တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားမှာလည်း တိုက်ပွဲတွေဖြစ်နေ

အောင်သိင်္ခ
2020.12.17

မြန်မာ့တပ်မတော်နဲ့ ၂ နှစ်နီးပါး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေရပ်ဆိုင်းနေတာ တစ်လကျော်ရှိတော့မှာပါ။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နေပြည်တော်မှာ လုပ်ဆောင်နေပြီး တပ်မတော်ဘက်ကလည်း ရခိုင့်တပ်တော်နဲ့ ဆွေးနွေးမှုတွေရှိလာနေပါပြီ။

တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဦးစားပေးလုပ်ဆောင်လာတာကို တွေ့ရပါတယ်။ တဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲမှာ အပစ်ရပ်အဖွဲ့အစည်းတွေ အချင်းချင်းပစ်ခတ်မှုတွေရှိသလို အပစ်မရပ်ထားတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲတွေကလည်းရှိလာပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့က နမ္မတူမှာဖြစ်ပွားတဲ့ ရှမ်းပြည်တပ်မတော် RCSS နဲ့ တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ သုံးရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်တွေအချင်းချင်း တိုက်ပွဲတွေ မဖြစ်ပွားအောင် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုတယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်းခေးက ပြောပါတယ်။

"ပထမဆုံးသော ရှမ်းတွေအချင်းချင်း ပစ်ခတ်ကြ တိုက်ခတ်ကြတာတွေကို နောက်ထပ်မဖြစ်ပွားရလေအောင်ဆိုတဲ့ နှစ်ဖက်ဆက်ဆံ ဆွေး‌‌နွေးဖို့တွေလည်းရှိတယ်၊ အဲဒါကိုလည်း တဖြည်းဖြည်းချင်း ပိုပြီးတော့ အဆင်ပြေလာပါတယ်။ နောက်တဆင့်ကျတော့ တိုင်းရင်းသားတွေအချင်းချင်း ရှမ်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အားလုံးလည်း ထိုနည်းပုံစံပဲ ညှိနှိုင်းမယ်ဆွေးနွေးမယ်။ ဆွေးနွေးမယ့်ရည်ရွယ်ချက်တော့ ရှိတယ်လေ။ အဲဒါကတော့ တခြားအဖွဲ့လည်း အဲလိုပဲလို့ ယုံကြည်ပါတယ်နော်"

လက်နက်ကိုင်အဖွဲ့အစည်းတွေ အမြောက်အမြားတည်ရှိနေတဲ့ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်အချင်းချင်းတိုက်ပွဲတွေ လျှော့ချနိုင်ဖို့ ကြိုးစားနေတယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်းခေးက ပြောပါတယ်။

TNLA အနေနဲ့ကတော့ တိုက်ပွဲတွေ ဖြစ်ပွားရတာဟာ RCSS က နယ်မြေကျူးကျော်လာတဲ့အခါမျိုးမှာ ဖြစ်ပွားတာဖြစ်ပြီး RCSS အနေနဲ့ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း တိုက်ပွဲတွေ ဖြစ်ပေါ် လာတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

"တိုင်းရင်းသားကြားမှာ အချင်းချင်း တခါတလေတော့ ရှိတာပေါ့၊ အဲလိုမျိုးဖြစ်နေတဲ့ဟာကို ကျနော်တို့ ဒီဟာသည် RCSS ဘက်က NCA မထိုးခင်အထိ ကျနော်တို့နဲ့ တိုက်ပွဲထိတွေ့မှု တစ်ကြိမ်မှ မဖြစ်ခဲ့ဘူးပေါ့နော်၊ NCA ထိုးပြီးနောက်ပိုင်း NCA ထိုးတာကို အခွင့်ကောင်းယူပြီးမှ ကျနော်တို့နယ်မြေထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာတယ်။ တိုင်းရင်းသားအချင်းချင်းကတော့ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ သူတို့နယ်မြေက အရင်တုန်းကတော့ လှုပ်ရှားမှုကတော့ ရှမ်းတောင်ပိုင်းပေါ့နော် ရှမ်းတောင်ပိုင်းမှာပဲရှိတယ်၊ ကျနော်သွားတိုက်တာမရှိဘူး၊ သူတို့က ကျူးကျော်ပြီးတော့ ဝင်ရောက်လာတဲ့အတွက် အခုလိုမျိုး မလွဲမရှောင်သာ အဲလိုမျိုးတိုက်ပွဲ ဖြစ်ပွားရတာဖြစ်တယ်။"

၂၀၂၀ ခုနှစ် တစ်နှစ်လုံးမှာ RCSS နဲ့ TNLA တို့ တိုက်ပွဲစုစုပေါင်း ၁၀ ကြိမ်နီးပါး ထိတွေ့မှုတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ တန်းတူညီမျှခွင့်ရဖို့အတွက် တော်လှန်ရေးလုပ်နေကြတာဆိုတဲ့ အယူအဆလည်း ရှိနေပြန်ပါတယ်။ တဖက်မှာ တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့အတွက် တိုင်းရင်းသားပြည်သူတွေ စစ်ဘေးဒုက္ခသည်အဖြစ်ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က RCSS နဲ့ TNLA တိုက်ပွဲကြောင့် နမ္မတူမြို့နယ်မှာ စစ်ဘေးရှောင် ၂၀၀ လောက်ရှိခဲ့ပြီး ၇ ရက်လောက် ကြာသွားခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ပြောပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ တိုက်ပွဲပေါင်း ၉၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

ဒေါ်နန်းခမ်းအေးဟာ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မတီအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ရတာ မရှိဘူးလို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ပြောပါတယ်။

"တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဆိုပြီးရှိတယ်၊ ဒါပေမဲ့ အဲကော်မတီတွေက ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ရတာတော့ သိပ်တော့မရှိဘူး၊ ဥက္ကဋ္ဌနဲ့အတွင်းရေးမှူး တွေလောက်က ၂၁ ရာစုပင်လုံမှာပေါ့နော် အဲမှာသူတို့က ပါဝင်ပြီးတော့ ဆွေးနွေးရတာရှိတယ်၊ လွှတ်တော်အတွင်းကနေပြီးတော့ ဒီနယ်မြေမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပါ။ ဒီကိုယ်စားလှယ်တွေကဆိုပြီးတော့ အဲလိုတာဝန်ပေးတာမရှိဘူး၊ တာဝန်ပေးတာ မရှိဘဲနဲ့ ကိုယ်စားလှယ်တစ်ယောက်ကနေပြီးတော့ သွားပြီးတော့ စေ့စပ်ညှိနှိုင်းပေးတာတွေ လုပ်ခဲ့တဲ့အတွက်ကြောင့် အဲဒီကော်မတီကနေ ထုတ်ခံရတာရှိတယ်၊ အနားပေးခံရတာ ရှိတယ်ပေါ့။"

ငြိမ်းချမ်းရေး အမှန်တကယ် လိုချင်တယ်ဆိုရင်တော့ အပစ်ရပ်ထားတဲ့အဖွဲ့တွေအနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာမယ်ဆိုရင်တော့ အကောင်းဆုံး အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU/ KNLA နဲ့တပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲဝိုင်ဒေသမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။

လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအချင်းချင်းကြားထဲမှာ ဖြစ်ပွားတိုက်ပွဲတွေ၊ တပ်မတော်နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေရှိပါတယ်။ ဒီလိုတိုက်ပွဲငယ်တွေဖြစ်ပွားတာဟာ မြန်မာ့ငြိမ်းချမ်းရေးကို ထိခိုက်တဲ့ အနေအထားတော့ မရှိဘူးလို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

"အဲဒါကတော့ မရှိနိုင်ပါဘူး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒီအဖွဲ့တွေအားလုံးပါဝင် ဆွေးနွေးနိုင်ရင် မူဝါဒပိုင်းဆိုင်ရာတွေကို ညှိလို့ရရင် နောက်ပိုင်းမှာ နယ်မြေအုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ဘက်က တဖြည်းဖြည်း ညှိသွားရင်တော့ ဒီပြဿနာက အဆင်ပြေနိုင်တယ်လို့ထင်ပါ တယ်။ ချက်ချင်းလက်ငင်းကြီး ပြေလည်ဖို့တော့ ခက်ပါလိမ့်မယ်၊ နိုင်ငံရေးအရ သဘောတူညီချက်တွေ ယူပြီးတော့ အဲသဘော တူညီချက်တွေရတဲ့အပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမယ့် နယ်မြေပြဿနာကို ဘယ်လိုဖြေရှင်းရမယ် ဆိုတဲ့ သဘောတူညီချက်တွေ အားလုံးယူနိုင်တယ်ဆိုရင်တော့ ဒီပြဿနာကို တဖြည်းဖြည်းဖြေရှင်းသွားနိုင်မှာပါ လက်ငင်းဖြေရှင်း ဖို့တော့ ခက်ပါလိမ့်မယ်။"

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကိုကြည့်မယ်ဆိုရင် နယ်မြေကျူးကျော်ဝင်ရောက်တာတွေကြောင့်ဖြစ်ပြီး တပ်နေရာချထားရေးတွေက အရေးကြီးလာပြီလို့ ပြောပါတယ်။

တိုက်ပွဲငယ်တွေရှိနေဦးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးမှာ ကောင်းတဲ့အလားအလာမဟုတ်သလို လူမျိုးစုတစ်ခုနဲ့ တစ်ခုကြား အမုန်းတရားတွေ ပိုများလာတယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျူ MIPS အမှုဆောင်ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက သုံးသပ်ပါတယ်။

"တိုက်ပွဲတွေရှိနေတယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် မကောင်းဘူးပေါ့ တစ်ဖက်နဲ့တစ်ဖက် သတ်ကြဖြတ်ကြတယ်ဆိုလို့ရှိရင် ယုံကြည်မှုအားနည်းတယ်၊ နောက်တစ်ခုက ကျနော်တို့ သတိမထားမိတဲ့ဟာက ကျနော်တို့က တိုက်ပွဲတွေလောက်ပဲ ကြည့်နေပေ မယ့် အဲဒီတိုက်ပွဲတွေနဲ့ ဆက်စပ်ပြီးတော့ လူမျိုးစုကြားမှာ အမုန်းတရားတွေက အများကြီး ကြီးလာတယ်။"

တိုင်းရင်းသား လက်နက်ကိုင်အချင်း တိုက်ပွဲငယ်တွေဖြစ်ပေါ်နေတာဟာ နယ်မြေကိစ္စ၊ အခွန်ကိစ္စတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားတာ များတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ အချိန်တိုအတွင်း တိုးတက်နိုင်တဲ့ အလားအလာမရှိတဲ့အတွက် တစ်ကျော့ပြန် တိုက်ပွဲတွေ ဖြစ်မလာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အမြောက်အမြား ရှိနေပေမယ့် လက်ရှိ အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့ရှိပြီး မရေးထိုးထားတဲ့ အဖွဲ့ခုနစ်ဖွဲ့ရှိပါတယ်။

NCA ရေးထိုးထားတာ ၁၀ နှစ်ကျော်ရှိသွားပြီး NCA စာချုပ်မှာ ပါဝင်တဲ့အပိုင်းတွေကို ဆွေးနွေးမှု ပြုလုပ်နေချိန်မှာ တိုက်ပွဲငယ်တွေ ဖြစ်ပေါ်ခဲ့ပြီး ဆွေးနွေးမှုတွေကတော့ ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။