မြန်မာ့အရေးတိုးတက်မှုမရှိကြောင်း အာဆီယံကြေညာ
2023.05.11
မေလ ၉ရက်ကနေ ၁၁ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ လူဘန်ဘာဂျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံနိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအရေးကို အဓိကထား ဆွေးနွေးသုံးသပ်ခဲ့ကြပြီး၊ မြန်မာနိုင်ငံက ပဋိပက္ခတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ နည်းလမ်းရှာကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။
“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်ခံလို့မဖြစ်ပါဘူး”
မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့အကြောင်း လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒို က ပြောသွားပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ကြီးမားတဲ့ တိုးတက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် ရှေ့ခြေလှမ်းက ဘာဖြစ်မလဲ ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အာဆီယံနိုင်ငံအားလုံးရဲ့ စုစည်းညီညွတ်မှုကို လိုအပ်နေပါတယ်။”
တစ်ချိန်တည်းမှာ မြန်မာနိုင်ငံပြဿနာကြောင့် အာဆီယံအသိုက်အဝန်းတည်ထောင်ရာမှာ အတားအဆီး မဖြစ်သင့်ဘူးလို့လည်း သမ္မတ ဂျိုကို ဝီဒိုဒို က ပြောသွားပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်က အာဆီယံအနေနဲ့ အရေးကြီးပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း ပြောသွားပါတယ်။
“အာဆီယံဟာ အငြင်းပွားဖွယ် ဖြစ်တဲ့ ပြဿနာအများစုကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ ကြားဝင်စွက်ဖက်မှု မပြုရေးမူကြောင့် ရှေ့တိုးမရ ဖြစ်နေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခွင့် မရှိတာ မှန်ပါတယ်။ ဒါပေမယ့် စွက်ဖက်မှုမရှိဘူးဆိုရင်၊ ကျွန်တော်တို့ အားလုံးရှေ့ဆက်သွားလို့ရစေမယ့် မျှော်မှန်းချက် အသစ်တစ်ခုခုတော့ ရှိဖို့လိုပါလိမ့်မယ်။ ”
မြန်မာနိုင်ငံအရေးကို အရေးတကြီး ဆွေးနွေးပြောဆိုခဲ့ကြပေမယ့်၊ ရှေ့ဘာဆက်လုပ်မလဲဆိုတာ အာဆီယံ နိုင်ငံတွေအကြားမှာ ဝိဝါဒကွဲပြားနေဆဲ ဖြစ်ပြီး၊ နိုင်ငံအချို့ကတော့ မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးညီလာခံ တက်ခွင့် မပြုဘဲဆက်ထားပြီး၊ စစ်ကောင်စီရဲ့ ထိပ်တန်းသံတမန်တွေနဲ့ ထိပ်တန်းအရာရှိအချို့ကို ထိပ်သီးညီလာခံ အစည်းအဝေးတွေ တက်ခွင့်ပေးဖို့ ပြောဆိုခဲ့ကြတဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုတန်ဖိုးတွေဟာ အာဆီယံ ပဋိညာဉ်ထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ စံတန်ဖိုးတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံအရေးမှာ တိုးတက်မှုမရှိပေမယ့် အာဆီယံအနေနဲ့ လက်မလျှော့သင့်ဘူးလို့ ညီလာခံ အပိတ်မိန့်ခွန်းပြောရာမှာ ပြောသွားပါတယ်။
အစည်းအဝေးအပြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတ ဂျိုကို ဝီဒိုဒိုက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သည်းခံလို့ မဖြစ်တော့ကြောင်း ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်ခံလို့မဖြစ်ပါဘူး။ အာဆီယံနဲ့ရထားတဲ့ ဘုံသဘောတူညီချက်တွေအရ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ အာဆီယံရဲ့ ယုံကြည်လေးစားထိုက်မှုဟာ ယိုယွင်းနေတဲ့အတွက် အာဆီယံအနေနဲ့အားလုံးပါဝင်မှုရှိအောင် ပိုပြီး ကြိုးစားရမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ကတော့ စစ်ခေါင်းဆောင်အပါအဝင် အားလုံးနဲ့ စကားပြောဖို့ အသင့်ရှိနေပါတယ်”
ဒါ့အပြင် အာဆီယံအနေနဲ့ထိတွေ့ဆက်ဆံမှုတွေ လုပ်တာကို လက်ခံအသိအမှတ်ပြုတဲ့သဘောအဖြစ် မယူဆဖို့ သူက ပြောပါတယ်။
“အရေးအကြီးဆုံးကတော့ ထိတွေ့ဆက်ဆံမှုလုပ်တာဟာ အသိအမှတ်ပြုတဲ့သဘော မဟုတ်တဲ့အကြောင်း၊ ချဉ်းကပ်ဆက်သွယ်တာဟာ အသိအမှတ်ပြုမှုပေးတာ မဟုတ်တဲ့အကြောင်း ထပ်ပြီး ပြောလိုပါတယ်။ ဒီညီလာခံမှာ ကျွန်တော်ပြောခဲ့သလိုပဲ၊ အာဆီယံရဲ့စုစည်းညီညွတ်မှုက အရေးကြီးပါတယ်။ စုစည်းညီညွတ်မှု မရှိရင် အပြင်လူတွေက အာဆီယံကို အလွယ်တကူပဲ ဖြိုခွဲသွားပါလိမ့်မယ်”
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘာရီ အဗ္ဗဒူ ကဒီရာက အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံအကျပ်အတည်းကို အလေးအနက်ထားကြပေမယ့်၊ အဖွဲ့တစ်ခုလုံးအနေနဲ့ ဘယ်လိုတစ်စုစည်းတည်း ဘယ်လိုတုံ့ပြန်ဆောင်ရွက်ကြမလဲ ဆိုတာ သဘောတူညီမှုရဖို့ ခက်ခဲနေတဲ့အကြောင်း ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။ အာဆီယံအဖွဲ့ဝင် အားလုံးက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရမယ့် ဖြေရှင်းနည်းကို ရှာဖွေချင်ကြပေမယ့်၊ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့လည်း လိုသေးတယ်လို့ သူက ပြောပါတယ်။
အာဆီယံအထွေထွေအတွင်းရေးမှူး ကာအို ကင်မ် ဟောင်က အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ ပြင်းပြတဲ့ ဆန္ဒရှိနေပေမယ့် အမှန်တကယ် လုပ်ဖို့မလွယ်ကူဘဲ ဖြစ်နေတဲ့အကြောင်း၊ အချိန်ယူဖို့လည်း လိုတဲ့အကြောင်း ရိုက်တာ သတင်းဌာနကို ညီလာခံပြင်ပမှာ ပြောသွားပါတယ်။