စစ်မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ CDM ဆေးတက္ကသိုလ်ကျောင်းသား
2024.01.17
စစ်အာဏာရှင်တပ်တွေကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ ကရင်နီပြည်မှာ တစ်ပြည်နယ်လုံး စစ်မြေပြင်ဖြစ်နေသလို ဒေသခံအားလုံးကလည်း စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
အစိုးရ ဆေးရုံ၊ ဆေးခန်းတွေကို အားကိုးလို့မရတော့တဲ့ ကရင်နီပြည်က ဒေသခံတွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ နွေဦးကျန်းမာဆေးရုံဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတာပါ။
အဲဒီကျန်းမာရေးဝန်ထမ်းတွေထဲမှာ ဆေးတက္ကသိုလ်ကျောင်းသား ကိုထူးလည်း ပါဝင်ပါတယ်။
၂၀၂၁ နှစ်ဆန်းပိုင်းက ရန်ကုန် ဆေးတက္ကသိုလ် (၂) မှာ နောက်ဆုံးနှစ်တက်နေတဲ့ ကိုထူးဟာ စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့အတွက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တာပါ။ ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ ရန်ကုန်ဆေးတက္ကသိုလ် (၂) ကျောင်းသားကော်မတီအဖွဲ့ဝင် တစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေရင်း CDM လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ သူတိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးကို သူရွေးချယ်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလမှာ ကရင်နီပြည်နယ်ကို ထွက်ခွာလာခဲ့ပါတယ်။
“တော်လှန်ရေးကို တက်တက်ကြွကြွပါဝင်ကြတဲ့ ကျောင်းသားတွေတိုင်းကို အကြောင်းမဲ့ ဖမ်းဆီးတာမျိုး ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ လုပ်တယ်။ နောက်ကျွန်တော်တို့ ကျန်းမာရေးကဏ္ဍဆို CDM လှုပ်ရှားမှုထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့တဲ့ ကဏ္ဍလို့ ပြောလို့ရတယ်။ ကျန်းမာရေးကဏ္ဍကို စစ်တပ်ကပိုပြီးတော့ အညှိုးထားတယ်။ အညှိုးထားတော့ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ဆက်နွယ်နေတဲ့သူအသီးသီး ဆရာဝန်၊ သူနာပြု၊ ဆေးကျောင်းသားတွေကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေလုပ်တာပေါ့နော်။ လုပ်ရင်းနဲ့ ဘယ်လိုမှ ရန်ကုန်မှာ နေလို့မရတော့တဲ့ အခြေအနေရောက်သွားတာပေါ့။”
ဆေးထိုးအပ်ကိုင်တဲ့ ဆေးကျောင်းသားဘဝကနေ လက်နက်ကိုင်တော်လှန်ဖို့ဆိုပြီး ကရင်နီပြည်နယ်မှာ စစ်သင်တန်းတက်ရောက်ခဲ့ပေမဲ့ သူတတ်ထားတဲ့ ဆေးပညာနဲ့ပဲ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ကူညီဖို့ ကိုထူး ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီနောက် သူ့လိုပဲ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆေးပညာရှင်တွေနဲ့စုပေါင်းပြီး နယ်လှည့်ဆေးကုသရေးလုပ်ငန်းမှာ စတင်ပါဝင်ခဲ့ပါတယ်။
“ကျန်းမာရေးအင်အားစုတွေကို ကျွန်တော်တို့ စုစည်းတယ်။ ဆရာဝန်တွေစုစည်းတယ်။ သူနာပြုတွေစုစည်းတယ်။ ဒေသခံ စေတနာ့ဝန်ထမ်း (Volunteer) စုစည်းတယ်။ အခြားသော လိုအပ်တာတွေ စုစည်းတာပေါ့။ စုစည်းပြီးတော့ ကိုယ်နိုင်သလောက် ကျန်းမာရေးလှုပ်ရှားမှုတွေ လုပ်တာပေါ့နော်။ နယ်လှည့်ဆေးကုထွက်တာတွေ၊ ဆေးခန်းထိုင်တာတွေ၊ ဆေးရုံတင်တာတွေ၊ စတဲ့ကိစ္စတွေ ဖြေးဖြေးချင်း အစပျိုးလာတယ်လို့ ပြောလို့ရတယ်။”
ကရင်နီပြည်ထဲမှာ နွေဦးကျန်းမာ နယ်လှည့်ဆေးကုသရေးကို သူနဲ့အတူ ကျန်းမာရေး CDM ဝန်ထမ်းတွေ စုပေါင်းပြီး ၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တာပါ။
အခုတော့ ခေတ်မီဆေးကုသရေးစက်တွေနဲ့ ခွဲစိတ်ကုသပေးနိုင်တဲ့အထိ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်တဲ့ နွေဦးကျန်းမာဆေးရုံ ဖြစ်လာခဲ့ပါပြီ။
ဆေးဝါးလိုအပ်ချက်တွေရှိနေပြီး အခက်အခဲမျိုးစုံကြားကနေ စတင်ခဲ့တဲ့ နွေဦးကျန်းမာဆေးရုံဟာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးဒဏ်ရော လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ဒဏ်ကိုပါ မကြာခဏ ခံနေရပါတယ်။
“ကျွန်တော်တို့ ဆေးရုံအဆောင်ကို လက်နက်ကြီးနဲ့ ပစ်တာပေ့ါ။ လက်နက်ကြီး လှမ်းပစ်တဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့သားတွေ ထိခိုက်ကြတယ်။ အဖွဲ့ဝင်တချို့ ထိခိုက်မှုရှိတာပေါ့နော်။ ကံကောင်းတာက ကျွန်တော်တို့ လူနာဆောင်တည့်တည့်ကိုကျော်ပြီး ကျပြီးတော့ ဆရာ၊ ဆရာမနားနေတဲ့ အဆောင်ထဲကို လက်နက်ကြီးတည့်တည့်ကျတာ။ အဲအချိန်မှာ ဒီအဆောင်ထဲမှာ ရှိနေတဲ့ စေတနာ့ဝန်ထမ်း ညီမလေးတချို့ နားနေတဲ့အချိန် အိပ်နေတဲ့အချိန်ဖြစ်တယ်။ အဲအချိန်မှာ သူတို့ရဲ့ အခန်းတည့်တည့်ကိုကျတာ ဖြစ်တဲ့အတွက် သူတို့အကုန်ထိကြတယ်။ ထိတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ ပြာထွက်သွားတာပေါ့။ အော်သံတွေကြားရတယ်။ သွေးတွေလည်း အဲဒီအချိန်မှာ အများကြီးဖြစ်နေပြီ။ ကျွန်တော်တို့ ပြေးကြည့်တဲ့အချိန်မှာ အဲအချိန်မှာ လူနာတွေကို ကျွန်တော်တို့ ဆွဲထူ၊ လူနာတွေကလည်း သက်ကြီးရွယ်အိုတွေပါတာဖြစ်တဲ့အတွက် ဗုံးခိုကျင်းထဲကို အရင်ဦးစားပေးထည့်ရတယ်။ ပြီးရင်ထိသွားတဲ့သူတွေကို ကျွန်တော်တို့သွားထုတ်ရတယ်။ ဆွဲထုတ်နေချိန်မှာ လက်နက်ကြီးနဲ့ တောက်လျောက် ပစ်ခတ်နေတုန်းပဲ။ အဲအချိန်မှာ ကိုယ့်အသက်တော့ ဘာမှမတွေးနိုင်တော့ဘဲနဲ့ ထိတဲ့သူတွေကို ဆွဲထုတ် ရှိနေတဲ့သူတွေကို ဆွဲထုတ်ပြီးတော့ နောက်ဆုံးရအောင် ကယ်ကြရတဲ့ဟာပေါ့။ အဖွဲ့သားတွေထိခိုက်တဲ့ဟာလည်း ကျွန်တော်တို့အတွက် ဆိုးရွားတဲ့အမှတ်တရတစ်ခုပဲပေါ့နော်။”
တိုက်ပွဲတွေကြားမှာ ဆေးရုံ၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေဟာ စစ်ရေးပစ်မှတ်တွေလိုဖြစ်လာတဲ့အခါ နွေဦးကျန်းမာဆေးရုံဟာလည်း မကြာခဏဆိုသလို နေရာတွေ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရပါတယ်။
သူဝါသနာပါတဲ့ ဆေးကုသရေးပိုင်းမှာ တက်တက်ကြွကြွပါဝင်နေပေမဲ့လည်း တစ်ဖက်မှာတော့ လုပ်ဖော်ကိုင်ဖက်တွေ ထိခိုက်ဒဏ်ရာရတာ၊ ရှေ့တန်းစစ်မြေပြင်မှာ သေဆုံးထိခိုက်ရတဲ့ သွေးသံရဲရဲ မြင်ကွင်းတွေကို နေ့စဉ်တွေ့မြင်ရာကနေ သူကိုယ်တိုင်လည်း စိတ်ဒဏ်ရာတွေ ရခဲ့ပါတယ်။
“လေယာဥ်ဖြတ်သွားတဲ့အသံတွေ၊ လက်နက်ကြီးပစ်လိုက်တဲ့အသံတွေဆို ကျွန်တော်တို့ အခုအချိန်မှာ သိပ်မခံစားနိုင်ဘူးပေါ့နော်။ အလုပ်လုပ်ဆိုရင်တော့ ကျွန်တော်တို့လုပ်တာပဲ။ ဘာမှမတွေးဘဲနဲ့ ကိုယ့် ရည်မှန်းချက်ရှိရင် ရှိတဲ့အတိုင်းကို လုပ်တယ်။ လုပ်စရာရှိတာကို လုပ်တယ်ပေါ့နော်။ ဒါပေမဲ့ အဲခံစားချက်တွေက တစ်ခါတလေကျရင် ညဘက်အိပ်မက်တွေထဲ ထည့်မက်တယ်။ တစ်ခုခုဆင်တူရိုးမှား အသံလေးတွေကြားရင်တောင်မှ ရုတ်တရက် လန့်သွားတာမျိုး၊ တစ်ခုခု ဝပ်လိုက်တာမျိုး တောက်လျောက်ဖြစ်တာပေါ့နော်။ စစ်ပွဲတွေမှာ ကြုံတွေ့ရတဲ့ PTSD ဆိုတာမျိုး ကျွန်တော်တို့လက်ရှိလည်း တွေ့မြင်နေရပြီ။ ရဲဘော်တွေမှ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီဘက်မှာရှိနေတဲ့ တော်လှန်ရေးထဲမှာ နည်းလမ်းမျိုးစုံနဲ့ ပါဝင်နေကြသူတွေ စိတ်ထဲမှာတော့ နောက်ဆက်တွဲပြဿနာလေးတွေ ရှိလာနိုင်တယ်။ ကျွန်တော်ကိုယ်တိုင် တစ်ခါတလေ ကိုယ်တိုင်ကြုံတွေ့ရတာမျိုးတွေရှိတယ်။”
စစ်အာဏာရှင်လက်အောက်က ဆေးတက္ကသိုလ်ကျောင်းသားဘဝကို စွန့်လွှတ်ခဲ့ပေမဲ့ အောင်ပွဲရတဲ့အခါ တက္ကသိုလ်ပြန်တက်ပြီး လွတ်လပ်တဲ့ လူငယ်တစ်ယောက် ဘဝကို ဆက်လက်လျှောက်လှမ်းသွားမယ်လို့ သူဆုံးဖြတ်ထားပါတယ်။
“တကယ်လွတ်လပ်တဲ့ အရသာဆိုတာ အခုကျွန်တော်တို့ တိုက်ယူနေတဲ့ဟာပေါ့။ ကျွန်တော်တို့ တိုက်ပွဲဝင်နေတဲ့အရာပဲပေါ့နော်။ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာလည်း လွတ်လပ်မှုအတွက်ကို တိုက်ယူနေတာ။ တကယ်လွတ်လပ်တဲ့ အရသာဆိုတာ ဘာလဲဆိုတာကတော့ မကြာခင်တွေ့ရမယ်လို့တော့ ကျွန်တော်တို့ကတော့ ယုံကြည်ထားတယ်ပေါ့နော်။ နောက်တစ်ခုက မိတ်ဆွေတွေ၊ ကျွန်တော်တို့ ညီအကိုလိုခင်ရတဲ့ မိတ်ဆွေတွေ ကျွန်တော်တို့နဲ့အတူ လုပ်ရင်းကိုင်ရင်းနဲ့မှ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေ သူတို့ရဲ့ပေးဆပ်ထားတာတွေက ကျွန်တော်တို့ ဒီလို လွယ်လွယ်နဲ့ လက်လျှော့ဖို့မဟုတ်ဘူးပေါ့နော်။”
စစ်မြေပြင်ဖြစ်နေတဲ့ ကရင်နီပြည်မှာ ဆေးဝါးလိုအပ်ချက်တွေအပြင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်တွေကြားကပဲ နွေဦးကျန်းမာဆေးရုံနဲ့အတူ စစ်ဘေးဒုက္ခသည်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ကိုထူးတစ်ယောက် ကျန်းမာရေးဝန်ဆောင်မှုပေးနေဦးမှာပဲ ဖြစ်ပါတယ်။