၁၀ နှစ်အတွင်း ဧရာဝတီမြစ်ရေကြီးမှု အဆိုးဆုံးလို့ ပြော


2019.07.16
ayeyarwaddy-river-bamaw-622.jpg ဧရာဝတီမြစ်ရေတက်နေတဲ့ ဗန်းမော်မြို့က ရေလယ်ကျွန်းတစ်ခုကို တွေ့ရစဉ်
Photo- khon Ja

ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ်အတွင်းက ဗန်းမော်နဲ့ ရွှေကူမြို့တွေအပြင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး မြစ်ရေကြီးမှုဟာ ၁၀ နှစ်အတွင်း အဆိုးဆုံးအခြေအနေရောက်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ရေကြီးမှုဟာ အရင်က ၃ နှစ်တစ်ကြိမ်လောက်သာဖြစ်လေရှိခဲ့ပေမယ့် ၂၀၁၄ ခုနှစ်ကစလို့ မိုးရာသီတိုင်း နှစ်စဉ်ရေကြီးပြီး မြစ်ကြောင်းတလျှောက် မြို့နယ်တွေမှာ ရေကြီးရေလျံမှုတွေ ဖြစ်ပေါ်နေတာပါ။

မြစ်ကြမ်းပြင်မြင့်တက်လာတဲ့အတွက် မိုးအနည်းငယ်ရွာပြီဆိုတာနဲ့ မြစ်ရေကြီးမှုကို မြစ်ကြောင်းတလျှောက် နေထိုင်ကြသူတွေ ခံစားကြရတာလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွက ပြောကြပါတယ်။

အခုလမှာတော့ ဧရာဝတီမြစ်ရေမြင့်တက်တာကြောင့် ကချင်ပြည်နယ်က ဗန်းမော်၊ ရွှေကူ၊ မြစ်ကြီးနားနဲ့ စစ်ကိုင်းတိုင်းက ကသာ၊ မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်တွေမှာ ရေကြီးရေလျံမှုတွေ ဖြစ်နေပါတယ်။

myitkyina-flooding-622.jpg

ဒီနေ့ထိ ဗန်းမော်၊ ရွှေကူနဲ့ ကသာမြို့တွေမှာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီး လမ်းမတွေမှာ ရေလွှမ်းနေလို့ စက်လှေတွေနဲ့ သွားလာနေကြရသလို ဒေသခံတွေကလည်း နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

ဧရာဝတီမြစ်ရေ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က အခုလိုပြောပါတယ်။

“၂၀၁၄  ကစပြီး ၂၀၁၉ အထိ ရေကြီးမှုအတိုင်းအတာတွေက အရင်တုန်းကထက်စာရင် ပိုပိုပြီးတော့ များလာတဲ့ အနေအထားတော့ရှိပါတယ်။ ဒီမြစ်အောက်ကြမ်းပြင် မြင့်တက်လာတဲ့ကိစ္စကိုပြောတာပါ။ ဒီပလတ်စတစ်တွေ စွန့်ပစ်တာတင်မဟုတ်ဘဲ သတ္တုတူးဖော်ရေးလုပ်ငန်းတွေက သဲနှုန်းတွေကို မြစ်ထဲကို တိုက်ရိုက်စီးဆင်းစေတာ မျိုးတွေ၊ ရေဝင်ရေလွှဲနေရာတွေမှာ သစ်တောတွေပြုန်းတီးလာတဲ့အတွက် မိုးများတဲ့အခါ ရေတွေက မြစ်ထဲကို တိုက်ရိုက်စီးဆင်းပြီး မြစ်ကြမ်းပြင်မြင့်တက်မှုနဲ့ ရေကြီးရေလျံမှုတွေ ဖြစ်စေပါတယ်။”

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာဆိုရင် ရေကြီးနေတာ ၅ ရက်လောက်ရှိပြီဖြစ်ပြီး စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ထားရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဗန်းမော်မှာ ရေကြီးရင် ၁ ရက် ၂ ရက်အတွင်း ရေပြန်ကျလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ၅ ရက်ကြာ တဲ့အထိ ရေမကျဘဲ မြေနိမ့်ပိုင်းတွေမှာ နေအိမ်ခေါင်မိုးအထိ ရေမြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးမများဘဲ ရေကြီးနေတာဖြစ်ပြီး ဒီနှစ်ရေကြီးတာဟာ ၂၀၀၉ ခုနှစ်ကစလို့ ၁၀ နှစ်အတွင်း အဆိုးဆုံး အခြေ အနေဖြစ်တယ်လို့လည်း ဗန်းမော်ဒေသခံ ဒေါ်ဂွန်ဂျာ ကပြောပါတယ်။

တစ်နှစ်ထက်တစ်နှစ် ဧရာဝတီမြစ်ရေကြီးလာစေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒေါ်ဂွန်ဂျာ က အခုလို ထောက်ပြပါတယ်။khonja-350.jpg

“ကချင်ပြည်နယ်မှာက ပလတ်စတစ်က အဲလောက်မဆိုးသေးဘူးလို့ ယူဆတယ်။ အဓိကကရွှေတူးတာ၊ ပြီးလို့ရှိရင် ဌက်ပျောခြံတွေ တ အားများလာတာ။ ဌက်ပျောစိုက်ခင်းတွေကို အပေါ်ကကြည့်လိုက် မယ်ဆိုရင် ကျမတို့ ကချင်ပြည်နယ်မှာ ဧက သန်းနဲ့ချီပြီး သစ်ခုတ် လိုက်ကြတာ။ ဒါတွေဟာ ၂၀၁၆  ရဲ့နောက်ပိုင်းမှာဖြစ်တယ်။ အဲလို ကျတော့ ရွာတဲ့မိုးတွေဟာ မြစ်ထဲကို တိုက် ရိုက်ရောက်တော့တာပဲ။ တောင်တွေအကုန်လုံးဟာ တောင်ကတုံးဖြစ်ကုန်တယ်။ ဌက်ပျော ပင်တွေမကြီးခင် တောင်တွေ အကုန်လုံးဟာ ရေမစုပ်နိုင်ဘူး။”

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာဆိုရင်လည်း ဧရာဝတီမြစ်ရေဟာ ၁၀ နှစ်အတွင်း အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေပြီး ရေဘေး ဒုက္ခသည် ၅၀၀ ကျော်ရှိနေသလို စာသင်ကျောင်း ၃ ကျောင်း ပိတ် ထားရတယ်လို့ သိရပါတယ်။

ကသာမြို့မှာဆိုရင်လည်း မိုးမရွာဘဲ မြစ်ရေကြီးနေတာလို့ ကသာမြို့ခံ ဦးကျော်မျိုးက ပြောပါတယ်။

“ရေက လမ်းမတွေမှာ နှစ်ပေ၊ သုံးပေလောက်ရှိတယ်။ နေ့လယ်တုန်းက ကျနော်တို့သွားတုန်းက ရေကတိုးတာ ကတိုးတယ်။ ရိပ်ရိပ်ရိပ်ရိပ်ပဲ တိုးတယ်။ အင်နဲအားနဲ့တော့ မတိုးဘူး။ အခုဟာက ဗန်းမော်က မကျသေးဘူး။ ဗန်းမော်ကလည်း တန့်နေတယ်ဆိုတော့ ဗန်းမော်ကျရင်တော့ ဒီမှာက တိုးတာကတော့ တိုးဦးမှာ ခင်ဗျ။ စိုးရိမ် စရာကတော့ မရှိလောက်ပါဘူး။ မြစ်ကြီးနားရေကျသွားပြီ။ မြစ်ကြီးနား ဆက်တိုးနေမယ်ဆိုရင်တော့ မပြော တတ်ဘူး။ တချက်ရှိတာက ကသာက မိုးမရွာဘူး။ အရင်က ရေကြီးတာက မြစ်က ရေကဆင်းလာတာတမျိုး ဒီကမိုးရွာတာကတမျိုး အဲလိုဆိုရင်တော့ စိုးရိမ်ရတာပေါ့။ အခုက ကသာက မိုးမရွာတာ တော်တော်ကြာပြီလေ။”

အခုလ ၉ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ ဧရာဝတီမြစ်တွင်း ပလတ်စတစ်ညစ်ညမ်းမှုများနဲ့ စိန်ခေါ်မှုများ ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အရ နေ့စဉ် ဧရာဝတီမြစ်ထဲကို ပလတ်စတစ် တန်ချိန် ၁၁၉ တန် စွန့်ပစ်နေတာတွေရှိပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ဧရာဝတီမြစ်ဟာ ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်စာရင်းမှာ နံပါတ် ၉ နေရာရှိခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ဟာ ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်စာရင်းမှာ နံပါတ် ၉ နေရာရှိခဲ့တယ်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေ တဲ့ စိမ်းရောင်စိုနဲ့ သဘာဝစိမ်းအဖွဲ့တွေကို ဦးဆောင်သူ ဦးမောင်မောင်ဦးက ဧရာဝတီမြစ်ရေလျံကွင်းတွေကို မြေဖို့ပြီး ဖွံဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာတွေဟာလည်း မြစ်ရေကြီးမှုရဲ့ အကြောင်းရင်းဖြစ်တယ်လို့ ထောက်ပြပါတယ်။

“နောက်ဆက်တွဲဘာကြောင့်လဲ စဉ်းစားတဲ့အခါ လူလုပ်ပရောဂတွေ များစွာတွေ့ရပါတယ်။ မြစ်တွေရဲ့ ဆန့်ထွက်နိုင် တဲ့ ဧရိယာတွေကို သတ်ပစ်လိုက်ရင် မြစ်ကြောင်းရဲ့ အောက်ဘက်က မြို့တွေက ပိုမိုခံစားရမှာဖြစ် ပါတယ်။ ဥပမာပြောရရင် မန္တလေးက တောင်သမန်ဆိုတာ ဧရာဝတီမြစ်ရဲ့ ရေလျံကွင်းကြီးပါ။ ဧရာဝတီမြစ်ရဲ့ ရေလျံကွင်းတွေလည်း အထက်မှာများစွာရှိပါတယ်။ အခု ၂၀၁၅  နောက်ပိုင်းမှာ သူရဲ့ ရေလျံတဲ့ ဝင်ပေါက် ထွက်ပေါက်တွေကို ပိတ်ဆို့ပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတယ်။ ဒီခွင့်ပြုမိန့်တွေကို ပြန်လည် သုံးသပ်ဖို့လိုနေပါပြီ။ တောင်သမန်နေရာအပြင် အမရပူရ ဖွံ့ဖြိုးရေးစီမံကိန်းဆိုတာရှိပါတယ်။ မြစ်ကမ်းနံဘေး မှာလုပ်တာပါ။ ဒါက မြစ်ရဲ့ ရေလွှမ်းလွင်ပြင်ပါ။”

မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတွေရဲ့ ခန့်မှန်းချက်အရ လာမယ့် ၃၊ ၄ ရက်အတွင်း စိုးရိမ်ရေမှတ် ကျော်လွန်နေတဲ့ ဧရာဝတီမြစ်ရေဟာ ရွှေကူ၊ ဗန်းမော်နဲ့ ကသာမြို့တွေမှာ ကျလာနိုင်တယ်လို့ သိရပါတယ်။

နှစ်စဉ်မြစ်ရေကြီးမှုမဖြစ်ဖို့ မြစ်တွေကောင်းမွန်စွာ စီးဆင်းနိုင်ဖို့အတွက် မြစ်အတွင်း စည်းကမ်းမဲ့ ပလတ်စတစ် စွန့်ပစ်တာတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေက စွန့်ပစ်ရေနဲ့ စွန့်ပစ်ပစ္စည်းတွေကို မြစ်အတွင်း တိုက်ရိုက်စွန့်ပစ် တာတွေအပြင် သစ်တောခုတ်တာတွေကို ထိရောက်တဲ့ ဥပဒေတွေနဲ့ အရေးယူဖို့ လိုအပ်ကြောင်း ပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်သူတွေက ပြောကြပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။