ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ခရီးစဉ် ပြည်သူတွေအတွက် ရလဒ်မထွက်

2022.01.10
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ခရီးစဉ် ပြည်သူတွေအတွက် ရလဒ်မထွက် မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ ၂၀၂၂ ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံကြစဉ်
Photo: Myanmar Military

ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေက  နေပြည်တော်ကိုလာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် လုံးဝအကျိုးမရှိဘဲ စစ်ကောင်စီအတွက်သာ အကျိုးရှိခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြ ဝေဖန်လိုက်ပါတယ်။

ဟွန်ဆန်ဟာ စစ်ကောင်စီရဲ့ အမြင်သဘောထားတွေကို အာဆီယံအသိုင်းအဝိုင်းမှာ ပြန်ပြောပြနိုင်မယ့် ဇာက်လမ်းတစ်ပုဒ်ကိုသာ ဒီခရီးစဉ်ကနေ ရရှိသွားတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ဝေဖန်ပါတယ်။

“စစ်ကောင်စီကနေပြီးတော့ သူ့ဘက်မှာရှိနေတဲ့ အမြင်သဘောထားနဲ့ ရပ်တည်ချက်တွေကို ရှင်းပြခွင့် ရသွားတယ်။ အခုအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားကနေပြီးတော့ အာဆီယံအသိုင်းအဝိုင်းအတွင်းမှာ ပြန်ပြီးပြောပြစရာ ဇာတ်လမ်းတစ်ခု ရသွားတယ်ဆိုတာ ဒါက အာဆီယံထဲမှာ စစ်ကောင်စီအနေနဲ့ ပြန်ပြီးတော့ ပါဝင်ခွင့် သူ့ရဲ့ အမြင်သဘောထားတွေ ချပြခွင့် အခွင့်အရေးတစ်ခုရသွားတယ်။ တစ်ဖက် မှာတော့ ကျွန်တော်တို့ နိုင်ငံရေးအားပြိုင်မှုတွေ တစ်ဖက်နဲ့ တစ်ဖက်ရှိနေတဲ့အချိန် တစ်ဖက်ခြမ်းရဲ့ အသံမပါဘူး။ အထူးသဖြင့် ပြည်သူလူထုတွေကို ကိုယ်စားပြုတဲ့ အသင်းအဖွဲ့တွေနောက် လူတွေ ကိုယ်စားပြုမှုတွေ မပါတဲ့ဟာ တစ်ခုတည်းကိုပဲ သူယူသွားတယ်ဆိုတော့ မြန်မာပြည်သူတွေအတွက် အကျိုးရှိမယ့်လမ်းစဉ် မဟုတ်ဘူး”

မစ္စတာ ဟွန်ဆန်ဟာ သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့လို အကျဉ်းကျ ခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့တွေ့ဖို့ မကြိုးစားခဲ့သလို အခြားသော လူထုထောက်ခံတဲ့ အတိုက် အခံအင်အားစုတွေနဲ့လည်း မတွေ့ခဲ့တာကြောင့်  ဒီခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် ဘာအကျိုးမှ မရခဲ့ဘူးလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က မှတ်ချက်ပေးပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဒီခရီးစဉ်ဟာ အာဆီယံ ထိပ်သီးအစည်းအဝေး တွေကနေ မြန်မာနိုင်ငံ ဖယ်ထုတ်ခံထားရတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ အထောက်အကူပြု နိုင်တယ်လို့ ဒီကနေ့ RFA ကို ပြောပါတယ်။

ကိုယ်စားလှယ်ပြန်တက်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ ပထမအဆင့်ဖြစ်တဲ့ အာဆီယံ ဘုံသဘော တူညီချက် ငါးချက်ထဲကနေမှ ကျနော်တို့ ပထမဆုံး အကြမ်းဖက်မှုတွေပေါ့ သက်ဆိုင်သူတွေကနေပြီး ရပ်တန့်ရန်ဆိုတဲ့ဟာထဲမှာ ကျနော်တို့အနေနဲ့ နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားဖို့အတွက် သဘောတူညီနိုင်ခဲ့တာရှိတယ်။ ပြီးရင် EAO တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ရော အာဆီယံဥက္ကဋ္ဌအနေနဲ့ရော ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် သဘောတူညီခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌတစ်ယောက်အနေနဲ့ရော ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ရော လာရတဲ့ခရီးစဉ်မှာ လက်တွေ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ အစိုးရနဲ့ပဲ သူက တွေ့ဆုံတာပဲဖြစ်ပါတယ်”

တစ်နှစ်ပတ်လုံး အပစ်အခတ်ရပ်စဲရေးကြေညာပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ ကျန်းမာရေးအကူအညီတွေကို ခွဲခြားမှုမရှိဘဲ နိုင်ငံတဝှမ်း ထောက်ပံ့ဖို့ဆိုတဲ့ အချက်တွေဟာ ကမ္ဘောဒီးယားနဲ့ မြန်မာအကြား ဒါမှမဟုတ် မြန်မာနဲ့ အာဆီယံအကြား ဆက်ဆံရေးတိုးမြှင့်ဖို့ ဆိုတဲ့အချက်တွေဟာ ဒီခရီးစဉ်ရဲ့ လက်တွေ့ကျတဲ့ရလဒ်တွေဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောသွားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ  စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်း ကလည်း ဒီခရီးစဉ်ကနေ အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရေး ရှေ့ဆက်နိုင်မယ့် ကောင်းမွန်တဲ့ရလဒ်တွေ ရရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းထောက်တွေကို ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ကတော့  မစ္စတာဟွန်ဆန်ဟာ အာဆီယံ ဘုံသဘောတူညီချက် တွေကို အကောင်အထည်ဖော်ရေး ရည်ရွယ်ချက်နဲ့ မြန်မာပြည်လာတာဖြစ်ပေမယ့် လက်တွေ့မှာတော့ နိုင်ငံတကာ သံခင်းတမန်ခင်းမှာ အထီးကျန်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အတွက်သာ နိုင်ငံရေးအရ အမြတ်ထွက်စေခဲ့တယ်လို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေအားလုံး ချုပ်ငြိမ်းဖို့အတွက်ဆိုရင် တစ်ဖက်တည်းနဲ့မရဘူး။ အဲဒီ အတွက်ကိုတော့ သူက ဆက်ပြီးတော့ ကြိုးစားရမယ်။ ဒီပထမခြေလှမ်းအနေနဲ့ကတော့ နိုင်ငံရေးအရ နစက က အမြတ်ထွက်တာပေါ့။ နောက်ဆက်ပြီး တိုးတက်မှု မရဘူးဆိုရင်တော့ အာဆီယံအသင်း ဥက္ကဋ္ဌ ကပါ နစကအပေါ်မှာ စိတ်ပျက်သွားနိုင်ပါတယ်

ဒါ့အပြင် ခရီးစဉ်အတွင်း မစ္စတာ ဟွန်ဆန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်တဲ့ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီဥက္ကဋ္ဌကို တောင်းဆိုရာမှာ စစ်ကောင်စီဥက္ကဋ္ဌဘက်က အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေက ရေးသားဖော်ပြကြပါတယ်။

"နောက်လမှာလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ နစကသွားတက်လို့ ရတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်"

ကမ္ဘောဒီးယားဟာ စစ်ကောင်စီထံကနေ မစ္စတာရှောင်တာနယ်နဲ့ ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုအပြင် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး တခုတ်တရ ပြောဆိုနေတာကြောင့် အနာဂတ် အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီကို ဖိတ်ကြားလာနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံတကာအရေး လေ့လာသုံးသပ်သူ ကိုကျော်စောဟန် က သုံးသပ်ပါတယ်။

“ရှောင်တာနယ်အမှု အပြီးသတ်ပြီးရင် သတင်းကောင်းကြားမယ်ဆိုတာမျိုး ပြောတာတွေ့ရပါတယ်။ နောက်တစ်ခုကတော့ ၂၀၂၂ တစ်ခုလုံးကို အပစ်ရပ်ထားမယ်ဆိုတာမျိုး စစ်တပ်ကို သူတို့ပြောခဲ့နိုင်တယ် ဆိုတာမျိုး ဂုဏ်ယူပြီး ပြောမျိုးတွေရှိတယ်။ စစ်တပ်ဘက်က ရသွားနိုင်တာက အာဆီယံထဲမှာ နစကကို ပိုပြီးတော့ ကမ္ဘောဒီးယားက နေရာပေး ဆက်ဆံလာနိုင်တာပေါ့နော်။ အထူးသဖြင့် နောက်လမှာလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ နစက သွားတက်လို့ ရတာမျိုးတွေလည်း ဖြစ်နိုင် ပါတယ်”

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပဲ ပြုလုပ်ဖို့ ရည်ရွယ်ပုံရတာကြောင့် အာဆီယံဘုံသဘောတူညီချက် ငါးချက်နဲ့တော့ ကွဲလွဲနေတယ်လို့ ကိုကျော်စောဟန်က ထောက်ပြပါတယ်။

မစ္စတာဟွန်ဆန်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်ထဲကနေ စစ်ကောင်စီကို အာဆီယံအသိုင်းအဝိုင်းအတွင်း ပြန်ဆွဲခေါ်ဖို့ ကြိုးစားရင် စစ်ကောင်စီကို ဖယ်ကျဉ်ထားတဲ့ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေရဲ့ ရပ်တည်ချက်က အရေးပါလာလိမ့်မယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို အလိုမရှိကြောင်း ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်မှာ လူငယ်တွေ ဆန္ဒပြစဥ်
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို အလိုမရှိကြောင်း ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်မှာ လူငယ်တွေ ဆန္ဒပြစဥ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC) အဖွဲ့ဝင် ဦးကျော်ထွေး ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း အာဆီယံရဲ့ ရှားရှားပါးပါး ရပ်တည်ချက်ဟာ မြန်မာဒီမိုကရေစီရေးအတွက် ခွန်အားဖြစ်ခဲ့ပေမဲ့ အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့ မစ္စတာဟွန်ဆန်ရဲ့ ခရီးစဉ်ကတော့ ပြည်သူတွေအတွက် ဘာအကျိုးမှမရှိခဲ့ဘူးလို့ RFA ကို ပြောပါတယ်။

မြန်မာပြည်သူတွေအတွက် ဘာမှ အကျိုးမရှိတဲ့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကိုပါ စိတ်ပျက်သွား စေတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အာဆီယံရဲ့ မြန်မာ့အရေးရပ်တည်ချက်တွေက မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ခွန်အားဖြစ်စေတာ အမှန်ပါ။ ဒီနှစ်မှာတော့ အာဆီယံဥက္ကဋ္ဌရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဘာတွေဆက်လုပ်မလဲ မသိရသေးတော့ အာဆီယံရဲ့  မြန်မာ့အရေး ဖြေရှင်းမှုက တိုးတက်မလား ဆုတ်ယုတ်မလား မခန့်မှန်းနိုင်သေးပါဘူး

ကိုယ်တိုင်အာဏာရှင်တစ်ဦးဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အခု၂၀၂၂ ဇန်နဝါရီကနေ ဒီဇင်ဘာလကုန်အထိ တစ်နှစ်တိတိ တာဝန်ယူရမှာပါ။

ပထမဆုံးခရီးစဉ်မှာတင် မြန်မာပြည်သူတွေအပြင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြစ်တင်ဝေဖန်မှုကို ခံလိုက် ရတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒီတစ်နှစ်အတွင်းမှာ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းမှာဖြစ်လို့ အာဆီယံရဲ့ မြန်မာ့အရေး အားထုတ်မှုတွေ သူ့လက်ထက်မှာ အဟောသိကံ ဖြစ်သွားမလား ဒါမှမဟုတ် မြန်မာပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကူညီပေးနိုင်မလားဆိုတာကိုတော့ အထူအလေးထားပြီး စောင့်ကြည်ရလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။