မြန်မာ့ငြိမ်းချမ်းရေး အာဆီယံတောင်းဆိုမှု လက်တွေ့ဖြစ်နိုင်ခြေနည်း

RFA Burmese
2024.10.14
မြန်မာ့ငြိမ်းချမ်းရေး အာဆီယံတောင်းဆိုမှု လက်တွေ့ဖြစ်နိုင်ခြေနည်း လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် အာဆီယံညီလာခံအစည်းအဝေးအား ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဥ်။
AFP

လာအိုနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံအပြီး အာဆီယံဥက္ကဋ္ဌရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထည့်သွင်းတောင်းဆိုထားတာပါ။ ဒါပေမဲ့ ဒီတောင်းဆိုချက်ဟာ လက်တွေ့ဖြစ်လာနိုင်ခြေ နည်းတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အာဆီယံရဲ့ တောင်းဆိုမှု လက်တွေ့ဖြစ်လာနိုင်ဖို့က စစ်ကောင်စီအပေါ်မှာ အဓိက မူတည်နေတယ်လို့လည်း ပြောကြပါတယ်။

“အာဆီယံရဲ့တောင်းဆိုမှုက လက်တွေ့ ဖြစ်လာနိုင်ခြေ နည်းပါတယ်”

စစ်ကောင်စီအနေနဲ့ သဘောထား တင်းမာနေသရွေ့ အာဆီယံရဲ့တောင်းဆိုမှုဟာ လက်တွေ့ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့လည်း ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

“အဓိကကျတာကတော့ စစ်ကောင်စီပါပဲ။ စစ်ကောင်စီက ဘယ်လောက်လိုက်လျောနိုင်မလဲ။ တကယ်တော့ ဒီအာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီက တစ်ခုမှ မလိုက်နာနိုင်ဘူးဆိုတော့ ဒါကတော့ စစ်ကောင်စီအပေါ်မှာပဲ မူတည်နေတယ်”

TNLA ပြောခွင့်ရသူ လွေးယေဦးကလည်း အာဆီယံရဲ့တောင်းဆိုမှုက လက်တွေ့ ဖြစ်လာနိုင်ခြေ နည်းတယ်လို့ ပြောပါတယ်။

“လက်ရှိ စစ်ကောင်စီရဲ့ အခြေအနေအရဆိုတော့ လက်တွေ့ဖြစ်နိုင်တဲ့ကိစ္စက တော်တော် နည်းတာပေါ့လေနော်။ သို့ပေမဲ့ အလှည့်အပြောင်းတွေ ရှိလာတယ်ဆိုရင်တော့လည်း ကျွန်မတို့လည်း မပြောတတ်သေးဘူး”

စစ်ကောင်စီအနေနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဝန်ခံပြီး နိုင်ငံရေးက နုတ်ထွက်နိုင်မှသာ တွေ့ဆုံဆွေးနွေးရေးကို စဉ်းစားနိုင်မယ်လို့ လွေးယေဦးက ပြောပါတယ်။

အာဆီယံရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားမှု မြင့်တက်လာတာကို ရှုတ်ချပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေးနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးကြဖို့ကိုလည်း ထည့်သွင်းပြောဆိုထားပါတယ်။

“အာဆီယံအနေနဲ့ ကြားက ရှေ့ဆက် ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ စောင့်ကြည့်ရဖို့ရှိပါတယ်”

ဒါ့အပြင် မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ဟာ အဓိက ရည်ညွှန်းချက်အဖြစ် အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ညီညွတ်စွာ ထပ်လောင်းအတည်ပြုတယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုမဲ့အစား နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းသင့်တယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းစွာ ဖြေရှင်းကြပါ။ စကားကိုပြောနေမဲ့အစား မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုကိုသာလျှင် ဒီပထမဦးဆုံး ခြေလှမ်းဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသားတွေ ခြွင်းချက်မရှိ လွှတ်ပေးရေးကိစ္စကို မဖြစ်မနေလုပ်ဖို့ပေါ့နော်။ ဒါကို တိုက်တွန်းဆောင်ရွက်သင့်တယ်လို့ ကျွန်တော်တို့က ယူဆပါတယ်”

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံကို စစ်ကောင်စီက ကိုယ်စားလှယ် စေလွှတ်ခဲ့ပါတယ်။


ဆက်နွှယ်သောသတင်းများ

အာဆီယံညီလာခံမှာ အတိုက်အခံဘက်က အသံ ပါဝင်ဖို့လိုကြောင်း သုံးသပ်

အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားတယ်လို့ စစ်ခေါင်းဆောင်ပြော

အာဆီယံကနေ ထွက်ပေါက်ရဖို့ စစ်ကောင်စီ ကြိုးပမ်းနေကြောင်း လေ့လာသူတွေ ပြော


စစ်တပ်က အာဏာသိမ်းပြီးနောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို မြန်မာနိုင်ငံ ကိုယ်စားလှယ် တက်ရောက်တာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အာဆီယံအရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ အာဆီယံအနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီကို ထိတွေ့ဆက်ဆံလာပေမဲ့ တိုးတက်မှုတော့ မမြင်သေးဘူးလို့ သုံးသပ်ပါတယ်။

“အာဆီယံအနေနဲ့ ဒီလိုမျိုး စစ်ကောင်စီဘက်ကို ဒီအစည်းအဝေးမှာ ပြန်ပြီးတွေ့ဆုံဆွေးနွေးတာတွေ၊ ပြန်ပြီးတော့ စကားပြောတာတွေ လုပ်လာတာကနေပြီးတော့ စစ်ကောင်စီအနေနဲ့များ တစ်နည်းတစ်ဖုံနဲ့ ပြန်ပြီးတော့ နိုင်ငံရေးစကားဝိုင်းပေါ်ကို ပိုပြီးတက်လာချင်စိတ် ရှိမလားဆိုပြီးတော့ စဥ်းစားရခြင်းဖြစ်မှာပါ။ ဒါပေမဲ့ လက်ရှိ လောလောဆယ်အတွင်းမှာတော့ အာဆီယံအနေနဲ့ ထူးခြားတဲ့တိုးတက်ပြောင်းလဲမှု တစ်စုံတစ်ရာတော့ မတွေ့ရသေးဘူးလို့ ပြောရမယ်ဗျ”

စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေ နှစ်ဖက်ကြား လိုချင်တဲ့ပုံစံ ကွာဟချက် ကြီးမားတဲ့အပေါ်မှာ အာဆီယံအနေနဲ့ ကြားက ရှေ့ဆက် ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ စောင့်ကြည့်ရဖို့ရှိတယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး မြင်ကွင်းတစ်ခု။ (AFP Photo)
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး မြင်ကွင်းတစ်ခု။ (AFP Photo)

အာဆီယံဥက္ကဋ္ဌက ထုတ်ပြန်တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ကြေညာချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ အာဆီယံရဲ့တောင်းဆိုမှုတွေဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တော်လှန်ရေး အင်အားစုတွေအပေါ် စစ်ရေးအရ သိသာတဲ့ အောင်မြင်မှုတစ်ခု ရလာမှသာ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ကမ်းလှမ်းခဲ့ပေမဲ့ တော်လှန်ရေး အင်အားစုတွေကတော့ ငြင်းပယ်ထားကြပါတယ်။

မြန်မာ့အရေး လေ့လာသုံးသပ်သူတွေကလည်း စစ်ကောင်စီရဲ့ တော်လှန်ရေး အင်အားစုတွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းရာမှာ အမြင်လှအောင် ဟန်ရေးပြလုပ်ဆောင်တာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။