သေဒဏ်ချမှတ်ခံရသူတွေထဲ CDM ပညာရေးဝန်ထမ်းတွေ ပါဝင်လာ
2023.01.18
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံနေကြရတဲ့ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေအပြင် သေဒဏ်တွေပါ ချမှတ်လာတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ထိပ်ပုတ်ကုန်း အထက်တန်းကျောင်းခွဲက အသက် ၂၅ နှစ်အရွယ် မူလတန်းပြဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီရဲ့ ဟင်္သာတခရိုင်တရားရုံး က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က သေဒဏ်ချမှတ်ခဲ့ပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ပညာရေးဝန်ထမ်းတွေထဲက ပထမဦးဆုံး သေဒဏ်ချမှတ်ခံရတဲ့ ပညာရေးဝန်ထမ်းတစ်ဦးလည်း ဖြစ်ပါတယ်။
ကျောင်းဆရာ ဦးကောင်းခန့်ကျော်ဟာ သတင်းပေးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၁ (က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂ (၁)(ဂ) လူသတ်မှုတို့နဲ့ သေဒဏ်ချမှတ်ခံခဲ့ရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။ အခုတော့ သူဟာ ပုသိမ်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၊ ပျော်ဘွယ်ရပ်ကွက်က အလယ်တန်းပြဆရာ ဦးကျော်နိုင်ဝင်းကတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးတာခံရအပြီး သုံးရက်အကြာ မိထ္တီလာစစ်ကြောရေးမှာ အသတ်ခံလိုက်ရတာလို့ ကျောင်းဆရာ ဦးကျော်နိုင်ဝင်းနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
"ညပိုင်းခုနစ်နာရီလောက်မှာ စစ်ဗိုလ်တစ်ယောက်ရယ်၊ ရဲနှစ်ယောက်ရယ် ရောက်လာတယ်။ ကားကတော့ အိမ်ရှေ့မှာ ထိုးခဲ့တယ်။ အဲဒီမှာ အင်အား ဘယ်လောက်ပါလဲ ဆိုတာတော့ မသိလိုက်ဘူး။ ကားပေါ်တင် ဆရာကြီးကို ထိုးကြိတ် ပြီးတော့ မေးမြန်းတယ်။ နောက် သူ့အမျိုးသမီးက လိုက်သွားတဲ့အခါကျတော့ ထွေအုပ်ရုံးရောက်တဲ့အခါ ဒီညတော့ ကျနော်တို့စစ်ဆေးစရာရှိလို့ ခေါ်ထားလိုက်ဦးမယ် ဆိုပြီး ပြောတယ်။ ဆရာကြီးကို မတွေ့ခဲ့ရဘူး။ နောက်ရက်တွေကျတော့ ဆရာကြီးကို မိထ္တီလာပို့လိုက်ပြီ၊ စစ်ဆေးဦးမှာမို့ပါ ဆိုပြီးတော့ပြောတယ်။ နောက်ထပ်နှစ်ရက်၊ သုံးရက်လောက်အကြာမှာတော့ ဆရာကြီး ဦးကျော်နိုင်ဝင်း ဆုံးပြီဆိုပြီးတော့ သူ့မိသားစုကို အကြောင်းကြားခဲ့တယ်။ မိထ္ထီလာထောင်မှာ ဆရာကြီးရဲ့ ရုပ်အလောင်း ကို သွားထုတ်တဲ့အခါကျတော့ မပေးနိုင်ဘူး။ သူတို့မီးရှို့လိုက်ပြီလို့ ပြောတယ်"
ကျောင်းဆရာ ဦးကျော်နိုင်ဝင်းရဲ့ မိသားစုတွေကတော့ ဆက်ပြီးဖမ်းဆီးခံရမှာ စိုးရိမ်နေတာကြောင့် အခုချိန်အထိ နေရပ်ကနေ စွန့်ခွာထွက်ပြေးနေရတယ်လို့ သူကပြောပါတယ်။
အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတွေဟာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတာတွေလည်း ရှိနေပါတယ်။ အဲဒီအထဲမှာ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ပေကုန်းအုပ်စု၊ ရုံးတိုင်မြှောင်ကျေးရွာမှာ နေထိုင်တဲ့ မူလတန်းပြ ကျောင်းဆရာ ဦးအောင်ဌေးဖြိုးလည်း ပါဝင်ပါတယ်။ သူကတော့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က မကွေးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၀ (ည) နဲ့ ထောင် ၁၅ နှစ် ချမှတ်ခံထားရတာလို့ ကျောင်းဆရာ ဦးအောင်ဌေးဖြိုးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"မြို့သစ် - တောင်တွင်းကြီးကားလမ်း ရှိတယ်။ အဲဒီကားလမ်းထိပ်မှာ စားသောက်ဆိုင် လေး တစ်ဆိုင် ရှိတယ်။ စားသောက်ဆိုင်လေးမှာ သူ့သူငယ်ချင်း မလေးရှားက ပြန်လာတဲ့သူက ခေါ်လို့ သွားတဲ့အချိန်မှာ နာမည်အတိအကျနဲ့ကို ဝင်ဖမ်းတာ။ လေးယောက် အဖမ်းခံရတယ်။ အဲဒီမှာ သုံးယောက်ကတော့ ပြန်ရွေးလို့ လွတ်လာတယ်။ သူကျတော့ CDM ဆိုတော့ စဖမ်းတုန်းကလည်း စစ်တပ်က ထုရိုက်လို့ တောင်တွင်းကြီး ဆေးရုံမှာ ဆေးကုသခဲ့ရတယ်။ ဆေးကုပြီးတော့မှ ထောင် ၁၅ နှစ်နဲ့ ဒေါင်းနေချောင်း ထောင်ကို ပို့လိုက်တာ"
အသက် ၂၇ နှစ်အရွယ် ကျောင်းဆရာ ဦးအောင်ဌေးဖြိုးဟာ အာဏာသိမ်းပြီးနောက် အစောဆုံး CDM လှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ဖမ်းဆီးခံခဲ့ရတာလို့ သူကပြောပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေဟာ သူတို့ရဲ့ ဘဝရပ်တည်ရေးကိုပါ ခြိမ်းခြောက်ခံနေကြရပြီး ပုဂ္ဂလိက စာသင်ကျောင်းတွေမှာလည်း စာသင်ကြားခွင့်မရအောင် ကန့်သတ်ခံထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် ရှုတ်ချတယ်လို့ CDM မူလတန်း ကျောင်းအုပ်ဆရာမတစ်ဦးက ပြောပါတယ်။
"ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်။ နှစ်ရှည်ထောင်ဒဏ်တွေ ချတယ်။ ပြီးတော့ အခုအဆိုးဆုံးကတော့ သေဒဏ်အထိ စီရင်ချက်ချတယ်ပေါ့။ ပညာရေးဝန်ထမ်းတွေအကုန်လုံး ကျမပါ အပါအဝင်ပေါ့။ ဒီဖြစ်ရပ်တွေ၊ ဒီလုပ်ရပ်တွေ ကိုလက်မခံဘူး။ ရှုတ်ချတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဆရာ၊ ဆရာမတွေက အုပ်ချုပ်တဲ့အစိုးရကို မကြိုက်လို့။ အစိုးရရဲ့ လုပ်ငန်းဆောင်တာမှန်သမျှကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုကို လုပ်ထားပေမယ့် ကျမတို့ဟာ စာသင်ပေးခွင့်ရှိတယ်။ ကျမတို့ သာစာမသင်ပေးရင် တကယ်နစ်နာမှာ ကလေးတွေပါ။ ဒီလိုစာသင်ပေးတာလေး တစ်ခုနဲ့တင် ပညာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာလေးတစ်ခု လုပ်တာနဲ့တင် ကျမတို့ CDM ဝန်ထမ်းတွေအပေါ် ဒီလိုလုပ်တာဟာအရမ်းကို ခံပြင်းစရာ ကောင်းပါတယ်"
စစ်ကောင်စီဟာ ပညာရေးဝန်ထမ်းတွေကို ဖိနှိပ်မှုတွေရှိနေပေမယ့် CDM လှုပ်ရှားမှုမှာ ဆက်ပြီးပါဝင်သွားမယ်လို့လည်း သူကပြောပါတယ်။
"အာဏာသိမ်းမှု မအောင်မြင်လာတဲ့အခါ လူတွေကို အကြောက်တရားရဖို့ သတ်ပြတယ်"
CDM လှုပ်ရှားမှုမှာ ဒီနေ့အထိ ပါဝင်နေဆဲဖြစ်တဲ့ ပညာရေးဝန်ထမ်းတစ်ဦးကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ရာဇဝတ်မှုကျူးလွန်နေတာလို့ပြောပါတယ်။
"စစ်အာဏာသိမ်းကတည်းက သူတို့ဟာ တရားမဝင်ပါဘူး။ သူတို့ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မကိုက်ညီဘူး။ အဲအပေါ်မှာထပ်ပြီးတော့ ဒီလိုရာဇဝတ်မှုတွေ ကျူးလွန်တာပေါ့။ လူသတ်မှုတွေ ကျူးလွန်တယ်လို့ ကျနော်တို့ပြောလို့ရတယ်။ ဆရာ၊ ဆရာမတွေကို သတ်တယ်။ ဒါကလုပ်သင့်လား၊ မလုပ်သင့်လား ပေါ့နော်။ ဆရာ၊ ဆရာမမှ မဟုတ်ဘူး။ ဘယ်သူ့ကိုမဆို ဒါက လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ စဉ်းစားရမှာပါ။ သူတို့က အာဏာသိမ်းထားတဲ့အတွက် သူတို့လက်ထဲမှာ လက်နက် ရှိတယ်။ လက်နက်ရှိရင် အာဏာသိမ်းလို့ရတယ်ဆိုတဲ့ အတွေးကစတာ။ ဒီအာဏာ သိမ်းမှု မအောင်မြင်လာတဲ့အခါ လူတွေကို အကြောက်တရားရဖို့ သတ်ပြတယ်"
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ မငြိမ်မသက် ဖြစ်အောင် ပြုလုပ်နေသူတွေကို ထိုက်သင့်တဲ့ဥပဒေတွေနဲ့ အရေးယူရမှာပဲလို့ ယခင်က ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါပေမဲ့ ပညာရေးဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ယန္တရား မလည်ပတ်နိုင်အောင် လုပ်နေတာကြောင့် အခုလို ဖိနှိပ်နေတာလို့ စစ်ကောင်စီတပ်ကို လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ CDM ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
"CDM ဝန်ထမ်းတော်တော်များများက ပညာရေးဌာနက အားကောင်းတယ်။ ဒီလို အားကောင်းနေတော့သူတို့ရဲ့ စစ်ယန္တရားကြီးက ပြောရမယ်ဆိုရင် သူတို့ (စစ်ကောင်စီ) မျှော်မှန်းသလောက် မလည်ပတ်နိုင်ဘူး။ အဲဒီလိုဖြစ်လာတော့ ပညာရေးဝန်ထမ်းတွေက အကုန်လုံးသာ Non-CDM လုပ်သွားရင် သူတို့ရဲ့ စစ်ယန္တရားကြီး လည်ပတ်နိုင်တယ်။ ကမ္ဘာမှာချပြလို့ရပြီ။ သူတို့အာဏာသိမ်းလည်း ပြည်သူတွေက လက်ခံတယ်ဆိုပြီးတော့ ပုံစံနဲ့ လုပ်တာ။ ပညာရေးဝန်ထမ်းက တစ်ယောက်ယောက်ကိုများ သတ်ပြလိုက်မယ်၊ နှစ်ရှည်လများ ထောင်ချလိုက်မယ်၊ ဒီလိုလုပ်ပြလိုက်ရင် ပညာရေးဝန်ထမ်းတွေက CDM ကနေ Non-CDM ပြန်လုပ်လာနိုင်တယ်ဆိုတဲ့ စိတ်နဲ့ သူတို့ (စစ်ကောင်စီက) အဲလိုမျိုး လုပ်နေတယ်လို့ ထင်ပါတယ်"
စစ်ကောင်စီဘက်က ပြိုလဲကျရှုံးမှု မဖြစ်မချင်း ဆက်ပြီးလက်နက်ကိုင်တိုက်ပွဲဝင်မယ်လို့ သူကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ CDM ပညာရေးဝန်ထမ်း ၂၁၈ ဦး ဖမ်းဆီးခံထားရပြီး ၃၃ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်ချက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ပညာရေးဝန်ထမ်း နှစ်သိန်းခွဲကျော်က အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။