"၁၀၂၇ စစ်ဆင်ရေး" ပိုးလမ်းမစီမံကိန်းကို ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်သူတွေသုံးသပ်

ဒေါ်စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.11.09
"၁၀၂၇ စစ်ဆင်ရေး" ပိုးလမ်းမစီမံကိန်းကို ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်သူတွေသုံးသပ် ၂၀၂၃ အောက်တိုဘာ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်အစိုးရ၏ ခေတ်သစ်ပိုးလမ်းမ BRI စီမံကိန်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် ညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မိန့်ခွန်းပြောနေစဉ်။
Reuters

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ စစ်ဆင်ရေးဟာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ကို ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားတဲ့အကြောင်း Newsweek မဂ္ဂဇင်းက နိုဝင်ဘာ ၈ ရက်မှာ ဖော်ပြလိုက်ပါတယ်။

BRI ဟာ ဒေသတွင်းနိုင်ငံတွေအတွင်း ကုန်သွယ်ရေးအဓိက လမ်းကြောင်းလည်း ဖြစ်ပါတယ်။ သူ့ Podcast ကနေလည်း အခုလိုပြောသွားပါတယ်။

ပုန်ကန်ခြားနားတဲ့ အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ တရုတ်နိုင်ငံအတွက် ပြဿနာကြီး တချို့ဖန်တီးပါတယ်လို့ Pennsylvania Bucknell တက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ ကျိ့ချင်ဂျူ (Zhiqun Zhu) က Newsweek ကို ပြောပါတယ်။

“တရုတ်နိုင်ငံဟာ တခြားနိုင်ငံက ပြည်တွင်းရေးကိုဖြစ်ဖြစ်၊ ပြည်တွင်းစစ်ကိုဖြစ်ဖြစ် ပါဝင်ပတ်သက်လိုစိတ်မရှိတဲ့အတွက်လည်း တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကတဆင့် မြန်မာနဲ့ အရှေ့တောင်အာရှကို ဆက်သွယ်မဲ့ Belt and Road Initiative (BRI) ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို ထိခိုက်မယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး။”

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး Nong Rong မြန်မာနိုင်ငံရောက်ရှိလာပြီး နယ်စပ်တည်ငြိမ်ရေး ဆောင်ရွက်ဖို့ နိုဝင်ဘာလဆန်းက တိုက်တွန်းခဲ့ပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်ကတော့ တရုတ်နိုင်ငံက ကြားဝင်ဆွေးနွေးတာမျိုး ရှိနိုင်တယ်လို့သာ ခန့်မှန်းပါတယ်။

“Post Covid (ကိုဗစ်လွန်ကာလ) မှာ ယူနန်တို့ဘာတို့မှာ ကုန်သွယ်ရေးလမ်းဖြစ်နေမှ လူတွေနည်းနည်းပါးပါး သွားသွားလာလာနဲ့ ကုန်သွယ်မှုတွေဘာတွေ လုပ်နိင်မယ်။ နောက်တခုက ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI Project) လိုမျိုးပေါ့၊ လက်တွေ့မှာ မြေပြင်စိုးမိုးမှုကို အလေးပေးပြီး ဆွေးနွေးကြမလားဆိုတာ မဟာမိတ်အဖွဲ့တို့ SAC စစ်ကောင်စီတို့က ဖြေရမဲ့ဟာမျိုး ဖြစ်သွားမယ်လို့ မြင်တာပေါ့နော်။”

ခေတ်သစ်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ချိန်မှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားရပြီး ကပ်ရောဂါ ခေါင်းထောင်နေတုန်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပါတယ်။

အရင့်အရင် အာဏာသိမ်းမှုတွေလို လူထုက ငြိမ်မခံနေတော့ဘဲ တော်လှန်စစ်နဲ့ စစ်ကောင်စီကို အာခံမြဲအာခံနေတုန်း အရင့်အရင်တွေနဲ့မတူတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ စစ်ဆင်ရေး ပေါ်ပေါက်လာတာပါ။

ဒီလို တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်တစ်လျှောက် မတည်မငြိမ်ဖြစ်တဲ့အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးကိုလည်း ထိခိုက်တယ်လို့ ပါမောက္ခ ကျိ့ချင်ဂျူ( Zhiqun Zhu)က ပြောပါတယ်။

ကမ္ဘာပတ် ကုန်သွယ်မဲ့ လမ်းကြောင်း ကြံဆောင်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၁၃ က ကြေညာခဲ့ပြီး ၁၀ နှစ်အကြာမှာ ဒီလိုကြုံရတာပါ။

အဲမတိုင်ခင်ကလည်း BRI ကို အင်နဲ့အားနဲ့အကောင်အထည်ဖော်တုန်း တရုတ်နိုင်ငံ ဝူဟန်ကစဖြစ်တဲ့ Covid 19 ကပ်ရောဂါက ကမ္ဘာကို အရင်ပတ်ပြီး လူတွေလည်းသေဆုံးရ၊ စီးပွားရေးလည်း ပျက်ပြားရပါတယ်။

အဲဒီကိုဗစ်ကပ်ရောဂါကြောင့် ကက်စီနိုလောင်းကစားရုံတွေ ပိတ်လိုက်တဲ့အတွက် အွန်လိုင်းလောင်းကစားဝိုင်းတွေ လုပ်ငန်းတွင်ကျယ်သွားပြီး သာမန်လောင်းကစားဝိုင်းကနေ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပေါ်ပေါက်လာပါတယ်။

တကယ်တော့ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း စစ်အစိုးရအဆက်ဆက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍအရပ်ရပ်မှာ တရုတ်နိုင်ငံကို မှီခိုအားထားရပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက မြန်မာနယ်စပ်တွေမှာ ကြီးထွားလာတာက ပြဿနာတစမီးပွားတစ ဖြစ်ဟန်ပြလာပါတယ်။

ဒါကို နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်ကတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံကို ထိခိုက်မှုတွေများတယ်လို့လည်း သုံးသပ်ပါတယ်။

“စစ်အစိုးရလက်ထက်တလျှောက် တရုတ်ကို တော်တော်များများမှီရတာပေါ့နော်။ စစ်လက်နက်ပစ္စည်းတို့ ဘာတို့ကိစ္စတွေ၊ မြောက်ပိုင်းမှာ အပစ်ရပ်စဲရေးလေးတွေ ဘာလေးတွေလုပ်ထားတော့ တည်ငြိမ်မှုကလည်း တစုံတရာ ဒီကုန်သွယ်ရေးတွေ ဘာတွေမှာထိန်းနိုင်တယ်။ ပြဿနာက အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်မှာတော့ မတည်မငြိမ်ဖြစ်တာပေါ့၊ နောက်တခုက အဓိက တစ်ချက်က နယ်စပ်တစ်လျှောက်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပွထတယ်။ နိုင်ငံတကာမှာလည်း မျက်နှာပျက် တအားပျက်ရတယ်။ နောက် သူ့နိုင်ငံသားတွေ ထိခိုက်တာများတယ်။”

ခေတ်သစ်ပိုးလမ်းမစီမံကိန်းဟာ ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေကို ချေးငွေအလုံးအရင်းပေးခဲ့တဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။ ရှေးက ပိုးလမ်းမကို ခေတ်အတွေးခေတ်အမြင် ခေတ်ကာလနဲ့အညီ ခေတ်မီတဲ့နည်းနဲ့ ကမ္ဘာပတ်ကုန်သွယ်ဖို့ အကောင်အထည်ဖော်တာပါ။

ခရစ်တော်မပေါ်ခင် ဘီစီ ၂၀၆ ကနေ ခရစ်တော်ပေါ်ပြီး သက္ကရာဇ် ၂၂၀ ထိ နန်းစံခဲ့တဲ့ တရုတ်ဟန်မင်းဆက်လက်ထက် တရားဝင် ဖွင့်လှစ်ခဲ့တဲ့ ပိုးလမ်းမဟာ တရုတ်နိုင်ငံကနေ အာရှအလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာကို ဆက်သွယ်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းကွန်ရက်ဖြစ်တယ်လို့ Encyclopaedia Britannica ဗြိတိန်စွယ်စုံကျမ်းက ဖော်ပြပါတယ်။

ပိုးလမ်းမလို့ခေါ်တွင်ရတာကလည်း တရုတ်နိုင်ငံက ပြည်ပကိုအဓိကတင်ပို့တဲ့ အရေးအကြီးဆုံး ပို့ကုန်တစ်ခုဖြစ်တဲ့ ပိုးထည်တွေကို ဒီလမ်းကြောင်းကနေ သယ်ယူပို့ဆောင်သွားလို့ပဲ ဖြစ်ပါတယ်။

ရှေးခေတ်ပိုးလမ်းမမှာ ကုန်သွယ်တဲ့အခါ ဝန်တင်တိရိစ္ဆာန်တွေသုံးခဲ့ပေမဲ့ ခေတ်သစ် ပိုးလမ်းမကြီးကတော့ ကြည်း-ရေ-လေ လမ်းကြောင်း အစုံစုံပါတဲ့ ကွန်ရက်ကြီးဖွဲ့တဲ့အတွက် တံတားတွေ၊ ဆိပ်ကမ်းတွေနဲ့ အဝေးပြေးလမ်းမတွေဆောက်ဖို့ တရုတ်က ချေးငွေပေးတာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ တရုတ်ကြွေးမြီထောင်ချောက်ထဲ သက်ဆင်းခံရတယ်လို့လည်း ဝေဖန်ခံရပါတယ်။

ခေတ်သစ်ပိုးလမ်းမကြီးကို အပေါ်ကနေကြည့်ရင် လူ့ခန္ဓာကိုယ်က သွေးကြောတွေလို ရထားလမ်းတွေ၊ ကားလမ်းတွေ၊ မဟာဓာတ်အားပေးလိုင်းတွေ၊ ရေနံပိုက်လိုင်း၊ သဘာဓာတ်ငွေ့ပိုက်လိုင်းတွေ တစ်ခုနဲ့တစ်ခု ကွန်ရက်ဖွဲ့ ချိတ်ဆက်နေပါမယ်။

ကုန်းတွင်းလမ်းသာမက ၂၁ ရာစု ရေကြောင်းပိုးလမ်းမကြီးကလည်း ဒေသတွင်း ရေကြောင်းလမ်းတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပါမယ်။ တရုတ်နိုင်ငံဦးနှောက်ဟာ ပထဝီနိုင်ငံရေးကို ထည့်တွက်ထားပြီး သူ့အိမ်နီးချင်းနိုင်ငံက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာမှ သူအလွန်အားထားတဲ့ ခေတ်သစ်ပိုးလမ်းမနဲ့ ကုန်သွယ်ရေးအိပ်မက် အကောင်အထည်ဖော်ရေး အခက်ကြုံနေရတာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။