ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား သုံးထောင်နီးပါးကို ပြန်ပို့ပြီးကြောင်း BGF ပြော

RFA Burmese
2025.03.12
ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား သုံးထောင်နီးပါးကို ပြန်ပို့ပြီးကြောင်း BGF ပြော မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းငွေလိမ်လုပ်ငန်တွေက သိမ်းဆည်းရမိသည့် ပစ္စည်းများအား ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရကနေ့က ကရင်နယ်ခြားစောင့်တပ် (BGF) တာဝန်ရှိသူများမှ လိုက်လံပြသစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့နယ်က ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံပေါင်း ၃ဝ က နိုင်ငံခြားသား ၇၅၂၃ ဦးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ မတ်လ ၁၂ ရက်နေ့အတွင်း ရှာဖွေထိန်းသိမ်းထားပြီး အဲဒီထဲက ၂၇၆၃ ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့ထားပြီးဖြစ်တယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က မတ်လ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

"လူဦးရေ ကျွန်တော်တို့ ၇၅၂၃ ဦး ရှာဖွေဖမ်းဆီးနိုင်ခဲ့တယ်၊ အဲကနေပြီးတော့မှ အိမ်နီးချင်းထိုင်းနိုင်ငံကနေတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ၂၇၆၃ ဦး ပြန်လည်လွှဲပြောင်းပေးပါပြီ၊ စုစုပေါင်းအားလုံး နိုင်ငံ ၃၀ ကို ကျွန်တော်တို့ ဖော်ထုတ်တွေ့ရှိရတယ်။ အများဆုံးကတော့ တရုတ်နိုင်ငံသားတွေပေါ့။ တရုတ်နိုင်ငံသား ၄၈၈၅ ဦးကိုဖော်ထုတ်ရရှိခဲ့တယ်။ အဲကနေပြီးတော့ လက်ရှိထိုင်းနိုင်ငံကနေတစ်ဆင့် သူ့နိုင်ငံကို ပြန်လွှဲပေးတာ ၂၀၈၀ ဦးရှိပါတယ်"

သတင်းစာရှင်းလင်းပွဲကို ရွှေကုက္ကိုမြို့သစ်က BGF တပ်နယ် ၃ ခန်းမမှာ မနေ့က ကျင်းပခဲ့တာပါ။


ဆက်နွှယ်သောသတင်းများ

ကျားဖြန့်လုပ်ငန်းခေါင်းဆောင်တချို့ ဖမ်းမိထားကြောင်း BGF ပြော

ငွေလိမ်လုပ်ငန်းကလူတွေကို သက်ဆိုင်ရာနိုင်ငံတွေကလက်မခံသေးကြောင်း BGF ပြော

ငွေလိမ်လုပ်ငန်းတွေနှိမ်နင်းရေး ဆက်လုပ်နေကြောင်း BGF ပြော


BGF ထိန်းသိမ်းထားတဲ့အထဲမှာ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ မလေးရှား၊ တောင်အာဖရိက၊ နီပေါ၊ ကမ္ဘောဒီးယား၊ ယူဂန်ဒါ၊ နိုင်ဂျီရီးယား၊ ထိုင်ဝမ် စတဲ့ နိုင်ငံပေါင်း ၃ဝ က နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကတစ်ဆင့် ပြန်ပို့လိုက်တဲ့ ၂၇၆၃ ဦးကတော့ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ မလေးရှားနိုင်ငံသားတွေဖြစ်ပါတယ်။

"အဓိကလူကတော့ ကျွန်တော်တို့ထိန်းသိမ်းထားတာ လောလောဆယ် ခြောက်ဦး ရှိပါတယ်"

ဒီလိုဖမ်းဆီးထိန်းသိမ်းထားတဲ့အထဲမှာ တရုတ်ငွေလိမ်လုပ်ငန်းတွေက သူဌေးတွေကိုယ်စား ဦးဆောင်လုပ်တဲ့ အလုပ်သမားခေါင်းဆောင် ခြောက်ဦးလည်း ပါဝင်ပါတယ်။

"အဓိကလူကတော့ ကျွန်တော်တို့ထိန်းသိမ်းထားတာ လောလောဆယ် ခြောက်ဦး ရှိပါတယ်။ သူဌေးတွေကျတော့ သူတို့ကရှင်းရှင်းပြောရရင် သူတို့ဘယ်မှာနေလဲ ဘာလုပ်နေလဲဆိုတာမသိဘူး သူတို့ရဲ့ ကိုယ်စားလှယ်တွေ အဓိက ကတော့ ခေါင်းဆောင်တချို့တွေပေါ့နော် အဲဒီခေါင်းဆောင် တချို့လည်း ထိန်းသိမ်းထားတယ်ဆိုတဲ့ အကြောင်းတရားတွေကလည်း တခြားပြစ်မှုတွေလည်း နည်းနည်းကျူးလွန်ထားတာရှိတော့ အချုပ်ထဲမှာ ခဏထိန်းထားတယ် ဒါ အရေးကြီးတရားခံပုံစံ နဲ့ ပြန်လည်လွှဲပြောင်းပေးမှာဖြစ်တဲ့အတွက်ကြောင့် လွှဲပြောင်းတဲ့နေ့မှထုတ်ပြန်လို့ရမယ်"

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တရုတ်လောင်းကစားရုံများနှင့် ငွေလိမ်လုပ်ငန်းများတွင် အလုပ်လုပ်နေသည့် အိန္ဒိယနိုင်ငံသား ၂၈၃ ဦးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ပြန်လည်လွှဲအပ်စဉ်။ ( Photo : Citizen Photo)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တရုတ်လောင်းကစားရုံများနှင့် ငွေလိမ်လုပ်ငန်းများတွင် အလုပ်လုပ်နေသည့် အိန္ဒိယနိုင်ငံသား ၂၈၃ ဦးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ပြန်လည်လွှဲအပ်စဉ်။ ( Photo : Citizen Photo)

BGF က ပြန်ပို့ဖို့ စီစဉ်နေတဲ့အထဲမှာ ဂျပန်နိုင်ငံသားတစ်ဦးပါဝင်ပါတယ်။ အဲဒီဂျပန်နိုင်ငံသားကို ပြန်ပို့ဖို့ ကြန့်ကြာနေတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းယူတဲ့ ဂျပန်သတင်းသမားတစ်ဦးက မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က BGF ဘက်က ပြန်ပို့ဖို့ အဆင်သင့်ဖြစ်ပေမဲ့ ထိုင်းနဲ့ ဂျပန်သံရုံးဘက်က စီစဉ်တာ ကြန့်ကြာနေတာလို့ ပြန်ဖြေခဲ့ပါတယ်။

"လက်ရှိက ကျွန်တော်တို့ဆီမှာ ဂျပန်နဲ့ ပတ်သက်တာဆိုလို့ တစ်ယောက်ပဲရှိတယ်။ ပြန်လည်လွှဲပြောင်းဖို့ အခန်းကဏ္ဍမှာလည်း သူတို့ကပိုပြီးတော့ အဓိကကျတယ် ကျွန်တော်တို့ဆီမှာက လက်ရှိရောက်လာလို့ရှိရင် နေ့ရော ညရော နိုင်ငံကသက်ဆိုင်ရာတာဝန်ရှိသူတွေက အချိန်နဲ့တပြေးညီ စစ်ဆေးတယ်၊ စစ်ဆေးပြီးတော့မှ ပြည်နှင်ဖို့အကုန်လုံးအဆင်သင့်ဖြစ်နေတာတွေ ရှိတယ်။ ကြန့်ကြာမှုက ဂျပန်သံရုံး နဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့က သူတို့ဆက်နွှယ်မှု လုပ်ရမဲ့အလုပ်တွေပေါ့နော် သူတို့ခေါ်လို့ရှိရင် ကျွန်တော်က ကြိုက်တဲ့အချိန်ပြန်ပို့ဖို့အဆင်သင့်ရှိတယ်"

ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် ကရင်နယ်ခြားစောင့်တပ် (BGF) မှ ဖမ်းဆီးထိန်းသိမ်းထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူများအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo ; Citizen Photo)
ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် ကရင်နယ်ခြားစောင့်တပ် (BGF) မှ ဖမ်းဆီးထိန်းသိမ်းထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူများအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo ; Citizen Photo)

မြဝတီမြို့နယ်အတွင်းက ကာစီနိုလုပ်ငန်းတွေ၊ ငွေလိမ်လုပ်ငန်းတွေကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက ပြန်ခေါ်ဖို့ တွန့်ဆုတ်နေကြတာကြောင့် သူတို့ဆီမှာ သောင်တင်နေပြီး နေ့စဉ်အထွေထွေကုန်ကျစရိတ်တွေ ရှိနေတယ်လို့ BGF ဘက်က ပြီးခဲ့တဲ့လကုန်လောက်က ပြောထားပါတယ်။

BGF ထိန်းချုပ်နယ်မြေထဲမှာ ကျားဖြန့်လို့ နာမည်ကြီးတဲ့ ငွေလိမ်လုပ်ငန်းတွေနဲ့ လူကုန်ကူးတာတွေ ပပျောက်ဖို့ တိုက်ဖျက်နေပေမဲ့ ဒီလုပ်ငန်းတွေ ဆက်လည်ပတ်နေဆဲပဲလို့ ဒေသခံတချို့က ပြောကြပါတယ်။ BGF ဘက်ကတော့ တရားမဝင်ငွေလိမ်လုပ်ငန်းတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ ပြောထားပြီး မြဝတီဧရိယာမှာ ငွေလိမ်လုပ်ငန်းတွေနဲ့ လူမှောင်ခိုလုပ်ငန်းတွေ မလုပ်ကြဖို့ သတိပေးချင်တယ်လို့လည်း ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။