ဧပြီလအတွင်း နိုင်ငံတစ်ဝန်းက နေအိမ်လေးထောင်နီးပါး မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2024.05.10
ဧပြီလအတွင်း နိုင်ငံတစ်ဝန်းက နေအိမ်လေးထောင်နီးပါး မီးရှို့ဖျက်ဆီးခံရ မကွေးတိုင်း မြိုင်မြို့နယ် ကံသစ်ရွာမှ နေအိမ်များ မီးရှို့ခံရသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့က တွေ့ရစဥ်။
နွေဦးတော်လှန်ရေး - ​မြိုင်မြို့

နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဧပြီလ တစ်လတည်းမှာတင် နေအိမ်လေးထောင်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ မီးရှို့ဖျက်ဆီးခံရမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က နေအိမ် ၁၅၀၀၊ မန္တလေးတိုင်းက နေအိမ် ၁၂၂၀၊ စစ်ကိုင်းတိုင်းက နေအိမ် ၉၉၇ လုံးနဲ့ မကွေးတိုင်းက နေအိမ် ၂၂၉ လုံး ပါဝင်တယ်လို့ ဆိုပါတယ်။

“ရွာလုံးကျွတ်နီးပါး မီးလောင်းပျက်စီးခဲ့ပြီးနောက် ဒေသခံတွေဟာ ပြာပုံပေါ်မှာပဲ တဲတိုးပြီးနေကြရပါတယ်”

မီးရှို့ခံရမှုတွေဟာ တိုက်ပွဲပြင်းထန်တဲ့ဒေသတွေနဲ့ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုး လှုပ်ရှားတဲ့ ဒေသတွေများ အများဆုံးဖြစ်ခဲ့တာလို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ နေအိမ်ဆုံးရှုံးသွားတဲ့လူတွေဟာ ဒုက္ခသည်စခန်းတွေနဲ့ မီးလောင်ပြင်နေရာတွေမှာ ယာယီမိုးကာတဲတွေထိုးပြီး ဖြစ်သလို နေကြရတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နက်ရွာက နေအိမ်မီးလောင်ဆုံးရှုံးထားတဲ့ ဒေသခံတစ်ဦးတော့ မိုးရာသီအတွက် ပူပန်နေရတဲ့အကြောင်း RFA ကို ပြောပါတယ်။

“တစ်ရွာလုံး ပြာကျတဲ့အထဲမှာတော့ ဘယ်သူပဲဖြစ်ဖြစ် တဲထိုးပြီးတော့ နေကြရတာပေါ့။ ထန်းရွက်တဲလေးတွေ တဲထိုးပြီးနေရတဲ့အခါ နေတဲ့နေရာမှာ လုံခြုံသလားမေးရင် မလုံခြုံဘူး။ လေထဲပါသွားတာနဲ့ ခေါင်က ပြဲသွားတာနဲ့ ညမိုးရွာတော့ လူတွေ ပိုပြီးဒုက္ခရောက်တာပေါ့ဗျာ။ ဒီလိုမိုးတွေက သည်းနေတယ်။ မိုးကြိုးပစ်တယ်ဆိုရင် ဒီရွာကို မနေရဲဘူး။ အမိုးအကာရှိတဲ့ ရွာတွေကို မှီခိုရမှာပဲ”

အိမ်ခြေ တစ်ရာကျော်ရှိတဲ့ ကန်နက်ရွာဟာ သုံးကြိမ်အထိ မီးရှို့ဖျက်ဆီးခံရတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်းပျက်စီးခဲ့ပြီးနောက် ဒေသခံတွေဟာ ပြာပုံပေါ်မှာပဲ တဲတိုးပြီးနေကြရတာလို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နဲ့ ကောလင်းမြို့နယ်မှာတော့ ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပိုင်းတွေမှာ တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် နေအိမ် မီးလောင်ဆုံးရှုံးထားသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ယာတီတဲတွေ လွင့်စင်ပျက်စီးခဲ့ပါတယ်။

ဒါကြောင့် အစားအသောက်ထက် မိုးဒဏ်၊ လေဒဏ်ခံနိုင်တဲ့ နေစရာကို ပိုပြီးလိုအပ်နေတယ်လို့ ကောလင်းမြို့နယ်မှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

“လေဒဏ်၊ မိုးဒဏ်မခံတော့ စစ်ရှောင်တွေက မိုးတွင်းရောက်ရင် နေစရာ တအားခက်ခဲသွာမှာ။ နေစရာခက်ခဲရင် စားစရာပါ ခက်ခဲလာမှာ အဲဒီလိုမျိုးတွေ ရှိတယ်။ လေဒဏ်၊ မိုးဒဏ်ခံတယ်။ နေစရာ ကောင်းကောင်းရတယ်ဆိုရင် စားတာက ကိုယ့်ဘာသာ ဖြေရှင်းလို့ရတယ်။ စိတ်အေး လက်အေး ပိုက်ဆံရှာနိုင်တယ် စိတ်အေး လက်အေး စားနိုင်မယ်ပေါ့။ အဲဒီလိုလေးတော့ အဆင်ပြေသွားမယ်”

ဒီအခြေအနေတွေအပေါ် အကူအညီပေးရေး ကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်နိုင်ဖို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပုလဲမြို့နယ် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ- ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
ပုလဲမြို့နယ် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ- ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ နယ်မြေစိုးမိုးမှုရှိတဲ့ နေရာဒေသက နေအိမ်မီးရှို့ခံရသူတွေထံ ကူညီထောက်ပံမှုတွေ ပေးနေတယ်လို့ RFA ကို ပြောပါတယ်။

“မြို့နယ်အလိုက် နယ်မြေအနေထားအရ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်ဖို့ အခက်ခဲရှိပြီး ထပ်မံဖျက်ဆီးမခံရဖို့ အတိုင်းအတာတစ်ခုအထိ ရှိနေတဲ့အခြေအနေပေါ့။ ကာကွယ်စောင့်ရှောက်နိုင်ခြေရှိတဲ့ နေရာဒေသတွေမှာတော့ နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေကို အဓိကဦးစားပေးအဖြစ် နေစရာလိုအပ်နေတဲ့ အိမ်ထောင်စုတွေကိုရွေးချယ်ပြီး ယာယီတဲ ပြန်လည်တည်ဆောက်ပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုပဲ နေအိမ် မီးရှို့ခံရပြီး နေရပ်မပြန်န်ိုင်တဲ့ ပြည်သူတွေအတွက် စစ်ဘေးရှောင်စခန်းများကိုလည်း ဆောက်လုပ်နိုင်ရေး ပံ့ပိုးလျက်ရှိပါတယ်”

(NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကနေ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း မီးရှို့ခံရသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ယာယီတဲ သုံးထောင်နီးပါးနဲ့ တာပေါ်လင် မိုးကာ တစ်သောင်းကျော် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

Data for Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။