတာတွေ ပြည်သူလူထုတွေ အသက်ဆုံးရှုံးသွားတာတွေကိုတော့ လျစ်လျူရှုလို့ မရဘူး။ နိုင်ငံတကာကလည်း UN ကလည်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ အိမ်နီးနားချင်းနိုင်ငံတွေ အားလုံးလည်း နှုတ်ပိတ်လို့ မရဘူး။ အရေးယူသင့်တဲ့နေရာမှာ အရေးယူပါ"

အခုလို သတ်ဖြတ်မှုတွေကို ကျူးလွန်လာတာ ဒီတစ်ကြိမ်တည်း မဟုတ်ပဲ ပြည်တွင်းစစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ ပြည်နယ်တွေမှာလည်း ကျူးလွန်ခဲ့တာတွေ ရှိတယ်လို့ သူကပြောပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးဖြစ်တဲ့ UN ဟာ ဗီတိုအာဏာ ရရှိထားတဲ့ နိုင်ငံကြီးတွေရဲ့ ပြောဆိုမှု အကျိုးစီးပွားကို ထည့်သွင်းစဉ်းစား ဆုံးဖြတ်ရတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့ UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် မျှော်လင့်ချက် အရမ်းမထားဖို့ ဒေါက်တာဇာနည် က ပြောပါတယ်။

"လူလူချင်းဖြစ်တဲ့ ပြစ်မှုမဟုတ်ဘဲနဲ့ အစုအဖွဲ့တစ်ခုကနေပြီးတော့ လူသားမျိုးနွယ်စု တစ်ခုလုံးအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေဟာ တောက်လျှောက် ကျူးလွန်လာခဲ့တာ ကယားပြည်နယ် ဖရူဆိုမှာဆိုရင်တော့ တော်တော်ဆိုးဆိုးဝါးဝါးပဲပေါ့နော်"

ကရင်နီပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ၊ အပြစ်မဲ့ပြည်သူ သတ်ဖြတ်ခံရမှု၊ စစ်ဘေးရှောင် သေဆုံးမှု အပါအဝင် စုစုပေါင်း သတ်ဖြတ်ခံရသူ ၁၈၇ ယောက် ရှိသွားပြီလို့ အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီလို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့ တပ်ဖွဲ့တွေအနေနဲ့ ဖြစ်ပွားကျူးလွန်တာ မရှိဘူးလို့ ငြင်းဆိုနေပြီး နိုင်ငံတကာရာဇဝတ်မှု မြောက်တယ်လို့ ထောက်ပြတာတွေကိုလည်း အမည်ခံအဖွဲ့အစည်းတွေရဲ့ ကြေညာချက်တွေဟာ မထူးဆန်းလှဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

zawminhtun.jpg"ကျနော် ပြောချင်တာကတော့ နိုင်ငံတကာအဖွဲ့အစည်းလို့ အမည်ခံပြီးတော့ မြန်မာ့နိုင်ငံရေးကို ဝင်ရောက် စွက်ဖက်ချင်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့ရဲ့ ကြေညာချက်တွေကတော့ ဘာမဆိုလာမယ်။ ကျနော်တို့ကတော့ လုံခြုံရေးနဲ့ ပတ်သက်လာပြီဆိုရင် ကျနော်တို့ အနေနဲ့ကတော့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသတည်ငြိမ်လုံခြုံရေးအတွက် ကျနော်တို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စည်းမျဉ်းတွေအတိုင်း ကျနော်တို့ ဆောင်ရွက်လျှက် ရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်နာရမယ့် စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်လျှက် ရှိတယ်။ မြန်မာ့တပ်မတော်အနေနဲ့ကတော့ ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းပဲ ဆောင်ရွက်လျှက် ရှိတယ်"

ကယားပြည်နယ်ထဲမှာ လူ ၃၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတဲ့ ဖြစ်စဉ်နဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/ AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း ဒီဇင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန် တောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၁၄၀၀ နီးပါး ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၁၁၀၀ ကျော်နဲ့ ဖမ်းဝရမ်းထုတ်ခံရသူ နှစ်ထောင်နီးပါး ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။