မြန်မာစစ်ခေါင်းဆောင်တွေကို ICC ကနေ အရေးယူနိုင်မလား

2022.03.11
မြန်မာစစ်ခေါင်းဆောင်တွေကို ICC ကနေ အရေးယူနိုင်မလား စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (ယာဘက်) နဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်(ဝဲဘက်)တို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြစဉ်
Photo: THET AUNG / AFP

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် စစ်အာဏာ သိမ်းပြီးနောက် အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကနေ အရေးယူနိုင်ဖို့ အားစိုက်ကြိုးပမ်းနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့တွေ ပါဝင်တဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၁၆ ဖွဲ့ကလည်း မြန်မာ စစ်ခေါင်းဆောင်တွေကို ICC ကနေ အရေးယူပေးဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို မတ်လ ၇ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီထံ ပေးပို့ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်သူတွေကပဲ စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေအပေါ် ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတယ်ဆိုတာမျိုး သက်သေ အထောက်အထားနဲ့ ပြနိုင်မယ်ဆိုရင် ၂၀၁၉ ခုနှစ်ကတည်းက ICC ထံ တင်ထားတဲ့ ရိုဟင်ဂျာအမှုနဲ့ ဆက်စပ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ခြေ ရှိတယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက သုံးသပ်ပြောဆိုပါတယ်။

"ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ဆန့်ကျင်ကျူးလွန်တုန်းက သုံးတဲ့ တပ်မထဲက သို့မဟုတ် တပ်ရင်းထဲက တချို့က စစ်အာဏာသိမ်းပြီးတဲ့အခါ ဒီဘက်ကို ရွှေ့လာ ပြီးတော့ လူထုကို ဆက်ဖိနှိပ်တယ်၊ သတ်ဖြတ်တယ်ဆိုရင် ဒီနှစ်ခုကို တရားစွဲ အရာရှိက ဆက်စပ်တင်ပြသွားလို့ရတယ်။ ဒီတပ်တွေကပဲ ရိုဟင်ဂျာတွေကို သတ်သလို ဒီတပ်တွေ ကပဲ အာဏာသိမ်းပြီး ဆက်ပြီး သတ်တယ်ဆိုတာမျိုး သက်သေခံအထောက်အထား တင်ပြနိုင်ရင်တော့ ၂၀၁၉ ခုနှစ်ကတည်းက တင်ထားတဲ့ ICC ရဲ့ အမှုနဲ့ ဆက်သွားနိုင် ပါတယ်"

ICC ကနေ မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ဆိုတာဟာ အရပ်သားတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်အောင် စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဘယ်လိုမျိုး စီစဉ်ညွှန်ကြားနေသလဲဆိုတာကို သက်သေအထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဦးအောင်ထူးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နောက်ထပ် ဘယ်တော့မှ ဖြစ်မလာအောင် တားဆီးဖို့ဆိုရင် ICC ကနေ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့က အလွန်အရေးကြီးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ခေတ်အဆက်ဆက် စစ်အုပ်စုက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာရော အပြစ်ပေးအရေးယူမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ သူတို့က ပြစ်ဒဏ်ပေးခံရခြင်းကနေ ကင်းလွတ်ခွင့် ရနေတယ်။ ဒါကြောင့်လည်း သူတို့က အခု ဒါမျိုးတွေ ထပ်ပြီး ကျူးလွန်နေတာ ဖြစ်တယ်။ နောင်တစ်ချိန်မှာ ဒါမျိုးတွေ ထပ်ပြီး မဖြစ်ပွားစေဖို့ ကျွန်တော်တို့က ရည်ရွယ်ပြီး အပြစ်ပေး အရေးယူမှုတွေ လုပ်နိုင်ဖို့အတွက် တောင်းဆိုနေရတာ ဖြစ်ပါတယ်"

မတ်လ ၇ ရက်နေ့က လူ့အခွင့်ရေးကောင်စီထံ ပေးပို့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာလည်း မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် ကုလသမဂ္ဂကနေ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားတဲ့ တရားစီရင်ရေးကို တည်ထောင်ပြီး အပြစ်ရှိသူတွေကို တရားစွဲနိုင်မယ့် လမ်းကြောင်းအားလုံးကို ရှာဖွေဖို့၊ မြန်မာနိုင်ငံရဲ့ အခြေအနေကို ICC ထံ လွှဲပြောင်းနိုင်ရေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်တစ်ခု ချပြီး အကြံပြုတိုက်တွန်းဖို့ တောင်းဆိုထားပါတယ်။

rohiingya-flee.jpg
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ရစဉ် (MUNIR UZ ZAMAN / AFP)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း မြန်မာစစ်တပ်ရဲ့ နယ်မြေစစ်ဆင်ရေး ရှင်းလင်းမှုတွေ ကြောင့် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင် အနည်းဆုံး ခြောက်သိန်းကနေ တစ်သန်းလောက်ဟာ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ ခဲ့ရပါတယ်။

ဒီကိစ္စကို စီရင်ပိုင်ခွင့်ရှိတဲ့အမှုအဖြစ် စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ဖို့ ICC တရားခွင်အကြို တရားရုံးအမှတ် (၃) ကနေ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အမိန့်ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ Rome Statue လို့ခေါ်တဲ့ ရောမသဘောတူစာချုပ်မှာ ပါဝင် လက်မှတ်ထိုး ထားတာ မဟုတ်ပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က လက်မှတ်ထိုးထားတာကြောင့် နိုင်ငံတကာ ဥပဒေအရ ICC အနေနဲ့ ဒီအမှုကို အရေးယူဆောင်ရွက်ခွင့်ရှိတယ်လို့ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ရှေ့နေတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။

"အခုချိန်မှာ ကျွန်တော်တို့ တစ်ခုခု မလုပ်နိုင်ခဲ့ရင် ဒီစစ်တပ်က ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ လုပ်လာလိမ့်မယ်"

ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင် ကတော့ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေကပဲ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးက အရပ်သားတွေအပေါ် ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတာလို့ RFA ကို ပြောပါတယ်။

"မြန်မာစစ်တပ်က ကျွန်တော်တို့ ရိုဟင်ဂျာတွေကို ၂၀၁၇ ခုနှစ်မှာ ပိုပြီး ရက်စက် ကြမ်းကြုတ်လှတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်။ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်။ ပြီးတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မှာ ကျွန်တော်တို့ နိုင်ငံ တစ်နိုင်ငံလုံးမှာ ပိုပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇဝတ်မှုတွေ ထပ်ပြီး လုပ်လာတယ်။ တကယ်လို့ ၂၀၁၇ ခုနှစ်မှာ နိုင်ငံတကာက အရေးယူတာတွေ လုပ်ခဲ့သည်ရှိသော် အာဏာသိမ်းမှုက တော်ရုံဖြစ်မလာနိုင်ဘူး။ အခုချိန်မှာ ကျွန်တော်တို့ တစ်ခုခု မလုပ်နိုင် ခဲ့ရင် ဒီစစ်တပ်က ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ လုပ်လာလိမ့်မယ်"

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ရိုဟင်ဂျာအရေးအပါအဝင် အာဏာသိမ်းမှု နောက်ပိုင်း အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်တပ် ခေါင်းဆောင်တွေကို ICC ကနေ အရေးယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ NUG ဟာ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံတဲ့အကြောင်း ကြေညာချက်ကို တရားရုံးရဲ့ မှတ်ပုံတင်အရာရှိထံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်တပ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်ဆိုတဲ့ သက်သေ အချက်အလက်တွေ အခိုင်အမာရှိတယ်လို့ RFA ကို ပြောပါတယ်။

"လက်ရှိ ကျူးလွန်နေတဲ့ အမှုတွေ၊ လုပ်ဆောင်ချက်တွေကို ကြည့်မယ်ဆိုရင်တော့ တာဝန်အရှိဆုံးက မင်းအောင်လှိုင်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုမျိုး လုပ်ဆောင်ဖို့ သူက အမိန့်တွေကို ပြဋ္ဌာန်းခဲ့တယ်ဆိုတဲ့အချက်တွေ ရှိတယ်။ အမိန့် မပြဋ္ဌာန်းခဲ့ရင်တောင် အပြစ်မဲ့သူတွေကို မတရားသတ်ဖြတ်တာ၊ အခုဆိုရင် အမျိုးသမီးနဲ့ ကလေးငယ်တွေကိုပါ သတ်ဖြတ်တာဆိုတော့ ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင် နေတာ ပေါ်ပေါက်ပါပြီ။ ဒီလိုမျိုးကိစ္စတွေ ဟိုးအရင်ကတည်းက တိုင်းရင်းသားဒေသတွေ မှာ ဖြစ်ခဲ့သလို၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒါတွေ ကျူးလွန်ခဲ့တာရှိခဲ့တယ်။ နွေဦးတော်လှန်ရေး နောက်ပိုင်း စစ်ကိုင်းတိုင်း အဓိက ခံရတာ ပေါ့။ အဲဒီလိုနေရာတွေမှာလည်း ကျူးလွန်နေတယ်ဆိုတာ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိနေပါပြီဗျ”

NUG ရဲ့ ကြေညာချက်ကို လက်ခံရရှိတဲ့အကြောင်း ICC က ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း အကြောင်းပြန်ကြားခဲ့ပေမယ့် နောက်ဆက်တွဲဆောင်ရွက်မယ့် ကိစ္စတွေကိုတော့ ပြောကြားလာတာ မရှိသေးဘူးလို့ ဦးအောင်မျိုးမင်း က ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ခေါင်းဆောင်တွေကို ICC ကနေ အရေးယူနိုင်ရေးအတွက် သက်သေ အထောက် ထားတွေ အဆင်သင့် ဖြစ်နေစေဖို့ NUG အနေနဲ့ စနစ်တကျ ပြုစုထားတယ် လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို ICC က အရေးယူနိုင်ရေးကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က မနေ့ကနဲ့ ဒီကနေ့ ညနေပိုင်း အထိ နှစ်ရက်တိုင်တိုင် ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ICC ရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက် သတင်းထုတ်ပြန်ချက် မှာတော့ မြန်မာစစ်ခေါင်းဆောင်တွေ အမှန်တကယ် ပြစ်မှုကျူးလွန်တာမျိုးကို သက်သေ ထူဖို့ လုံလောက်တဲ့ အထောက်အထားတွေ ရှာဖွေစုဆောင်းနိုင်မယ်ဆိုရင် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ခုံရုံးရှေ့မှောက်ကို ဆင့်ခေါ်တာ ဒါမှမဟုတ် ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုတာမျိုးတွေ လုပ်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။