လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းလိုင်းတချို့ ခရီးစဉ်လျှော့ချ

RFA Burmese
2023.12.20
လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းလိုင်းတချို့ ခရီးစဉ်လျှော့ချ ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ ဟဲဟိုးလေဆိပ်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီကိုလက်နက်ကိုင်ခုခံနေတဲ့ဒေသတွေမှာ လေကြောင်းသုံး တိုက်ခိုက်တာတွေ ရှိပေမယ့်၊ အရပ်သားတွေအားထားနေရတဲ့ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေ သုံးပုံတစ်ပုံလောက် လျော့နည်းသွားသလို၊ တချို့မြို့ကိုပြေးဆွဲတာတွေ ရပ်နားနေပြီး၊ လေယာဉ်လက်မှတ်ခတွေ စျေးတက်သွားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီက စစ်ရေးအတွက်လေယာဉ်ဆီတွေသိမ်းထားလို့ ပြည်တွင်းခရီးစဉ်တွေ ခက်ခဲသွားတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"စစ်ရေးလိုအပ်ချက်ဖြည့်ဆည်းဖို့အတွက် သူ့အတွက်လိုအပ်တဲ့လေယာဉ်ဆီကို သိမ်းပိုက်ပြီးနောက်မှ ကျန်တဲ့ အနည်းအကျဉ်းမျှသော လေယာဉ်ဆီတွေကို သိပ်ပြီးရုပ်မပျက်အောင်လို့ ပြည်တွင်းခရီးစဉ်တချို့ကို စီစဉ်ပေးနေတာ"

စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က တာဝန်ရှိ သူ Mike ကလည်း စစ်ကောင်စီဟာ လေယာဉ်ဆီထိန်းချုပ်ထားတာလို့ သုံးသပ်ပါတယ်။

"လေယာဉ်ဆီတွေမရှိတာမဟုတ်ဘူး၊ ရှိတယ်။ သူတို့အနေနဲ့က ရှင်းတယ်။ ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက်ပဲ အဲဒီလေယာဉ်ဆီကို သုံးနေတာဖြစ်တယ်။ အများပြည်သူသုံးဖို့အတွက်ဆိုတဲ့ဟာမျိုး ခေါင်းထဲမှာမရှိဘူး။ အရင်တုန်းကလည်း မစဉ်းစားဘူး။ အခုလည်း မစဉ်းစားဘူး"

အခုလိုသုံးသပ်ချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့အတွက် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

"ဆွဲတာတော့ ဆွဲတယ်။ မြစ်ကြီးနားဆိုရင်လည်း Sector လျော့သွားတယ်။ တာချီလိတ်တို့ ဘာတို့ဆိုရင်လည်း ခဏရပ်ထားတယ်။ ကျန်တဲ့နေရာတွေကတော့ ရပ်တာတော့ မရှိသေးပါဘူး"

လေယာဉ်တွေအရင်လို ပုံမှန်မပျံသန်းနိုင်တော့တာ မှန်ကန်တဲ့အကြောင်း ပြည်တွင်းပြည်ပလေယာဉ် လက်မှတ်ရောင်းတဲ့လုပ်ငန်းတစ်ခုက လုံခြုံရေးကြောင့် အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

"အရေအတွက်၊ အကြိမ်ရေနည်းသွားတာတော့ ရှိပါတယ်။ နည်းနည်းတော့ Connection တော့ လျော့တာပေါ့နော်။ ဆွဲတာတော့ ဆွဲတယ်။ မြစ်ကြီးနားဆိုရင်လည်း Sector လျော့သွားတယ်။ တာချီလိတ်တို့ ဘာတို့ဆိုရင်လည်း ခဏရပ်ထားတယ်။ ကျန်တဲ့နေရာတွေကတော့ ရပ်တာတော့ မရှိသေးပါဘူး၊ ဥပမာ အရင်က ရန်ကုန်-မြစ်ကြီးနားကို တစ်ပတ်ကိုသုံးခေါက်ဆွဲတယ်ဆိုရင် အခုက တစ်ခေါက်ပဲ ဆွဲတော့တာမျိုးပါ"

ရန်ကုန်- မြစ်ကြီးနား နေ့စဉ်ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်တချို့လည်း သိသိသာသာ နည်းသွားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မြစ်ကြီးနားဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"ရန်ကုန်-မြစ်ကြီးနား၊ မြစ်ကြီးနား-ရန်ကုန်က ဒီဇင်ဘာတစ်လလုံးအတွက် ခုံကုန်နေပြီလို့ ပြောတယ်။ အရင်ကတော့ Air KBZ၊ MNA၊ AirThanlwin သုံးမျိုးဆွဲပေမယ့် အခုကျ Air KBZ နဲ့ MNA ပဲ ဆွဲတော့တယ်။ Air ThanLwin က မြစ်ကြီးနားခရီးစဉ်ကို မဆွဲတော့တာ လေးလလောက်ရှိနေပြီ"

Air ThanLwin လေကြောင်းလိုင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာ မှာလည်း ရန်ကုန်- မြစ်ကြီးနား လေယာဉ်ပြေးဆွဲတာကို ရပ်နားထားကြောင်း အတည်ပြုပြောပါတယ်။ ဘယ်တော့ပြန်ပြေးဆွဲမလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။

လေကြောင်းခရီးစဉ်နည်းသွားပေမယ့်၊ မနှစ်က နှစ်သိန်းခြောက်သောင်းကျော်ပဲရှိခဲ့တဲ့ ရန်ကုန်-မြစ်ကြီးနားလက်မှတ်ခဟာ အခုနှစ်မှာတော့ သုံးသိန်းခွဲကနေ၊ လေးသိန်းသုံးသောင်းကျော်အထိ တက်သွားပါတယ်။

လေယာဉ်လက်မှတ်ခတွေစျေးတက်သွားတာနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က အခုလိုရှုမြင်ပါတယ်။

"လေယာဉ်ဆီနဲ့ သယ်ယူပို့ဆောင်ရေးအတွက်ရတဲ့အခွင့်အရေးက နည်းပါးနေတာကို ဘာနဲ့ဖုံးလဲဆိုတော့ ထုံးစံအတိုင်း လေယာဉ်လက်မှတ်ခတွေ မြှင့်တင်ပြီးတော့ သုံးစွဲတယ်။ ဒီလိုအခြေအနေအောက်မှာ ပြည်သူလူထုအနေနဲ့ ဘာမှလုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းမရှိပါဘူး"

စစ်ကိုင်းတိုင်း ကလေးမြို့ကိုပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေလည်း အခု နိုဝင်ဘာလကစပြီး မနက်ပိုင်း တစ်ချိန်ပဲပြေးဆွဲတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

"လေယာဉ်ကွင်း ပြုပြင်ဖို့ရှိတယ်ဆိုပြီး မနက်ပိုင်းတွေကို ပြောင်းပြီးပြေးဆွဲတယ်။ အရင်လတွေထက်စာရင် လျော့တယ်ပေါ့။ အာဏာမသိမ်းခင်ကဆိုရင် ကလေး လေယာဉ်က တစ်သိန်းတောင်မပြည့်ဘူး။ ကိုးသောင်း၊ တစ်သိန်းပဲ ရှိတယ်။ အခုက သုံးသိန်းခွဲဆိုတော့ တအားကွာတာပေါ့လေ။ ဒီနှစ်အတွင်းမှာကို သုံးခါလောက် ဈေးတက်တယ်"

ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲပြန်ဖြစ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ကုန်းလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီက ပိတ်ထားခဲ့ပါတယ်။ စစ်တွေ-ရန်ကုန် လေကြောင်းလိုင်း ပြေးဆွဲတာလည်း အရင်ထက် လျော့နည်းသွားတဲ့အတွက် ခရီးသည်နဲ့ ခရီးစဉ်မမျှလို့ လက်မှတ်ရဖို့ ခက်ခဲနေကြပါတယ်။

ဒါကြောင့် စစ်တွေမြို့သားတွေအတွက် အတော်လေးအခက်အခဲတွေရှိလာတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

"အကုန်လုံးခက်ခဲနေကြတာပေါ့။ သွားဖို့လာဖို့ ကျန်းမာရေးကိစ္စတွေကအစ ခက်ခဲတယ်။ စစ်တွေမှာ ဆေးကုလို့ အဆင်မပြေဘူးဆိုရင် ရန်ကုန်ကိုသွားဖို့က အဲဒီလိုတွေ ရှိပေမယ့် အခုက မရတော့ဘူး။ လေယာဉ်လက်မှတ်တောင်မှ ဒီလ ၂၄ ရက်နေ့အထိ ပြည့်နေပြီ"

ပြည်တွင်းမှာနေ့စဉ်ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ငါးလိုင်းရှိပါတယ်။ MNA၊ MAI၊ Air KBZ၊ Air Thanlwin နဲ့ Mann Yadanarpon တို့ဖြစ်ပါတယ်။ အဲဒီအထဲမှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA တစ်ခုပဲ နိုင်ငံပိုင်ဖြစ်ပြီး ကျန်တဲ့ လေကြောင်းလိုင်းတွေကတော့ ပုဂ္ဂလိကပိုင်တွေ ဖြစ်ပါတယ်။

ဘာကြောင့် လေယာဉ်ခရီးစဉ်တွေလျော့နည်းတာ၊ ရပ်နားတာတွေဖြစ်ရလဲဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လေကြောင်းပို့ဆောင်မှု ညွှန်ကြားမှုဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတဲ့ သူမရှိပါဘူး။

ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်အတွင်းရှိ ခရီးသွားများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်အတွင်းရှိ ခရီးသွားများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီဟာ သူ့ကိုခုခံတော်လှန်နေတဲ့ဒေသတွေမှာ လေကြောင်းသုံးပြီးတိုက်ခိုက်နေလို့ ပြည်သူတွေ အသက်အန္တရာယ်ဆုံးရှုံးနေတဲ့အတွက် လေယာဉ်ဆီမရောင်းဖို့ ကုလသမဂ္ဂ အရာရှိတွေနဲ့ ဒီမိုကရေစီအင်အားစုတွေက နိုင်ငံတကာကိုတိုက်တွန်းကြသလို၊ အမေရိကန် အစိုးရကလည်း စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းနေတဲ့ကုမ္ပဏီတွေကို ပိတ်ဆို့ အရေးယူကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးနေတာတွေ တားဆီးနိုင်ဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီကို လေယာဉ်ဆီအဓိကရောင်းနေတာကတော့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်နဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီတွေဖြစ်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့က ပြောပါတယ်။

လေကြောင်းသုံးပြီး တိုက်နေတာတွေဆက်မလုပ်နိုင်အောင် လေယာဉ်ဆီဖြတ်တောက်ရေး ဟာ အရေးကြီးတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က Mike ကလည်း ပြောပါတယ်။

"လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ပြီးမလုပ်နိုင်ဖို့အတွက် ကျွန်တော်တို့က လေယာဉ်ဆီ ဖြတ်တောက်ရေးသည် အသက်တမျှ အရေးကြီးတယ်လို့ ရှုမြင်ပါတယ်။ လေယာဉ်ဆီ ဖြတ်တောက်ဖို့ နည်းလမ်းတော့ မျိုးစုံရှိပါတယ်။ နိုင်ငံခြားကနေရောင်းတဲ့ လေယာဉ်ဆီတွေကို မရောင်းအောင် သို့မဟုတ် လေယာဉ်ဆီတွေ စစ်အုပ်စုက ဝယ်လို့ မရအောင်လုပ်တဲ့ နည်းလမ်းကတစ်ခု"

စစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ စစ်ကောင်စီအပေါ် ပစ်မှတ်ထား ဖြတ်တောက်တာတွေ ဘယ်လိုလုပ်လုပ် ဒီအကျိုးဆက်ကို ပြည်သူပဲခံစားရမှာလို့ RFA ကိုပြောပါတယ်။

"ဆန်ရှင် ပိတ်ဆို့ချင်တာက ဦးတည်ချက်ကတခြား။ တကယ်တမ်းထိတာက အောက်ခြေက ခရီးသွားပြည်သူတွေပဲဆိုရင် အဲဒီဆန်ရှင် မှန်လား၊ မှားလားဆိုတာ ကျွန်တော်တို့ ပြောနေကျအတိုင်းပဲပေါ့။ နိုင်ငံကြီးလုပ်တဲ့ ဆန်ရှင်ကတော့ အဆင်မပြေတာ။ အခုဆိုရင်လည်း လက်တွေ့ပေါ့။ အရေးတကြီးသွားရမယ့်လူတွေ ဒီလိုလူမျိုးတွေ လေယာဉ်လက်မှတ်ဝယ်မရဘူး၊ အခက်အခဲဖြစ်တယ်ဆိုရင် ဒါက ပြည်သူလူထုတွေ ခံစားရတာပဲလေ"

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းထားတဲ့ နှစ်နှစ်နဲ့ လေးလအတွင်း လေကြောင်း တိုက်ခိုက်မှု (၁၄၂၇) ကြိမ် ပြုလုပ်ခဲ့တယ်လို့ လွတ်လပ်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။