မတ္တရာမှာ စစ်ကြောင်းကြောင့် ဒေသခံတွေ ထွက်ပြေးနေရပြီး ဆယ်ဦးကျော် ဖမ်းဆီးခံထားရ
2024.05.26
မန္တလေးတိုင်း၊ မတ္တရာမြို့မှာ နေ့စဉ်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ မေလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ တမာကုန်းရွာခံ ဆယ်ယောက်ကျော်ကို ဖမ်းဆီးခဲ့ပြီး စစ်ကြောင်းနဲ့အတူ လင့်ကုန်းရွာကို ခေါ်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကြောင်းသုံးကြောင်းဟာ မြို့ပတ်ပတ်လည်က ရွာတွေကို မေလအစောပိုင်းကစပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်နဲ့ချီလည်း ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
နောက်ထပ်စစ်ကြောင်းကလည်း မေလ ၂၆ ရက်နေ့မှာပဲ ယမ်းကုန်းရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တချို့ကို မီးရှို့ခဲ့သလို ဒေသခံတွေရဲ့ပစ္စည်းတွေကိုပါ စစ်ကားနဲ့သယ်သွားတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
မြို့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို စစ်ကြောင်းခပ်စိပ်စိပ်ထိုးလာတယ်လို့ မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က RFA ကို ပြောပါတယ်။
"ဒီနှစ် နှစ်စပိုင်းကတည်းကစပြီးတော့ စကစက တစ်မြို့နယ်လုံးနီးပါးကို ဘယ်နေရာပဲ စစ်ကြောင်းထိုးထိုး အနည်းဆုံး စစ်ကြောင်းသုံးကြောင်း၊ အများဆုံး စစ်ကြောင်းငါးကြောင်းနဲ့ အဲဒီလိုမျိုးတွေ ဝင်ရောက် ထိုးစစ်ဆင်နေတာ ရှိတယ်"
ဖမ်းဆီးခံရတဲ့ တမာကုန်းရွာခံတွေကတော့ လက်ရှိ အဲဒီစစ်ကြောင်းနဲ့အတူရှိနေပြီး နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးဘူလို့ ဆိုပါတယ်။
ရွာတွေထဲ စစ်ကြောင်းဝင်လာချိန် မသင်္ကာတဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ မတ္တရာအရှေ့ခြမ်းမှာရှိတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"တောက်လျှောက်ကို နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ ထိုးတယ်။ အရှေ့ခြမ်းရော အနောက်ခြမ်းရောဆိုတော့ အများကြီးပဲပေါ့။ ရွာတစ်ရွာမှာ PDF အထိုင်ချတယ်ဆိုတာနဲ့ အိမ်အများကြီးရှို့တယ်။ တချို့ရွာတွေဆို သွားရင်းလာရင်းနဲ့ နာမည်ပေါက်တယ်ထင်တဲ့အိမ်တွေကို တစ်အိမ်နှစ်အိမ် ရှို့သွားတာလည်း ရှိတယ်"
မေလ ၄ ရက်နေ့ကလည်း မတ္တရာအရှေ့ခြမ်း၊ ချောင်းတော်ဝရွာက နေအိမ်နှစ်ဆယ်ခန့်ကို အဲဒီစစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဝင်လာတဲ့အခါ ဘေးလွတ်ရာကို ယာယီတိမ်းရှောင်ကြရပြီး စစ်ကြောင်းပြန်ထွက်တဲ့အချိန် ရွာထဲကို ပြန်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"နွေရာသီမှာဆိုရင်တော့ စစ်ကြောင်းဝင်လာရင် ကျွန်တော်တို့ရှောင်ရတာ လမ်းကြောင်းတွေများတယ်။ မိုးရာသီကျတော့ ရေဝင်တဲ့ အရပ်ဒေသတွေမှာဆို ပိုပြီးတော့ ဒုက္ခရောက်တယ်"
ဘေးလွတ်ရာထွက်ပြေးနေရတဲ့ မတ္တရာဒေသခံတစ်ဦးက မိုးတွင်းကာလမှာ ထွက်ပြေးနေရတာကြောင့် သွားရေးလာရေးနဲ့ ယာယီတည်းခိုဖို့နေရာ အခက်အခဲကြုံနေရတယ်လို့ RFA ကိုပြောပါတယ်။
"နွေရာသီမှာဆိုရင်တော့ စစ်ကြောင်းဝင်လာရင် ကျွန်တော်တို့ရှောင်ရတာ လမ်းကြောင်းတွေများတယ်။ မိုးရာသီကျတော့ ရေဝင်တဲ့ အရပ်ဒေသတွေမှာဆို ပိုပြီးတော့ ဒုက္ခရောက်တယ်။ လယ်ကွက်တွေတို့ ရေတွေ ပေါင်လောက်၊ ခါးလောက်နေရာကနေ ဖြတ်ပြီးမှသွားရတာမျိုးတွေ၊ အသက်ကြီးတဲ့သူတွေ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ဒုက္ခရောက်ခဲ့တာပေါ့"
မတ္တရာမြို့နယ်ထဲက ဒုက္ခသည်တွေကို ကူညီပေးနေသူတွေကတော့ စစ်ကြောင်းဝင်လာရင် အနည်းဆုံး လူနှစ်ထောင်အထက် ထွက်ပြေးရပြီး စစ်ကြောင်းပြန်ထွက်ရင် ရွာထဲပြန်နေကြတာကြောင့် လက်ရှိထွက်ပြေးရတဲ့ ဒေသခံစာရင်းအတိအကျကို မသိရသေးဘူးလို့ RFA ကိုပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မေလ ၄ ရက်နေ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော်ရှိနေပြီး ဒါဟာ ခြောက်လအတွင်း ငါးဆယ်ရာခိုင်နှုန်း မြင့်တက်လာတာလို့ ဆိုပါတယ်။