ICJ မှာ ဒေါ်အောင်ဆန်းစုကြည်ကြုံရမယ့် စိန်ခေါ်မှုများ

ဝေယံမိုးမြင့်၊ ဝေမာထွန်း
2019-11-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၉၊ စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၉၊ စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - သီဟထွန်း/ RFA

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ထံသွားရောက်ရင်ဆိုင်မယ့် ကိုယ်စားလှယ်အဖွဲ့မှာ ခေါင်းဆောင်၊ ကိုယ်ခွဲ ခေါင်းဆောင်တွေရှိပြီး အဆင့်ဆင့်တာဝန်ပေး ရင်ဆိုင်သွားမှာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရုံးချိန်းတိုင်း လိုက်ပါဆောင်ရွက်စရာမလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။

ICJ ထံ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်တွေထဲမှာ မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တာ၊ ကျုးလွန်ဖို့ လျှို့ဝှက်ကြံစည်တာ၊ လှုံ့ဆော်တာ၊ စီမံညွန်ကြားတာ၊ လူမျိုးတုံးသတ်ဖြတ်မှုကို တားမြစ်ဖို့ ပျက်ကွက်တာ၊ သတ်ဖြတ်သူတွေကို အပြစ်ပေးဖို့ ပျက်ကွက်တာနဲ့ ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချဖို့ လိုအပ်တဲ့ ပြဌာန်းချက်တွေ မရှိဘူးလို့ စွပ်စွဲပြစ်တင်ထားကြောင်းလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက အခုလ ၂၃ ရက်နေ့က သမ္မတ၊ ကာချုပ်နဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံရာမှာ ရှင်းပြခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အဖြစ်မှန်သိဖို့ ဦးစွာဆောင်ရွက်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးက RFA ကို ဒီနေ့ ပြောပါတယ်။

“ပုံမှန်ဆိုရင်တော့နှစ်ရှည်သွားတယ် ၃၊ ၄ နှစ် ။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ ကျွန်တော်တို့နိုင်ငံကို ပစ်မှတ်ထားပြီး လုပ်တဲ့အတွက် သူတို့မြန်မြန်လည်း ဆောင်ရွက်သွားနိုင်တယ်။ ဝန်ခံတယ်ဆိုတာတွေက နည်းနည်း ဝေးပါသေးတယ်။ အရင်ဆုံး အဖြစ်မှန် သိဖို့အတွက် အစိုးရကော၊ တပ်မတော်ကရော ကြိုးစားဆောင်ရွက် နေတယ်။ ပြီးရင် လိုအပ်တဲ့ အရေးယူမှုတွေ နောက်က ဆက်လိုက်လာမှာပဲ”

ICJ မှာ အမှုပြီးပြတ်ဖို့ဟာ အချိန် တစ်နှစ်ကနေ သုံး၊ လေးနှစ်အထိ ကြာနိုင်ပြီး ICJ ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီး ပုဂ္ဂိုလ်တစ်ဦးချင်းအရ တရားစွဲဆိုမှု၊ နောက်တစ်ဆင့်အနေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကနေ အရေးယူ နိုင်ရေး တင်ပြချက်တွေ ဆက်ရှိလာနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ပထမဆုံးရုံးချိန်းအနေနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံက လျှောက်လဲချက်တွေ ပေးကြမှာပါ။

မြန်မာနိုင်ငံဘက်က လျှောက်လဲချက်ပေးတဲ့အခါ ပြည်တွင်းက စုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့ တွေ့ရှိချက်တွေ အပြင် တပ်မတော်နဲ့ အစိုးရက ဖော်ထုတ်အရေးယူခဲ့မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မကျူးလွန်ဖို့ ညွန်ကြားချက်တွေကို ထည့်သွင်းပြောဖို့ လိုအပ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ယူဆပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတိုင်းအတာတစ်ခုအထိ ရှိခဲ့တာက ဒါက ကျွန်တော်တို့လည်း ငြင်းလို့မရဘူး။ ဒါတွေက အစိုးရရဲ့ မူဝါဒ၊ တပ်မတော်ရဲ့ မူဝါဒ မဟုတ်ဘူး။ တပ်မတော် ဥပဒေတွေမှာလည်း ဒီလိုမျိုးကိစ္စတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ပြဌာန်းပြီးသား ရှိတယ်။ ကျူးလွန်လာတဲ့ အပေါ်မှာလည်း စုံစမ်းစစ်ဆေးရေးခုံရုံးတွေ၊ တပ်မတော်ရဲ့ စစ်ခုံရုံးတွေနဲ့ အရေးယူခဲ့တယ်ဆိုတဲ့ အပေါ်မှာပဲ ကျွန်တော်တို့က ချေပရမှာပေါ့။ ဒါတွေဖြစ်ခဲ့တာသည် တမင်သက်သက် ရည်ရွယ်ပြီးမှ လူမျိုးတုန်းအောင်လုပ်ခဲ့တာ မဟုတ်ဘူး၊ လူသားမျိုးနွယ်စုပေါ်မှာ ကျူးလွန်တာမျိုး လုပ်တာမဟုတ်ဘူးဆိုတာကိုပဲ ကျွန်တော်တို့က ချေပလို့ရမှာပေါ့”

၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း အင်းဒင်ကျေးရွာမှာ မွတ်စလင် ၁၀ ဦးကို သတ် ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ တပ်မတော်အရာရှိ လေးဦးနဲ့ တပ်ဖွဲ့ဝင် သုံးဦးကို စစ်ခုံရုံးက ၂ဝ၁၈  မတ်လက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံပါတယ်။

မတ်လမှာ အရေးယူခံရတဲ့ တပ်မတော်သား ခုနှစ်ဦးကို နိုဝင်ဘာလမှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျူးလွန်ခဲ့သူတွေကို အဲဒီလို ပြန်လွှတ်ပေးလိုက်တာဟာ မလုပ်သင့်တဲ့ ကိစ္စဖြစ်ပြီး ဒါဟာ အရေးယူ ဆောင် ရွက်ခဲ့မှုတွေကို အားနည်းသွားစေခဲ့တဲ့ အချက်ဖြစ်တယ်လို့ ဝန်ကြီးဟောင်း ဦးရဲထွဋ်က မှတ်ချက်ပြုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ICJ မှာ သွားရောက်ရင်ဆိုင်ရာမှာ နိုင်ငံရေးအရ နိုင်ငံရဲ့ ဂုဏ်သိက္ခာ မကျဆင်း စေဖို့၊ စီးပွားရေးအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းသွားနိုင်တာတွေကို ကာကွယ်နိုင်ဖို့ ဆိုတဲ့ ဖိအားတွေ ရှိနေပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေကြားမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို ကာကွယ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ နော်ဝေနိုင်ငံမှာ အခြေချနေထိုင်နေတဲ့ နိုင်ငံတကာဥပဒေ ကျွမ်းကျင်သူ၊ မြန်မာရှေ့နေ ဦးမင်လွင်ဦးက ပြောပါတယ်။

“ဖိအားကတော့ အခုတောင် တပ်ကိုကာကွယ်တယ် ဆိုတယ်။ ဖိအားပေးပြောဆိုမှုတွေ အများကြီး ရှိတာ တွေ့ရတယ်။ အခုသွားတာတောင် နိုင်ငံရေးပါတီတွေက ထောက်ခံတယ် ကြိုဆိုတယ်ဆိုပြီး စာထုတ်တာတောင် မတွေ့ရဘူး။ နိုင်ငံရေးပါတီတွေက အခုချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် အခွင့်ကောင်းဆိုပြီး ပြောကြ ဆိုကြတာပေါ့။ ဒါတွေက ဖိအားတွေပေါ့”

လုပ်ထုံးလုပ်နည်းအရ ICJ ထံ အရေးယူပေးဖို့ တင်ပြချက်တွေရှိရင် စွပ်စွဲခံရတဲ့နိုင်ငံဟာ ရက်ပေါင်း ၄၀ အတွင်း တရားရုံးထံ လျှောက်လဲချက်သွားရောက် ပေးရတာဖြစ်ပြီး အမှုကို ကာကွယ်ချေပတာ မလုပ်ရင်တော့ တဖက် အမှုသည်နိုင်ငံကို အနိုင်ပေးဖို့ တရားရုံးက ဆုံးဖြတ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားရုံးထံ လျှောက်လဲချက်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးယူဆောင် ရွက်နိုင်ရေး အကန့်အသတ်တွေ ရှိနေတာကိုလည်း တင်ပြဖို့လိုမယ်လို့  ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဦးအေးလွင်က ပြောပါတယ်။

“ပူးပေါင်းဆောင်ရွက်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ နိုင်ငံအပေါ် အမြင်က ပြောင်းလဲသွားပါလိမ့်မယ်။ သူ့အနေနဲ့ ကတော့ မိမိတို့ဆောင်ရွက်နေတဲ့ ကိစ္စတွေကို အရှိကို အရှိအတိုင်း တင်ပြဖို့လိုတယ်။ တစ်ချိန်ထဲမှာပဲ ၂၀၀၈ (အခြေခံဥပဒေ) အားနည်းချက်ကြောင့် လုပ်ချင်သလို လုပ်လို့မရဖြစ်နေတဲ့ အခြေအနေကိုလည်းပေါ်လွင်အောင် တင်ပြဖို့ လိုမယ်ထင်ပါတယ်။ ပြစ်မှုတွေကိုဘယ်သူတွေ ကျူးလွန်တယ် ဆိုတာကိုပဲ ဖော်ထုတ်ဖို့လိုတယ်။ ဘာတွေလုပ်နေပါတယ်လို့ပဲ သူပြောဖို့ လိုတယ် ဖြစ်ခဲ့တာတွေကို မဖြစ်ခဲ့ပါဘူးလို့ ဖုံးကွယ်မှာတို့ ကျူးလွန်သူတွေ ကိုကာကွယ်မှာတို့ ဒါတွေကိုလုပ်ဖို့ သူသွားမှာမဟုတ်ဘူးလို့ ထင်ပါတယ်”

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုရာဇဝတ်မှု၊ ကာကွယ်ခြင်းနဲ့ ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီကွန်ဗင်းရှင်းဟာ ၁၉၅၆ မှာ စတင် အသက်ဝင်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုရင်ဆိုင်ရမယ့် ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်စတဲ့ အစိုးရ ခေါင်းဆောင်တွေအပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ နိုင်ငံကို တရားစွဲတာဖြစ်လို့ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တပ်မတော်က လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့