တိုင်းရင်းသားအဖွဲ့တွေ၊ အတိုက်အခံတွေနဲ့ ထိတွေ့ဖို့ စစ်ကောင်စီ ငြင်းဆန်

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.05.16
တိုင်းရင်းသားအဖွဲ့တွေ၊ အတိုက်အခံတွေနဲ့ ထိတွေ့ဖို့ စစ်ကောင်စီ ငြင်းဆန် ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း မြန်မာနိုင်ငံကိုယ်စားလှယ်အတွက် လစ်လပ်နေသည့် ထိုင်ခုံကိုတွေ့ရစဉ်။
AFP

အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးပွားမြင့်တက်လာနေသလို အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းဟာလည်း ဒေသတွင်းလမ်းဆုံလမ်းခွမှာ ရောက်ရှိနေကြောင်း အင်ဒိုနီးရှားအကြီးတန်း ဝန်ကြီးတစ်ဦးက သတိပေးပြောဆိုလိုက်ပါတယ်။ အာဆီယံ ထိပ်သီးညီလာခံတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

အသံနဲ့ ဟန်သာရှိပြီး အစွယ်မဲ့အဖွဲ့အစည်းအဖြစ် ကာလကြာရှည် ဝေဖန်ခံနေရတဲ့ အာဆီယံက ဒေသတွင်း ပြဿနာအကျပ်အတည်းကို သံရေးတမန်ရေး အားထုတ်မှုတွေနဲ့ ဖြေရှင်းဖို့ အားထုတ်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအားထုတ်မှုတွေဟာ အရာမထင်ဘဲဖြစ်နေသလို မြန်မာအာဏာသိမ်း စစ်ကောင်စီကလည်း နိုင်ငံတကာအသိုင်းအဝန်းရဲ့ ဝေဖန်မှုတွေကို အရေးမစိုက်ဘဲ ဥပဒေပြဋ္ဌာန်းသူတွေ၊ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ခုခံရေးအင်အားစု PDF တွေနဲ့ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေအပါအဝင် အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆန်ပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့လက ခုခံရေးအဖွဲ့တွေ အားကောင်းတဲ့ ရွာတစ်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၇၀ ဝန်းကျင် သေဆုံးခဲ့တဲ့အတွက် နိုင်ငံအများက ပြစ်တင်ရှုတ်ချခဲ့ကြပြီး မြန်မာစစ်ကောင်စီအပေါ် အထီးကျန်ပစ်ပယ်မှု မြင့်တက်လာခဲ့သလို အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့လည်း အာဆီယံကို အရှိန်မြှင့်တောင်းဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့ နိုင်ငံရေး၊ ဥပဒေရေးနဲ့ လုံခြုံရေးဆိုင်ရာဝန်ကြီး Mahfud ကလည်း အာဆီယံဟာ လမ်းဆုံလမ်းခွမှာ ရောက်ကြောင်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာနေတဲ့ အကျပ်အတည်းတွေက မိမိတို့ကို စမ်းသပ်နေကြောင်း ညီလာခံပထမနေ့က သတိပေး ပြောဆိုခဲ့ပါတယ်။ အခုလို အခြေအနေထဲမှာ မြန်မာလည်း ပါဝင်နေတာဖြစ်ပါတယ်။

HRW လူ့အခွင့်အရေးအဖွဲ့ကလည်း ပြီးခဲ့တဲ့လ စစ်ကိုင်းတိုင်း အလယ်ပိုင်း လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုလို့ သတ်မှတ်ပြောဆိုနိုင်ပြီး အာဆီယံအနေနဲ့ စစ်တပ်ရဲ့ ဘဏ္ဍာရေးစီးဆင်းမှုကို ဖြတ်တောက် စစ်ကောင်စီတပ် ပြုပြင်ပြောင်းလဲမှုကိုဖော်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီကလည်း အင်္ဂါနေ့ဆွေးနွေးပွဲမှာ မြန်မာနဲ့ပတ်သက်လို့ အတော်များများ ပြောဆိုခဲ့ကြပြီး စနေနေ့တိုက်ခိုက်မှုအကြောင်းလည်း ပါဝင်ကြောင်း ပြောဆိုပါတယ်။ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

ဒီအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ သံတမန်တွေနဲ့ မြန်မာဆိုင်ရာ အာဆီယံလူသားချင်းစာနာကူညီရေး အရာရှိတွေပါဝင်တဲ့ယာဉ်တန်း တနင်္ဂနွေနေ့က တိုက်ခိုက်ခံခဲ့ရလို့ ဒေသတွင်း ဖိအားမြင့်တက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အသေးစိတ် မထုတ်ပြန်ပေမဲ့ အင်ဒိုနီးရှားနဲ့ စင်ကာပူကတော့ သူတို့ရဲ့ သံရုံးအဖွဲ့ဝင်တွေ ပါဝင်ကြောင်း စင်ကာပူသံရုံးက အဖွဲ့ဝင်နှစ်ဦး၊ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ အင်ဒိုနီးရှားသံရုံးက သံဝန်ထမ်းနှစ်ဦး ပါဝင်ပြီး တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ပြောဆို အတည်ပြုခဲ့ကြပါတယ်။

image.jpg
အင်ဒိုနီးရှားနိုင်ငံ လူဘန် ဘာဂျိုမြို့တွင် ၂ဝ၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ကျင်းပသည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး။ (Photo: AFP)

ဒီဖြစ်ရပ်ဟာ မေလ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပတဲ့ အာဆီယံညီလာခံမတိုင်ခင် ဖြစ်ပွားခဲ့တာပါ။ အဲဒီ တနင်္ဂနွေနေ့ တိုက်ခိုက်မှုဟာ ဆွေးနွေးပွဲမှာ အရေးပေါ်ဆွေးနွေးရမယ့်ကိစ္စဖြစ်ကြောင်း အရှေ့တောင်အာရှ သံတမန်တစ်ဦးက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ဒီကိစ္စအပေါ် အလေးအနက်စိုးရိမ်ကြောင်း ပြောဆိုလိုက်ပြီး မြန်မာအာဏာသိမ်း စစ်ကောင်စီအနေနဲ့ အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ကို အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်း ပြောဆိုလိုက်ပါတယ်။

မြန်မာအနေနဲ့ အာဆီယံအဖွဲ့ဝင် ဖြစ်နေသေးပေမယ့် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကြောင့် အဆင့်မြင့် ဆွေးနွေးပွဲတွေကို မတက်ရောက်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲမှာ မြန်မာအတွက် ထိုင်ခုံတစ်နေရာ လစ်လပ်နေခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။