မြန်မာ့အရေးသွေးမအေးဖို့ မြန်မာ အလုပ်သမားတွေ ဘန်ကောက်မှာ ဆန္ဒပြ
2023.07.02
ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာအလုပ်သမားတွေ၊ တိုင်းရင်းသားတွေ ဇူလိုင်လ ၂ ရက်နေ့က မြန်မာနိုင်ငံအရေး ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြသူ ၂၅၀ လောက်ရှိပြီး ထိုင်းရဲတပ်ဖွဲ့ကို ခွင့်ပြုချက်တင်ပြီးမှ ပြသတာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဥ်သူတွေက ပြောပါတယ်။ မြန်မာအလုပ်သမားတွေဟာ တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဖြစ်တာနဲ့အညီ ဆန္ဒလာပြ ကြတာ ဖြစ်ပါတယ်။
"စစ်အာဏာရှင်တွေရဲ့ မတရားအနိုင်ကျင့်မှုတွေကို ကမ္ဘာကြီးက သွေးအေးမသွားဖို့၊ ရွှေ့ပြောင်းလုပ်သားတွေလည်း သွေးအေးမသွားဖို့ နှိုးဆော်တဲ့အနေနဲ့ ရည်ရွယ်ပါတယ်"
ဇူလိုင်လ ၃ ရက်နေ့ဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မွေးနေ့ဖြစ်လို့ ဇူလိုင်လ ၂ ရက်နေ့မှာ လာပြီး ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားအဖွဲ့တွေ၊ တိုင်းရင်းသား ကိုယ်စားပြုအလုပ်သမားအဖွဲ့တွေက ဖြစ်တယ်လို့ ဆန္ဒပြပွဲဖြစ်မြောက်ရေး ဆောင်ရွက်သူ ကိုသုညသစ် က ပြောပါတယ်။
“ဆန္ဒပြရခြင်း ရည်ရွယ်ချက်ကတော့ လက်ရှိ ကျွန်တော်တို့ နိုင်ငံက စစ်အာဏာရှင် တွေရဲ့ မတရားအနိုင်ကျင့်မှုတွေကို ကမ္ဘာကြီးက သွေးအေးမသွားဖို့၊ ထိုင်းမှာရောက်နေ တဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း သွေးအေးမသွားဖို့ နှိုးဆော်တဲ့အနေနဲ့ အဓိက ရည်ရွယ်ပါတယ်။ နောက်တစ်ခုကတော့ မနက်ဖြန်ကျရောက်မယ့် မင်းအောင်လှိုင် မွေးနေ့ဆိုတာကို ကျွန်တော်တို့ ဆန္ဒပြကြခြင်း ဖြစ်ပါတယ်”
ဆန္ဒပြသူတွေဟာ တောင်းဆိုချက်တွေကို သံချပ်ထိုးပြီး ကြွေးကြော်ခဲ့ကြပါတယ်။ တစ်ဆက်တည်း ကုလသမဂ္ဂကိုတောင်းဆိုတဲ့ အချက်ငါးချက်ကို ကိုသုညသစ်က ပြောပါတယ်။
“UN မှာ တောင်းဆိုမယ့် အချက် ငါးချက်ရှိပါတယ်၊ နံပါတ်တစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးရေး၊ နှစ် ကတော့ အမျိုးသား ညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့၊ သုံးကတော့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့၊ လေးကတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး နိုင်ငံတကာက အကူအညီတွေပေးဖို့၊ နံပါတ် ငါး အချက်ကတော့ အာဆီယံက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ လေးစားလိုက်နာပေးရေးဖြစ်ပါတယ်”
ဆန္ဒပြပွဲကို ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းထောက်တွေလည်း လာရောက်သတင်းယူပါ တယ်။ မနက်ဖြန် တနင်္လာနေ့မှာလည်း အလုပ်သမားတချို့က စစ်ကောင်စီသံရုံးရှေ့မှာ ဆန္ဒပြဖို့ မြို့နယ်ရဲတပ်ဖွဲ့ထံမှာ ခွင့်ပြုချက်ယူပြီး ဖြစ်ပေမယ့် မြန်မာသံရုံးက ကန့်ကွက်နေ တာကြောင့် ဆန္ဒပြပွဲဖြစ်မြောက်ဖို့မလွယ်ဘူးလို့ စီစဥ်သူတွေက ပြောပါတယ်။