အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ဘန်ကီမွန်း တောင်းဆို
2023.04.25
မြန်မာနိုင်ငံကို ရုတ်တရက် လာရောက်ခဲ့တဲ့ The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို လက်တွေ့ အကောင်အထည်ဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
ဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဧပြီ ၂၅ ရက် ဒီနေ့ ထုတ်ပြန်တဲ့ The Elders အဖွဲ့ရဲ့ ကြေညာချက်မှာ အဲဒီလို တောင်းဆို လိုက်တာပါ။
အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်အောင် တိုက်တွန်းဖို့ မြန်မာပြည်ကို လာခဲ့တာဖြစ်ကြောင်းနဲ့ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ တိုက်တွန်းပါတယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။
ကျွန်တော့်ခရီးစဉ်က မြန်မာပြည်သူတွေကို ဘယ်လိုကူညီနိုင်မလဲဆိုတာ ရှာဖွေဖို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းမှု၊ အနာဂတ်ရှိမှု၊ လွတ်မြောက်မှုတွေနဲ့ ထိုက်တန်တဲ့ မြန်မာပြည်သူတွေကို ကျွန်တော် တတ်နိုင်သမျှ အလုံးစုံ ကူညီနိုင်ဖို့ မြန်မာပြည်ကို လာခဲ့တာပါလို့လည်း ဘန်ကီမွန်းက ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာ လာရောက်ခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာ့အရေး လေ့လာသူတွေက ထောက်ပြဝေဖန်နေချိန်မှာပဲ The Elders အဖွဲ့က ချက်ချင်း ကြေညာချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အတိတ်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်၊ အသုံးချခံဖြစ်ခဲ့တဲ့ အခြား နိုင်ငံတကာ ခေါင်းဆောင်ဟောင်းတွေ၊ သံတမန်တွေလို မဖြစ်အောင် မစ္စတာဘန်ကီမွန်းအနေနဲ့ သတိပြုဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“တစ်ခုတော့ မစ္စတာ ဘန်ကီမွန်းအနေနဲ့ သတိထားဖို့ သင့်တာကတော့ ဒီစစ်ကောင်စီရဲ့ ဝါဒဖြန့်မှုမှာ အသုံးချ ခံလိုက်ရတဲ့ နိုင်ငံတကာ ခေါင်းဆောင်ဟောင်းပဲ ဖြစ်ဖြစ်၊ သံတမန်တွေပဲဖြစ်ဖြစ် အဲဒီစာရင်းထဲ မပါသွားမိစေဖို့၊ သူ့ရဲ့ လုပ်ကိုင်ချက်တွေကို သတိထားဖို့ လိုတယ်ဆိုတာကို သတိပေးချင်ပါတယ်။ စစ်ကောင်စီက သူရဲ့ အကြမ်းဖက်မှုကို ရပ်မှာ မဟုတ်ဘူး။ နိုင်ငံတကာကို လှည့်ဖြားဖို့အတွက် သူတို့ရဲ့ ဝါဒဖြန့်မှုမှာ အသုံးချဖို့အတွက် လုပ်မှာတော့ သေချာတယ်။ အဲဒီအကွက်ထဲ မဝင်မိစေဖို့ကို မစ္စတာဘန်ကီမွန်းအနေနဲ့ သတိထားပြီး ဆောက်ရွက်သင့်တယ်ဆိုတာ သတိပေးပြောကြားချင်ပါတယ်”
The Elders လို့ အမည်ပေးထားတဲ့ ကမ္ဘာ့ထင်ရှား ပုဂ္ဂိုလ်ကြီးများအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၂၃ ရက်နေ့က နေပြည်တော်ကိုရောက်လာပြီး ၂၄ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ရော သမ္မတဟောင်း ဦးသိန်းစိန်နဲ့ပါ တွေ့ဆုံခဲ့တာပါ။
အဲဒီလိုတွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ အပြန်အလှန် အပြုသဘောဆောင်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဧပြီ ၂၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီခရီးစဉ်ကနေ မစ္စတာဘန်ကီမွန်း အဓိကလိုချင်တာက ဘာလဲဆိုတာ စောင့်ကြည့်ရမယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။
“အရင်တုန်းကဆို ဒါ ပွင့်ပွင့်လင်းလင်းပြောရရင် ဘန်ကီမွန်းတို့နဲ့၊ သူတို့ ပြောတဲ့ လုပ်တဲ့ကိစ္စနဲ့ မြန်မာနိုင်ငံရဲ့ သွားနေတဲ့ ရပ်တည်ချက်က ပြောရရင် တော်တော်လေး ဆန့်ကျင်ဘက် ဖြစ်တယ်၊ အဲဒီလို အနေအထားမျိုးမှာ သူပြန် ရောက်လာတယ်ဆိုတော့ ဒါကတော့ နည်းနည်းထူးခြားမှုရှိတယ်လို့ သုံးသပ်လို့ ရတယ်။ တစ်ခုတော့ ရှိတာပေါ့လေ ဘာတွေ ဆွေးနွေးသွားလဲ၊ ဘာတွေကို အဓိက လိုချင်လို့ လာတာလဲ၊ ဒါကတော့ နည်းနည်းစောင့်ကြည့်ရမယ့် အနေအထားရှိပါတယ်။”
The Elders အဖွဲ့ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ဒီခရီးစဉ်ကို မြန်မာစစ်တပ်က ဖိတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ မစ္စတာဘန်ကီမွန်းက အာဆီယံ ဘုံသဘောတူညီချက်တွေနဲ့ ၂၀၂၂ ဒီဇင်ဘာလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နေတဲ့ကိစ္စ အမြန်ဆုံးတိုးတက်ဖို့ လိုအပ်တယ် ဆိုတာကို အလေးအနက်အထား ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတကာက တောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ရေးနဲ့ အားလုံးပါဝင်တဲ့ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးရေးဖြစ်လာဖို့ကို ဘန်ကီမွန်းက ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
"နိုင်ငံတကာရဲ့ ဖြစ်စေချင်တဲ့ လမ်းကြောင်း အပေါ်မှာ သံသယတွေ ပိုများသွားနိုင်တယ်"
ဘန်ကီမွန်းရဲ့ အခုခရီးစဉ်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရတဲ့အပေါ်မှာတော့ ဒီမိုကရေစီ အင်အားစုတွေဘက်က ထောက်ပြဝေဖန်နေကြပါတယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ The Elders အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
ဘန်ကီမွန်းအနေနဲ့အခုလို စစ်ကောင်စီ တစ်ဖက်တည်းကိုပဲ တွေ့ဆုံခဲ့တဲ့အတွက် အားလုံးပါဝင်တဲ့ တွေဆုံဆွေးနွေးရေး အကောင်အထည်ဖော်ဖို့ကို ပိုခက်ခဲသွားစေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“တစ်ဖက်တည်း တွေ့သွားတယ်ဆိုတဲ့ဟာက အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ အင်အားစုတွေနဲ့ ဒီလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေ နိုင်ငံတကာ အင်အားစု၊ နောက်တစ်ခု နိုင်ငံတကာရဲ့ ဖြစ်စေချင်တဲ့ လမ်းကြောင်း အပေါ်မှာ သံသယတွေ ပိုများသွားနိုင်တယ်၊ သံသယများသွားရင် နောက်ပိုင်းမှာ တကယ်လို့ လေးလေးစားစားနဲ့ အားလုံးပါဝင် အောင်လုပ်တယ်ဆိုရင်လည်း လုပ်ရ ပိုခက်သွားနိုင်တယ်။ အဲလိုတော့ မြင်ပါတယ်”
ရှစ်ယောက်မြောက် ကုလအတွင်းရေးမှူးချုပ်အဖြစ် ၂၀၀၇ ကနေ ၂၀၁၆ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ မစ္စတာ ဘန်ကီမွန်းဟာ အဲဒီအချိန်ကတည်းက အာဏာအသိမ်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေနဲ့ အကျွမ်းတဝင် ရှိခဲ့ပါတယ်။
သူဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းဒဏ်ခံရသူတွေအတွက် နိုင်ငံတကာအကူအညီတွေပေးနိုင်အောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ မြန်မာစစ်အစိုးရနဲ့ လာရောက်ညှိနှိုင်းခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ် မြန်မာတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးစဉ်ကလည်း ကုလသမဂ္ဂရဲ့ အသိသက်သေအဖြစ် ပါဝင်ခဲ့ပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ကုလကိုယ်စားလှယ်တွေဟာ စစ်ခေါင်းဆောင်တွေကို လာရောက်တွေ့ဆုံတဲ့အခါ အပြုသဘော နားချကြတယ်၊ အပြင်ရောက်သွားရင် တင်းတင်းမာမာ ပြောလေ့ရှိတာကြောင့် နောက်တစ်ကြိမ် ပြည်ဝင်ခွင့်မရတော့ဘဲ ကြားဝင်ဆောင်ရွက်မှုတွေက မအောင်မြင်တာ များတယ်လို့ RFA ကို ပြောပါတယ်။
“အထူးသဖြင့် ကျွန်တော်တို့ သတိထားမိတာက ကုလသမဂ္ဂကနေပြီးတော့ ကိုယ်စားလှယ်တွေ ခန့်လိုက်တဲ့သူတွေက မြန်မာနိုင်ငံကို သွားတယ်၊ သွားပြီးရင် အဲလိုပဲ သူတို့ ပြောစရာရှိတာတွေကို တင်းတင်းမာမာ ပြောတယ်၊ ဒီဘက်က ပြောလိုက်တဲ့ ဟာတွေကို သူတို့ သိပ်ပြီးတော့ ခေါင်းထဲမှာ မထားဘူး။ အပြင် ရောက်သွားရင် သူတို့ ဘယ်လို ပြောလိုက်တယ်ပေါ့၊ နစကကြီးကို သူတို့ ဘယ်လို ပြောလိုက်တယ်ပေါ့။ ပြီးလို့ရှိရင် သူတို့က မြန်မာနိုင်ငံအတွင်းမှာ ဘယ်လိုတွေ ဖြစ်နေပါတယ်ပေါ့၊ အဲလိုပြောလိုက်တဲ့အခါကျတော့ နစက ကစိတ်ဆိုးရော။ နောက်တစ်ခါ အဲဒီလူကို ပေးမလာတော့ဘူးနော်။ အဲလိုတွေ ဖြစ်သွားပြီးတော့ မအောင်မြင်တာ များတာပေါ့ဗျာ”
The Elders လို့ အမည်ပေးထားတဲ့ “ကမ္ဘာ့ထင်ရှား ပုဂ္ဂိုလ်ကြီးများအဖွဲ့” ကို ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်း၊ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလားက ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးက သမ္မတဟောင်းတွေ၊ ဝန်ကြီးချုပ်ဟောင်းတွေနဲ့ နိုဘယ်လ်ဆုရှင်တွေ ပါဝင်ဖွဲ့စည်းထားတာပါ။
The Elders အဖွဲ့ရဲ့ လက်ရှိဥက္ကဋ္ဌကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် မင်းကြီးဟောင်း မေရီရော်ဘင်ဆန် ဖြစ်ပါတယ်။