သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာဆီယံလိုလား

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2024.12.20
သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာဆီယံလိုလား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာ့အရေး ညှိနှိုင်းဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Thailand Foreign Ministry / AP

ဒီဇင်ဘာ ၁၉ ရက်နေ့က စတင်ကျင်းပတဲ့ မြန်မာအပါအဝင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက လာမယ့်နှစ်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ရှင်းပြခဲ့ပြီး မနေ့ကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ မြန်မာပြည်အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာတော့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ပါဝင်ခြင်းမရှိပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီရမ်ဖုန် က အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဖြစ်ဖို့ လိုလားတယ်လို့ အစည်းအဝေးအပြီးမှာ ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ မထောက်ခံကြဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူ ကိုရှဘတ်က အာဆီယံတိုက်တွန်းတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်က အောင်မြင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ဒီဟာက လက်တွေ့ကျကျ အလုပ်ဖြစ်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာပြည်ရဲ့ ပြည်နယ်နဲ့ တိုင်းတော်တော်များများမှာလည်း အခု စစ်ကောင်စီ လွှမ်းမိုးနိုင်တဲ့အနေအထားက အင်မတန် နည်းပါးသွားတယ်၊ တိုင်းပြည်တစ်ခုလုံးမှာလည်း မတည်မငြိမ်ဖြစ်နေတာဆိုတော့ အခု စစ်ကောင်စီ ကျင်းပမယ်ဆိုတာ သူ ထိန်းချုပ်နိုင်တဲ့ မြို့ကြီးအနည်းငယ်လောက်မှာပဲ ဖြစ်နိုင်မယ် ဒီဟာက တိုက်တွန်းပေမဲ့ လက်တွေ့မြေပြင်မှာတော့ အကောင်အထည်ဖော်နိုင်မယ်လို့တော့ သိပ်ပြီး မမြင်ပါဘူး”

မနေ့က အစည်းအဝေးမှာပါဝင်ခဲ့တဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်ဖို့ နဲ့ အာဆီယံဘုံ သဘောတူညီချက် ငါးရပ်ကို လေးစားလိုက်နာ အကောင်အထည်ဖော်ဖို့ မြန်မာစစ်တပ်ကို ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးပါဝင်တဲ့ အာဆီယံအစည်းအဝေးတွေ ဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ပြောခဲ့ပါတယ်။


ဆက်နွှယ်သောသတင်းများ

ထိုင်းဆွေးနွေးပွဲမှာ ရွေးကောက်ပွဲအစီအစဉ်တွေ စစ်ကောင်စီဝန်ကြီး ဆွေးနွေး

မြန်မာ့အရေး အာဆီယံရဲ့ ချဥ်းကပ်ပုံ ပြောင်းသင့်ကြောင်း ဘန်ကောက်ပို့စ် ဖော်ပြး

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိစ္စ ထိုင်း ဆွေးနွေးပွဲမှာ ပါဝင်နိုင်


ဒီဇင်ဘာ ၁၉ ရက်နေ့က အစည်းအဝေးမှာတော့ တရုတ်နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ အားလုံးက ပံ့ပိုးကူညီသင့်ကြောင်း ပြောခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာပြည်အရေးမှာ ပါဝင်ပတ်သက်သူအားလုံး ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိုင်းအစိုးရက မြန်မာ့အရေးအလွတ်သဘော အစည်းအဝေးနှစ်ခုကို ဘန်ကောက်မြို့မှာ နှစ်ရက်ကြာ သီးခြားစီကျင်းပခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်တွင်း မတည်ငြိမ်မှုတွေကြောင့် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရင်ဆိုင်ရတဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံကလည်း အပါအဝင်ဖြစ်တဲ့အတွက် မြန်မာပြည်အရေးကို ကူညီဖြေရှင်းဖို့ ထိုင်းအစိုးရက မကြာခဏ ကြိုးပမ်းပေမဲ့ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးတာဟာ မြန်မာပြည်အရေးအတွက် မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။