အာဆီယံတောင်းဆိုချက် ဖြစ်လာနိုင်ခြေနည်းကြောင်း လေ့လာသူတွေ သုံးသပ်
2024.07.30
မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး တင်းမာမှုတွေကို ငြိမ်းချမ်းစွာအဖြေရှာကြဖို့ အာဆီယံထိပ်တန်းခေါင်းဆောင်တွေက လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးအပြီး ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။
ပဋိပက္ခမှာပါဝင်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုယ်တိုင်က စစ်ပွဲတွေကို အဆုံးသတ်ချင်မှ အာဆီယံရဲ့ အခန်းကဏ္ဍ ပိုထိရောက်လာနိုင်မှာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အာဆီယံအရေး လေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြပါတယ်။
"အာဆီယံအနေနဲ့ပေါ့နော်၊ လုပ်နိုင်မယ့်ပုံစံ၊ လုပ်နိုင်မယ့်နည်းလမ်းကတော့ ဒီပြည်တွင်းစစ်ဖြစ်နေတဲ့ အနေအထား၊ အတိုင်းအတာတစ်ခုအထိ အရှိန်လျော့ကျသွားပြီးတော့ ပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုယ်တိုင်က ဒီစစ်ကို အဆုံးသတ်ဖို့ လိုအပ်ပြီ၊ စေ့စပ်ညှိနှိုင်းဖို့ လိုအပ်ပြီလို့ ယူဆလာတဲ့အခါမျိုးကျမှပဲ ဒီအာဆီယံရဲ့ လုပ်နိုင်တဲ့အခန်းကဏ္ဍက ပိုပြီးကျယ်ပြန့်လာမှာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံတွေရော၊ တရုတ်နိုင်ငံရော ဦးဆောင်မယ်ဆိုရင်လည်း အဆင်မပြေဘူး။ မကျေနပ်ဘူးလို့ ပြောလာနိုင်တဲ့သူတွေက ရှိတဲ့အခါကျတော့ အာဆီယံရဲ့ အခန်းကဏ္ဍက အဲဒီမှာ ပိုပြီး သိသာမြင်သာလာမှာပေါ့"
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကလည်း မြန်မာနိုင်ငံမှာ ဆက်တိုက်ပြင်းထန်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး စဉ်းစားဖို့လိုတယ်လို့ ထောက်ပြပါတယ်။
"အခုချိန်မှာ လူအများစုဖြစ်တဲ့ အစုအဖွဲ့တွေ၊ ဒီတိုက်နေ ခိုက်နေပြီးတော့ နယ်မြေလွှမ်းမိုးမှုရနိုင်တဲ့ အစုအဖွဲ့တွေရဲ့ စဉ်းစားတဲ့ ပြည်သူ့အတွက်ဆိုတဲ့ အဓိပ္ပာယ်တစ်မျိုး ဖြစ်နိုင်တယ်။ ပြီးသွားရင် ဖက်ဒရယ်နိုင်ငံကြီးမှာ အုပ်ချုပ်ထိုက်သူဖြစ်တယ်လို့ ကိုယ့်ဘာသာခံယူကြတဲ့ အစုအဖွဲ့တွေ စစ်ကောင်စီ ဒါမှမဟုတ်ရင် NUG သူတို့က စဉ်းစားတဲ့ ပြည်သူ့အတွက်ဆိုတာကလည်း အဓိပ္ပာယ်တစ်မျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပြည်သူအတွက် ဘယ်ဟာအကျိုးရှိလဲဆိုတဲ့ဟာကတော့ ကျွန်တော်တို့ သက်ဆိုင်ရာ အစုအဖွဲ့တွေအကုန်လုံး ပြန်ပြီးစဉ်းစားဖို့တော့လိုမယ်လို့ ကျွန်တော် မြင်တယ်ခင်ဗျ"
ဆက်နွှယ်သောသတင်းများ
မြန်မာပြည်မှာ အကြမ်းဖက်မှုတွေရပ်ဆိုင်းပြီး ငြိမ်းချမ်းစွာအဖြေရှာဖို့ အာဆီယံတောင်းဆို
ဘုံသဘောတူညီချက် ငါးချက် အာဆီယံ ပြန်လည်သုံးသပ်မည်
ပြည်သူကိုယ်စားပြုတဲ့သူတွေနဲ့သာ ဆက်ဆံဖို့ အာဆီယံကို NUG တောင်းဆို
အာဆီယံရဲ့ ဇူလိုင် ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်ရာမှာ ပါဝင်သူအားလုံးကို အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေပြီး အကူအညီ လိုအပ်နေသူတွေဆီ လူမျိုးဘာသာမခွဲခြားဘဲ လုံခြုံစွာ ပေးပို့နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက အာမခံချက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့နည်းနဲ့ အဖြေရှာနိုင်ဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံက ဆက်လက်တောင်းဆိုနေပေမဲ့ အခုအချိန်အထိ အာဏာသိမ်းစစ်ကောင်စီက လျစ်လျူရှုထားတယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်တွန်းချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ အာဆီယံရဲ့ မူဝါဒက မြန်မာပြည်အတွက် အလုပ်မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
"သူ (အာဆီယံ) က ပြန်သုံးသပ်မယ်ဆိုတဲ့ သဘောက လက်တွေ့မှာကျတော့ အရင်တုန်းကထားရှိခဲ့တဲ့ မူဝါဒက အလုပ်မဖြစ်ဘူးဆိုတာကို သူတို့သိလာတယ်ပေါ့နော်။ ဒါတစ်ချက်ပေါ့နော်။ ဒီရပ်တည်ချက် (ဘုံသဘော တူညီချက်) ကို ပြောင်းပစ်လိုက်လို့ကလည်း မရဘူးပေါ့နော်။ အဲဒီတော့ ပြန်စဉ်းစားမယ်ဆိုပြီးတော့ ဒီလိုနဲ့ပဲ အာဆီယံက ကျွန်တော်တို့ ဥက္ကဋ္ဌ တစ်ယောက်ပြီးတစ်ယောက်သာ ပြောင်းသွားမယ်။ ဒီလိုနဲ့ပဲ ထုတ်ဖော်ရင်းနဲ့ ပြောဆိုရင်းနဲ့ပဲ ပြီးသွားမယ့်သဘောပါပဲ"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အမြန်ဆုံးပြန်လည်သုံးသပ်ပြီး စစ်ကောင်စီကို အရေးယူဖို့ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။
"အကြမ်းဖက်မှုကိုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘယ်ကိုယ်စားလှယ်ကိုမှ အာဆီယံအဖွဲ့ကြီးက အစည်းအဝေးတက်ခွင့် မပေးသင့်ပါဘူး"
"အခုချိန်မှာ ပြန်လည်သုံးသပ်၊ အပြည့်အ၀ ပြန်လည်သုံးသပ်ပြီးတဲ့အချိန်မှာ အမြန်ပြန်လည်သုံးသပ်ပြီးတော့ မနှောင့်နှေးဘဲနဲ့ ဒီအရေးယူတဲ့ လိုအပ်သလို အရေးယူ ဖိအားပေးဖို့အတွက် အာဆီယံအဖွဲ့ကြီးက ဆောင်ရွက်သင့်ပါတယ်။ ဒီအကြမ်းဖက်မှုကိုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘယ်ကိုယ်စားလှယ်ကိုမှ အာဆီယံအဖွဲ့ကြီးက အစည်းအဝေးတက်ခွင့် မပေးသင့်ပါဘူး။ ကျွန်တော်တို့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ တရားဝင်ဖြစ်တဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေကို ဖိတ်ခေါ်သင့်ပါတယ်"
မြန်မာ့အရေးနဲ့ပတ်သက်ပြီး လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအို၊ အရင်နှစ် ဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့ လာမယ့်နှစ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မလေးရှား သုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အခုနှစ် လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ညီလာခံမတိုင်ခင် ဇူလိုင် ၂၄ ရက်နေ့မှာ အလွတ်သဘော သီးခြား ဆွေးနွေးတိုင်ပင်ခဲ့ပါသေးတယ်။
အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးသုံးဦး အမြင်ချင်း ဖလှယ်ခဲ့ကြတဲ့အကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာအောင် တွန်းအားပေးနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) ကတော့ စစ်ကောင်စီဟာ စေ့စပ်ဆွေးနွေးလိုတဲ့ဆန္ဒမရှိဘူးလို့ ဇူလိုင်လ ၂၅ ရက်က ဝေဖန်ခဲ့ပါတယ်။