တိုက်ပွဲတွေရပ်နေတဲ့ ရခိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မလား

2020.12.01

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ရက္ခိုင့် တပ်တော် AA နဲ့ တပ်မတော်တို့ သဘောထားတွေ ထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲတွေ ရပ်စဲနေတဲ့အချိန်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးဟာ ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်နေပါတယ်။

ရွေးကောက်ပွဲပြန်ကျင်းပဖို့ အရေးကြီးကြောင်း ပြောဆိုနေတာတွေရှိသလို AA အဖွဲ့က ဖမ်းဆီးထားတဲ့ တောင်ကုတ်မြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း လိုအပ်တယ်လို့ ထောက်ပြတာတွေ ရှိနေပါတယ်။ အဲဒီ သုံးဦးကို ပြန်မလွှတ်ပေးတာဟာ အကျပ်အတည်း တစ်ခုဖြစ်စေကြောင်း NLD ပါတီက ပြောပါတယ်။

ရခိုင်ပြည်နယ် (မြောက်ပိုင်း) က ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးဖို့ AA အဖွဲ့နဲ့ တပ်မတော်က သဘောထားတွေ ထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ အားလုံးက သုံးသပ်နေကြ ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသတချို့ကို သွားရောက် လေ့လာခဲ့ပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ကော်မရှင်ကို တိုက်တွန်းသွားမယ်လို့ ပြောထားပါတယ်။

ပြန်လည်ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ ရခိုင်ပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးအပေါ် အများကြီး သက်ရောက်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ရေရှည်ကြည့်ဆုံးဖြတ်ဖို့ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးဖေသန်းက မျှော်လင့်နေပါတယ်။

"ဒီရွေးကောက်ပွဲဟာ ကြားဖြတ်ရွေးကောက်ပွဲလို့ ပြောနိုင်ပေမယ့် ရခိုင်ပြည်နယ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ မြင်ပါတယ်။ နောက်ဆက်တွဲပြဿနာဆိုတာ ရခိုင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေကို လျှော့ချသွားအောင် ဒီရွေးကောက်ပွဲက လုပ်ပေးနိုင်မယ်လို့ မြင်ပါတယ်။ ဒါကြောင့် နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်တဲ့ ဒီရွေးကောက်ပွဲကို ရေတိုမစဉ်းစားဘဲ ရေရှည်အတွက် စဉ်းစားဆုံးဖြတ်ဖို့ မျှော်လင့်ပါတယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ကျောက်တော်၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီမြို့နယ်တွေထဲက တိုက်ပွဲတွေ ပြင်းထန်တဲ့ ကျောက်တော်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်အဖွဲ့က သွားရောက်လေ့လာခဲ့တာဖြစ်ပြီး ဒီနေရာတွေကို သွားရောက်ဖို့ တပ်မတော်က စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ဒေသက ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်းပြနေတယ်လို့လည်း ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်က စစ်တွေမြို့မှာ သတင်းမီဒီယာတွေကို နိုဝင်ဘာ ၂၉ ရက်နေ့က ပြောထားပါတယ်။

ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးကို အကြောင်းပြပြီး အပစ်အခတ်ရပ်စဲနေချိန်မှာ NRPC (အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန) အနေနဲ့ ပမာဏ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးနိုင်ရေး အထိ ဆောင်ရွက်သွားနိုင်အောင် ကြိုးပမ်းသင့်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပြောပါတယ်။

"ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကိုးမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပခြင်းဟာ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးဘောင်ချဲ့တဲ့ကိစ္စ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကျင်းပတယ်လို့ သက်သက်လို့ မကြည့်ဘဲ ဒီလိုရွေးကောက်ပွဲကျင်းပခြင်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းလို့ ကြည့်ရှုရင် အဆင်ပြေမယ် ထင်ပါတယ်။ လေလောဆယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားချိန်မှာ NRPC ငြိမ်းချမ်းရေး ကော်မရှင်က bilateral အပစ်အခတ်ရပ်စဲရေး ထိုးနိုင်တဲ့အထိ ဆောင်ရွက်သွားနိုင်ဖို့က အဓိကအချက် ဖြစ်တယ်။ အဲ့လိုထိုးနိုင်ရင် ကျန်တဲ့ ပြဿနာတွေကို တစ်ဆင့်ချင်း ဖြေရှင်းသွားနိုင်မယ် ထင်ပါတယ်။"

အဲဒီဒေသမှာ တကယ်ငြိမ်းချမ်းမှု ရှိ၊ မရှိက လေ့လာရမှာဖြစ်ပြီး AA က ဖမ်းထားတဲ့ NLD ကိုယ်စားလှယ် လောင်း သုံးဦးကို ပြန်မလွှတ်သေးတာကလည်း အကျပ်အတည်းတစ်ခုလို့ထင်ကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဆိုပါတယ်။

"အဲဒီကိစ္စတွေက ဒီနယ်မြေဒေသတစ်ခုတည်းကို လုပ်လို့မရဘူး။ သေသေချာချာ လေ့လာရမယ်။ အစိုးရနဲ့ တိုင်ပင်ရမယ်။ တကယ်အေးချမ်းရဲ့လား၊ နယ်မြေလုံခြုံမှုရှိရဲ့လားလို့ ညှိနှိုင်းရမှာရှိတယ်။ အဲဒါတစ်ချက်၊ နောက်တစ်ခု က အေးချမ်းပါတယ် ပြောပေမယ့် အေအေက ဖမ်းထားတဲ့သူတွေကို အခုထိ ပြန်မလွှတ် သေးဘူး။ အဲ့ဒါကလည်း အကျပ်အတည်းတစ်ခုပဲ၊ အခက်အခဲတစ်ခုလို့ မြင်တယ်။ အဲတော့ ဖမ်းထားတဲ့ သူတွေ ပြန်လွှတ်ပါ။ သုံ့ပန်းချင်း ဖလှယ်တယ်လို့ မသုံးဘဲ နှစ်ဘက်အပြန်အလှန် ညှိနှိုင်းပြီးတော့ လုပ်ကြရင် ကောင်းတယ်လို့ ယူဆတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲမဖြစ်ရင် ဒေသခံတွေအတွက် အများကြီး အကျိုးရှိတယ်။ ရွေးကောက်ပွဲ လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းက UEC ရဲ့ သဘောထားအပေါ် အများကြီး မူတည်လိမ့်မယ်။"

ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ရေးပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ကိုသိနိုင်ဖို့ RFA က AA အဖွဲ့ကိုဆက်သွယ်ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

ဖမ်းဆီးထားတဲ့ သုံးဦးကို ပြန်လွှတ်ပေးဖို့ဆိုရင် NLD အစိုးရအနေနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အပြစ်မဲ့ ရခိုင်ပြည်သူတွေ၊ ငြိမ်းချမ်းရေးတောင်းဆို ဆန္ဒပြတဲ့ ကျောင်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရလိမ့်မယ်လို့ AA က နိုဝင်ဘာလ၂၁ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကတော့ AA အဖွဲ့ဟာ ရွေးကောက်ပွဲကို ကျင်းပစေလိုတဲ့ ဆန္ဒ အမှန်တကယ်ရှိတယ်လို့မြင်ပြီး ဖမ်းဆီးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ထင်ကြောင်း သူ့အမြင်ကို ပြောပါတယ်။

"ဒီရွေးကောက်ပွဲမလုပ်တာ လုံခြုံရေးကို အကြောင်းပြတာလေ။ အခုက တပ်ကလည်း ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်။ လုံခြုံရေးကို ကောင်းတယ်လို့ ပြောတယ်။ အာမခံတဲ့သဘောရှိတယ်။ အေအေ ဘက်ကလည်း ရွေးကောက်ပွဲကို လုပ်စေချင်တယ်။ သူတို့သဘောထားက ရွေးကောက်ပွဲကို လုပ်စေချင်လို့ ကြေညာချက် ထုတ်ထားတယ်။ ဖမ်းထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း မကြာခင် လွှတ်ပေးမယ်လို့ ကတိပေးထားတာရှိတယ်။ မကြာခင် လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ကိုလည်း လွှတ်ပေးစေချင်တယ်။ သူတို့တင်မက ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ မတရားအဖမ်းခံထားရသူတွေ ဟိုဘက်ဒီဘက် အေအေက ဖမ်းထားတဲ့သူတွေကိုရော အစိုးရဘက်က ဖမ်းထားတဲ့သူတွေကိုရော အကုန်လုံးကို လွှတ်စေချင်ပါတယ်။"

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တာကြောင့် မဲဆန္ဒရှင် ဆယ့်ခြောက်သိန်းကျော် ရှိတဲ့ထဲက ဆယ့်နှစ်သိန်းကျော် မဲပေးခွင့် ဆုံးရှုံးခဲ့ရပါတယ်။

ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့နေရာတွေမှာ ပြန်ကျင်းပဖို့ အဆင်သင့် ပြင်ဆင်ထားပြီးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ဆိုပါတယ်။

"လုပ်ဆိုလုပ်လို့ရအောင် အဆင်သင့်ပြင်ထားတယ်။ အခုတော့ အေးအေးချမ်းချမ်းပါပဲ အကုန်လုံးမှာ။ မဲစာရင်းတွေကလည်းရှိပြီးသား။ မဲလက်မှတ်တွေက ထုတ်ပြီးသား။ မဲရုံသုံးပစ္စည်းတွေကလည်း သက်ဆိုင်ရာမြို့နယ်တွေမှာ ရောက်ပြီးသားဆိုတော့ လုပ်မယ်ဆို အားလုံး အဆင်သင့်ဖြစ်တာပေါ့။"

ရခိုင်ဒေသက ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့နေရာတွေမှာ ပြန်လည်ကျင်းပပေးဖို့ AA အဖွဲ့ရဲ့ တောင်းဆိုချက် ကို ကြိုဆိုကြောင်းနဲ့ ညှိနှိုင်းဆောင်းရွက်သွားမယ်လို့ တပ်မတော်ကလည်း ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ အခြေအနေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို RFA က ဖုန်းနဲ့ရော အီးမေးလ်နဲ့ပါ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မဲဆန္ဒနနယ်တွေမှာ ရခိုင်အမျိုးသား ပါတီ ANP ပါတီက နေရာအများဆုံး အနိုင်ရထားပါတယ်။

လာမယ့် ၂၀၂၁ ခုနှစ် လွှတ်တော်သစ်မခေါ်ခင်မှာ ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပနိုင်ဖို့နဲ့ ပြည်နယ် အစိုးရသစ် ဖွဲ့စည်းရေးမှာလည်း ပြည်နယ်တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ ပါဝင်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။