ဘူးသီးတောင်မှာ မေ ၁၇ ရက်က ဘာတွေဖြစ်ခဲ့သလဲ
2024.08.05
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက သာယာလှပတဲ့ ကော့ဘဇားကမ်းခြေဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အနည်းဆုံး တစ်သန်းလောက်ကို လက်ခံထားပါတယ်။ ဒီက ရိုဟင်ဂျာ အများစုဟာ ၂ဝ၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေလုပ်ကတည်းက ထွက်ပြေးလာကြတာပါ။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေကို ရှင်းလင်းရေး စစ်ဆင်ရေး လုပ်ခဲ့တာဟာ၊ လူမျိုးတုံး သန့်စင်မှု ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း ကုလသမဂ္ဂကနေ သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာ အခြားခြိမ်းခြောက်မှုတစ်ခုကြောင့် ဒုက္ခသည်အသစ်တွေ ထပ်ရောက်လာနေပါတယ်။
“(ဘူးသီးတောင်မြို့နဲ့) အနီးဝန်းကျင် ရွာတွေက သောင်းနဲ့ချီတဲ့လူတွေ အားလုံး တိုက်ခိုက်မှုတွေကနေ ထွက်ပြေးခဲ့ကြပါတယ်။ ဘယ်သူမှ နောက်ပြန်လှည့်မကြည့်နိုင်ပါဘူး။ ကျွန်တော်တို့ အားလုံး အသက်လုပြီး ပြေးခဲ့ရပါတယ်”
ဒါကတော့ ပြီးခဲ့တဲ့ မေလ ၁၇ ရက်က ဘူးသီးတောင်မြို့ကနေ ဇနီးနဲ့ ကလေးငယ်တွေကို ခေါ်ပြီး ထွက်ပြေးလာတဲ့ ဆိုင်ဖာ ရာမန် ဆိုသူ အမျိုးသားက ပြောသွားတာဖြစ်ပါတယ်။ သူတို့ ထွက်ပြေးလာရတဲ့ တိုက်ခိုက်မှုကို၊ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) ကနေ ကျူးလွန်ခဲ့တာလို့ သူက ပြောပါတယ်။
AA တပ်ဖွဲ့တွေက သူတို့အိမ်ကို မီးရှို့ပြီး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အကြောင်း၊ သူ့ရဲ့အစ်ကိုဖြစ်သူက ဖမ်းဆီးခံရပြီး ပစ်သတ်ခံခဲ့ရတဲ့အကြောင်း၊ သူ့မိဘတွေကတော့ ဘယ်ရောက်နေမှန်း မသိရဘဲ သေပြီလို့ ယူဆရတဲ့အကြောင်း၊ မိန်းမနဲ့ကလေးတွေကို အပါခေါ်ပြီး အသက်လုပြေးခဲ့ရတဲ့အကြောင်း၊ အဲဒီနောက် အခြားရွာတွေ တောတောင်တွေ အဆင့်ဆင့် ဖြတ်သန်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အရောက်လာနိုင်ခဲ့တာ ဖြစ်တဲ့အကြောင်း ဆိုင်ဖာ ရာမန်က ပြောသွားပါတယ်။
အခုအချိန်မှာ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများကို သိမ်းပိုက်ထားပြီး၊ ဘူးသီးတောင်မြို့ကိုလည်း ပြီးခဲ့တဲ့ မေလကတည်းက သိမ်းယူလိုက်တဲ့အကြောင်း ကြေညာထားပါတယ်။ AA တပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားဆက်ဆံခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိနေပြီး AA ဘက်ကတော့ ဒီစွပ်စွဲချက်အားလုံးကို ငြင်းဆန်ထားပါတယ်။
“မေလ ၁၆ ရက်က စပြီး ဘူးသီးတောင်မြို့မှာ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တွေ မရှိတော့ပါဘူး။ မေလ ၁၇ရက် မနက် စောစောပိုင်းလောက်က စပြီး AA တပ်ဖွဲ့တွေက ဘူးသီးတောင်မြို့မှာ ဆက်နေလို့ မရတော့ဘူးလို့ ပြောပြီး ဒေသခံတွေကို မြို့ကနေ ထွက်ခိုင်းပါတယ်။ ရိုဟင်ဂျာတော်တော်များများဟာ အထူးသဖြင့် ၂၀၁၇ ခုနှစ်တုန်းက အဖြစ်အပျက်တွေ ကြုံဖူးတဲ့သူတွေဟာ သူတို့ ထွက်သွားရင် အိမ်ကို ပြန်လာလို့ ရတော့မှာ မဟုတ်ဘူးလို့ သိကြပါတယ်။ ဒါကြောင့် မြို့ကနေ ထွက်မသွားချင်ဘူး။ အခြား ဘယ်မှလည်း သွားစရာမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီနောက် တိုက်ခိုက်မှုတွေ စဖြစ်ခဲ့တာပါ” လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး အကြီးအကဲ ဂျိမ်းစ် ရိုဒေဟဗာ က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကနေ ဒေသခံတွေကို ဆက်သွယ်မေးမြန်းချက်တွေအရတော့ ဘူးသီးတောင်မြို့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူဟာ AA ဖြစ်တဲ့အကြောင်း ညွှန်ပြနေတယ်လို့ ဂျိမ်းစ် ရိုဒေဟဗာ က ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ရခိုင်နဲ့ ရိုဟင်ဂျာ ဆွေးနွေးဖို့ လေ့လာသူတွေပြော
မောင်တောတိုက်ပွဲကြောင့် ရိုဟင်ဂျာထောင်ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး
မောင်တောတိုက်ပွဲကြောင့် ရိုဟင်ဂျာထောင်ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး
“ဘူးသီးတောင်မြို့ ဖြစ်စဉ်မှာ AA တပ်ဖွဲ့တွေက မီးစရှို့ခဲ့တာပါ လို့ ပြောတာတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ စွပ်စွဲထားတဲ့အတိုင်း တကယ်ဟုတ်သလားဆိုတာ ကျွန်တော်တို့ သံသယရှိပါတယ်။ ဒါပေမယ့်၊ အဲဒီအချိန်က မြို့ထဲက လက်နက်ကိုင်အဖွဲ့ဆိုလို့ AA ပဲ ရှိတာပါ။ မြန်မာစစ်တပ်က မြို့ထဲမှာ မရှိတော့ပါဘူး။ အမှန်ဆိုရင် စည်းတစ်ခုသတ်မှတ်ပြီးအထဲက အရပ်သားပြည်သူတွေကို အကာအကွယ်ပေးတာမျိုး လုပ်ရမယ့် အစား၊ သေနတ် ပစ်ဖောက်ခြောက်လှန့်ပြီး ဒေသခံတွေကို မြို့ထဲကနေ ထွက်သွားခိုင်းခဲ့ပါတယ်။ စွပ်စွဲထားသလို မဟုတ်ရင်တောင်၊ AA တပ်ဖွဲဟာ ပေါ့ပေါ့ဆဆ ပြုမူပြီး အရပ်သား ပြည်သူတွေအတွက် အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ ရောက်အောင် လုပ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်”
ရိုက်တာသတင်းဌာနက ဘူးသီးတောင် ဒေသခံ ၁၂ ဦးကို ဖုန်းနဲ့ရော ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ လူကိုယ်တိုင်ပါ မေးမြန်းပြီး ဘူးသီတောင်မြို့ဖြစ်စဉ်အကြောင်းကို မေးမြန်းခဲ့ပါတယ်။ မေလ ၁၇ရက် ဖြစ်စဉ် မတိုင်ခင်နဲ့ ဖြစ်စဉ်နောက်ပိုင်း ဂြိုဟ်တုက ရတဲ့ ဓာတ်ပုံတွေကိုလည်း နှိုင်းယှဉ်ပြီး ဆန်းစစ်ခဲ့ပါတယ်။
ဘူးသီးတောင်မြို့ မီးလောင်တာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ပါလို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရသူတစ်ဦးက မေလ ၁၉ရက်က ရိုက်တာကို ပြောခဲ့ပေမယ့် ကုလသမဂ္ဂနဲ့ ရိုက်တာရဲ့ လေ့လာစုံစမ်းမှုတွေအရ တွေ့ရှိချက်တွေနဲ့ ဆန့်ကျင်နေပါတယ်။
AA တပ်ဖွဲ့ဝင်တွေဟာ မေလ ၁၇ ရက်နေ့က ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ရိုဟင်ဂျာအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာက ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ အဖွဲ့တွေဘက်က မေလ ၂၁ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။
AA ဘက်ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိကြောင်းနဲ့ လူမျိုးဘာသာမရွေး ကူညီကယ်ဆယ်မှုတွေ လုပ်ပေးနေကြာင်း မေ ၂ဝ ရက်နေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။
ဘူးသီးတောင်မြို့တိုက်ခိုက်မှုဟာ ဘယ်သူ့ကြောင့်ဖြစ်ဖြစ် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကတော့ ပြီးခဲ့တဲ့ မေလလယ်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်ပြီး ထွက်ပြေးလာနေကြပါတယ်။
ဆိုင်ဖာ ရာမန်တို့ မိသားစုဟာ ၂ဝ၁၇ ခုနှစ် သတ်ဖြတ်မှုတွေဖြစ်ပြီးနောက်ပိုင်း လုံခြုံတယ်လို့ ယူဆပြီး ဘူးသီးတောင်မြို့ အနီးမှာ နေထိုင်ခဲ့ကြတာပါ။ သူတို့အတွက် အဆိုးဆုံးကို ကျော်လွန်သွားပြီလို့ ယုံကြည်ခဲ့ပေမယ့် အခု ထပ်ဖြစ်လာတဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေက လွန်ခဲ့တဲ့ ခုနစ်နှစ်က တိုက်ခိုက်မှုတွေထက်တောင် ပိုဆိုးနေပါတယ်လို့ ဆိုင်ဖာရာမန်က ပြောပြခဲ့ပါတယ်။