ဖိနှိပ်ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း CDM ဝန်ထမ်းတွေပြော

RFA Burmese
2023.02.16
ဖိနှိပ်ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း CDM ဝန်ထမ်းတွေပြော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ တရုတ်သံရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် လှိုင်သာယာမြို့နယ် ပညာရေးဝန်ထမ်းများသပိတ်ကို တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းချိန်ကနေစလို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ဝန်ထမ်းတွေဟာ အာဏာသိမ်းထားချိန် ကြာလာတာနဲ့ အမျှ အထွေထွေအကျပ်အတည်းနဲ့ ပိုမို ရင်ဆိုင်နေကြရတယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်နေသူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေကြရဆဲဖြစ်သလို တစ်ဖက်မှာလည်း စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ပါ ကြုံတွေ့နေ ကြရတာလို့ CDM ဝန်ထမ်းတွေက RFA ကိုပြောပါတယ်။

အာဏာသိမ်းနှစ်နှစ်အတွင်း ကိုယ့်အိမ်တောင် မလုံခြုံတဲ့ အခြေအနေနဲ့ ကြုံတွေ့ နေကြရတာလို့ CDM ကျန်းမာရေးကွန်ရက် (CDM Medical Network) တာဝန်ခံ ဒေါက်တာစစ်မင်းနိုင်က RFA ကိုပြောပါတယ်။

“လစာမှမရတာ။ အဲတော့ စားဝတ်နေရေး အခက်အခဲတွေရှိတယ်။ လုံခြုံရေးဆိုတဲ့ နေရာမှာလည်းအိမ်မှာနေတာ လုံခြုံမှုမရှိတဲ့ အနေအထားမှာ CDM တွေလို့ပြောရင် အနီးနားမှာရှိတဲ့ သတင်းပေးသူတွေကနေပြီးတော့ တိုင်ကြားလို့ပဲဖြစ်ဖြစ်၊ မလုံမခြုံ နေနေရတာတွေလည်းရှိတယ်ပေါ့လေ။ နှစ်နှစ်ကြာလာတာဖြစ်တဲ့အတွက် စိတ်ဓာတ်ရေးရာမှာလည်း အခက်အခဲတွေ ရှိလာတာမျိုးတွေ၊ စိတ်ဓာတ် ကျဆင်းလာတာတွေ၊ ဒါမျိုးတွေကတော့ ကြုံနေရတာပေါ့”

ကျန်းမာရေး CDM ဝန်ထမ်းတွေနဲ့ စုဖွဲ့ထားတဲ့ CDM Medical Network ရဲ့စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း လေးသောင်းခွဲကျော် CDM မှာ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းနှစ်နှစ်အတွင်း ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၈၃ ဦး အသတ်ခံခဲ့ရပြီး ကျန်းမာရေး ဆေးခန်းနဲ့ အဆောက်အအုံတွေကို ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၇၈၉ ဦး ရှိခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းကတော့ ၃၅၅ ဦး ရှိတယ်လို့ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မငြိမ်မသက် ဖြစ်အောင် ပြုလုပ်နေသူတွေကို ထိုက်သင့်တဲ့ ဥပဒေတွေနဲ့ အရေးယူရမှာပဲလို့ ယခင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်ကောင်လေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်ကြပ်ကြီး ဇေယျကတော့ စစ်ကောင်စီဟာ CDM လုပ်လာတဲ့ တပ်နဲ့ ရဲတွေကို အခုနောက်ပိုင်းဖမ်းဆီးမှုတွေ ပိုပြီး လုပ်လာတယ်လို့ပြောပါတယ်။

“စစ်သားတွေဆိုရင် ပြီးခဲ့တဲ့လတွေက စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့) တွေရော တပ်ထိန်းတွေရော လိုက်ပြီး ဖမ်းတယ်။ ကျနော်သိတဲ့အထဲမှာ ဆိုရင် နယ်စပ်ဘက်ကို လာဖို့ ကြိုးစားရင်းနဲ့ တစ်ယောက်ဆိုဂိတ် (စစ်ကောင်စီ တပ်ဂိတ်) မှာတင် အဖမ်းခံရတယ်။ လေတပ်သားတစ်ယောက်ပေါ့နော်။ တင်းတင်းကျပ်ကျပ်ကို လိုက်ပြီးတော့ အထဲမှာ ပိုက်စိပ်တိုက်ပြီးတော့ကို ရှာတယ်။ ဒါမျိုးအခြေအနေတွေ တော်တော်များများ ဖြစ်တယ်။ ဒီဘက်(ထိုင်း)မှာကျတော့လည်း ဒီအတိုင်းပဲ စစ်သားတွေအတွက် လုံခြုံရေးက အဆင်မပြေဘူး။ ခက်ခဲတာတွေရှိတယ်။ ကိုယ့်ကိုယ်ကိုယ်စစ်သား CDM ဆိုပြီး ပေါ်ပေါ်တင်တင် ပြောလို့မရဘူး”

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ အခုထက်ပိုပြီး CDM မှာ ပါဝင်လာစေဖို့အတွက် ဘေးကင်းလုံခြုံတဲ့ နယ်မြေတစ်ခုဖန်တီးပြီး အလုပ်အကိုင်တွေ ဖန်တီးပေးတာ၊ ဒုက္ခသည်တွေအဖြစ် တတိယနိုင်ငံကို သွားဖို့ ကူညီပေးတာတွေ လုပ်သင့်တယ်လို့သူကပြောပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်း တစ်ဦးကတော့ အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို အားစိုက်နေသလို ခက်ခဲနေတဲ့ CDM ဝန်ထမ်းတွေကိုလည်း ထောက်ပံ့မှုတွေ လုပ်ပေးသင့်တယ်လို့ ပြောပါတယ်။

“NUG အနေနဲ့ တော်လှန်ရေးမှာ အားစိုက်ရတယ်။ လူထုတစ်ရပ်လုံးကလည်း တော်လှန်ရေးပေါ်မှာပဲ အာရုံစိုက်နေတယ်။ တော်လှန်ရေးက နိုင်ဖို့အတွက်ဆိုရင် လက်နက်လိုတယ်၊ ဒရုန်းတွေလိုအပ်တယ် အဲဒီအတွက်သုံးရတာ ဆိုတော့ အခု CDM တွေဘက် မလှည့်နိုင်တာကိုနားလည်တယ်။ ဒါပေမဲ့ တချို့တအားခက်ခဲနေတဲ့သူတွေ ကိုတော့ ထောက်ပံ့မှုလေးတွေ အစဉ်မပြတ် လုပ်သင့်တယ်လို့တော့ ထင်တယ်ပေါ့ခင်ဗျာ”

အာဏာသိမ်း အစောပိုင်းကာလတွေတုန်းက ပညာရေး CDM ဝန်ထမ်းတွေ ထောက်ပံ့မှုတွေ ရခဲ့ကြပေမယ့် အခုနောက်ပိုင်း ထောက်ပံ့မှုတွေ မရတော့ဘူးလို့ သူကပြောပါတယ်။

ပညာရေး CDM ဝန်ထမ်းတွေဟာ စားဝတ်နေရေးအတွက် ကြုံရာအလုပ်ကို လုပ်နေရတာ၊ မိသားစုတွေဆီက ထောက်ပံ့မှုကို ယူနေရတာနဲ့ တစ်ဖက်မှာလည်း ဖမ်းဆီးခံရမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ပညာရေး CDM ဝန်ထမ်းတွေက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်ခန့်အတွင်း CDM ပညာရေးဝန်ထမ်း ၂၁၈ ဦး ဖမ်းဆီးခံထားရပြီး ၃၃ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ CDM ကျောင်းဆရာတစ်ဦးလည်း သေဒဏ်ချမှတ်ခံထားရပါတယ်။

"စားဝတ်နေရေး အခက်အခဲတွေရှိတယ်။ လုံခြုံရေးဆိုတဲ့ နေရာမှာလည်းအိမ်မှာနေတာ လုံခြုံမှုမရှိတဲ့ အနေအထား"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ နိုင်ငံတစ်ဝန်းမှာ CDM ပညာရေးဝန်ထမ်း နှစ်သိန်းခွဲကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ NUG က အတည်ပြုချက် လေးချက်ပါဝင်တဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ CDM ဝန်ထမ်းတွေကို တော်လှန်ရေးကာလအလွန်မှာ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ပေးအပ်တာ၊ ဖေဖော်ဝါရီလ တစ်ရက်ကစလို့ ရာထူးတစ်ဆင့် တိုးမြှင့်လိုက်တာ၊ နေ့စားဝန်ထမ်းတွေကို အမြဲထမ်း ဝန်ထမ်းအဖြစ် အတည်ပြုခန့်အပ်တာနဲ့ လုပ်ခလစာငွေနဲ့ ချီးမြှင့်ငွေတွေကို တစ်လုံးတစ်ခဲတည်း ပြန်ပေးမှာဖြစ်ကြောင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးမှာ CDM ဝန်ထမ်းတွေရဲ့ အရေးပါမှုကို အမျိုးသားညီညွတ်‌ရေး အစိုးရက အသိအမှတ်ပြုတာဖြစ်ပြီး ဒီအတောအတွင်း သေဆုံး၊ အကျဉ်းကျခံခဲ့ရတဲ့ CDM ဝန်ထမ်းတွေအတွက်လည်း ကူညီပေးမယ့် အစီစဉ်လည်း ရှိတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က RFA ကိုပြောပါတယ်။

“CDM လုပ်ရင်းနဲ့ အသက်ပေးသွားကြရတဲ့ သူရဲကောင်းတွေအတွက်လည်း ကျနော်တို့ထိုက်သင့်သလို သူတို့ရဲ့ ကျန်ရစ်ခဲ့တဲ့မိသားစုတွေကို ပြန်လည်ကြည့်ရှု ကူညီပေးဖို့ အစီအစဉ်တွေရှိပါတယ်။ ထောင်ကျနေတဲ့ ဝန်ထမ်းတွေရဲ့ နစ်နာမှုတွေကိုလည်း ကျနော်တို့ အနေနဲ့ အသိအမှတ်ပြု ကူညီပေးဖို့အတွက် စီစဉ်နေတာလည်း ရှိပါတယ်။ တော်လှန်ရေးအောင်မြင်ပြီးတဲ့အခါကျရင် ကျဆုံးသွားတဲ့ CDM ဝန်ထမ်းတွေရဲ့ ကျဆုံးသွားတဲ့ CDM ဝန်ထမ်းတွေရဲ့ မိသားစုဝန်တွေရဲ့ စားဝတ်နေရေးကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမယ့် စီမံကိန်းတွေ လုပ်နေပါတယ်”

cdm-doctors
ရန်ကုန်မြို့က အာဏာရှင်ဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသည့် ဆရာဝန်များကို ၂၀၂၁ ခုနှစ်က တွေ့ခဲ့ရစဉ်။ ( Photo:AFP)

လက်ရှိ CDM ဝန်ထမ်းတွေကို ဘယ်လိုကူညီနေသလဲဆိုတာတော့ သူက ပြောဆိုတာ မရှိပါဘူး။

စစ်တပ်ကအာဏာသိမ်းပြီးချိန်ကနေ CDM မှာပါဝင်လာခဲ့တဲ့ ဗိုလ်ကြီးလင်းထက်အောင် ကတော့ CDM ဝန်ထမ်းတွေကို အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အခုကာလ အတွင်းမှာ ကျွမ်းကျင်ရာ တာဝန်တွေ ပေးအပ်သင့်တယ်လို့ ပြောပါတယ်။

“အခုကာလမှာ CDM ဝန်ထမ်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် သော်လည်းကောင်း၊ သူတို့နဲ့သင့်တော်တဲ့ ရာထူးတွေ၊ တာဝန်တွေကို လုပ်ဆောင်ပေးဖို့ ကိုလည်း လိုအပ်တယ်လို့ ကျနော်ကတော့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့ CDM ဝန်ထမ်းတွေသည် ပုန်းရှောင်နေရတဲ့ အခြေအနေမှာရှိတယ်။ နယ်စပ်တွေမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာရှိတယ်။ သက်ဆိုင်ရာတော်လှန်ရေး ကဏ္ဏအသီးသီးမှာတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဝင်ရောက်အားဖြည့်မှာပဲ။ ဒါပေမဲ့ သူတို့ကျွမ်းကျင်ရာ အလုပ်တာဝန်တွေ၊ တာဝန်ပေးအပ်မှုတွေနဲ့ ဖွဲ့စည်းနိုင်မယ် ဆိုရင်တော့ CDM ဝန်ထမ်းတွေရဲ့အားက တော်လှန်ရေးမှာ အင်အားတစ်ခု ပိုပြီးဖြစ်လာမယ်လို့ မြင်မိတယ်”

အမျိုးသားညီညွတ်ရေးအစိုးရက CDM နဲ့ ပတ်သက်ပြီးထုတ်ပြန်ထားတဲ့ မူဝါဒကို ကြိုဆိုတယ်လို့ သူကပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထိ တပ်နဲ့ ရဲ CDM ဝန်ထမ်း ၁၂,၀၀၀ ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က RFA ကို ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေ ရှိနေပေမယ့်လည်း CDM မှာ ဆက်ပြီး ပါဝင်နေကြဦး မယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။