ချောင်းဦးမှာ အရပ်သားခုနစ်ဦး သတ်ဖြတ်ခံရမှု NUG စစ်ဆေးနေ

RFA Burmese
2023.05.12
ချောင်းဦးမှာ အရပ်သားခုနစ်ဦး သတ်ဖြတ်ခံရမှု NUG စစ်ဆေးနေ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
Chaung U Revolution

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ရှစ်လကျော် ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ကျေးရွာပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင်တွေက အမျိုးသမီးငယ်တွေအပါအဝင် လူခုနစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အခုဖြစ်ရပ်ဟာ စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) တွေနဲ့ မညီတဲ့အပြင် လူ့အခွင့်အရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးတွေအပေါ် ချိုးဖောက်ရာ ရောက်တဲ့အတွက် စစ်ဘက်၊ အရပ်ဘက်တရားစီရင်ရေးကတစ်ဆင့် အမှုမှန်ပေါ်ပေါက်ရေး၊ ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ NUG က ၂၀၂၃ ခုနှစ် မေလ ၄ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

စစ်ကိုင်းမြို့နယ်ထဲက အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အရွယ် မိန်းကလေးငယ်သုံးဦး၊ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ယောက်ျားလေးနှစ်ဦး၊ အသက် ၂၆ နှစ်အရွယ်အမျိုးသား ၁ ဦးစုစုပေါင်း ခုနစ်ဦးဟာ စစ်ကောင်စီသတင်းပေးတွေလို့စွပ်စွဲခံရပြီး အသတ်ခံရတာပါ။

သူတို့ဟာ ချောင်းဦးမြို့နယ်ထဲက ရွာတစ်ရွာရောက်တဲ့အခါ နေအိမ်တွေထဲထိဝင်ပြီး သံတို၊ သံစတွေ ကောက်တာကြောင့် ရပ်ရွာကဝိုင်းဖမ်းပြီး ကျေးရွာကာကွယ်ရေးအဖွဲ့ဆီ အပ်လိုက်တာလို့ ဒေသခံ တွေက ပြောပါတယ်။

လူသတ်မှုဖြစ်ခဲ့တဲ့ ရွာနာမည်ကိုတော့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြမထားသလို ဒေသခံတွေကလည်း ရွာနာမည်ကို တရားဝင်ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။

"NUG အနေနဲ့တော့ ဖြစ်နိုင်သမျှ တာဝန်ယူလုပ်ဆောင်ဖို့ ယုံကြည်မျှော်လင့်တယ်”

သူတို့ကို ထိန်းသိမ်းထားဖို့ အထက်အဖွဲ့အစည်းဖြစ်တဲ့ ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ညွှန်ကြားထားပေမယ့် ကျေးရွာကာကွယ်ရေးအဖွဲ့က မလိုက်နာဘဲ သတ်ဖြတ်ခဲ့တာလို့ ချောင်းဦးမြို့နယ် PDF ခေါင်းဆောင် ကိုဇာနည်သိန်းက RFA ကို ပြောပါတယ်။

“ညနေခင်း အဲဒီမှာ စစ်ကြောင်းဝင်လာတာလည်း ရှိတယ်ဗျ။ ကျွန်တော်တို့က စစ်ကြောင်းရှင်းမှ ပြန်မေးတယ်။ ဘယ်လိုရှိလဲ။ ငါတို့တွေ ဒီသတင်းပြန်လိုက် တော့မယ်ဆိုတဲ့အခါကျတော့ ပြန်လွှတ်လိုက်ပြီ ဆိုပြီးတော့ ပြောလာတာရှိတယ်။ ထိန်းသိမ်းထားပါဦးဆိုတာ ပြန်လွှတ်လို့မရသေးဘူးလေ။ သေချာအောင် စုံစမ်းရဦးမယ်၊ ထောက်လှမ်းရဦးမယ်။ သူတို့က တကယ်အဲဒီလိုမျိုး တကယ်အမှန်အကန် ဟုတ်နေ တယ်ဆိုရင် မလွယ်ဘူးပေါ့။ အဲဒီမှာ မေးရင်းမေးရင်းနဲ့ကျမှ ဘာဖြစ်လဲဆို သူတို့ သတ်ပစ်လိုက်ပြီပေါ့နော်”

ကျူးလွန်သူတွေဟာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အသက် ၂၈ နှစ် အရွယ် ပြူးကြီး (ခေါ်) နိုင်မျိုးဇော်၊ ကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ၂၆ နှစ်အရွယ် ဇော်ဝင်းနိုင်၊ ၂၂ နှစ်အရွယ် မြတ်သူရ နဲ့ ၂၁ နှစ်အရွယ် နောင်နောင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ်က သြဂုတ် ၃၀ ရက်နေ့မှာ အဲဒီလူသတ်ဖြတ်မှုဖြစ်ပြီး နောက်တစ်ရက်မှာ သတ်ဖြတ်ခံရသူတွေရဲ့ အလောင်းတွေကို ပြန်လည်တူးဖော်စစ်ဆေးခဲ့ပါတယ်။  

သူတို့က မိန်းကလေးတွေကို မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခဲ့တဲ့အကြောင်း ဝန်ခံတယ်လို့ ကိုဇာနည်သိန်း က ဆိုပါတယ်။

သတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများအား ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်က ပြန်လည်တူးဖော်စစ်ဆေးခဲ့စဉ်။ (ဓာတ်ပုံ - မြေလတ်အသံ)
သတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများအား ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်က ပြန်လည်တူးဖော်စစ်ဆေးခဲ့စဉ်။ (ဓာတ်ပုံ - မြေလတ်အသံ)

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တရားစီရင် ရေးအတွက်ဆောင်ရွက်နေပြီလို့ ပြောပါတယ်။ ဘယ်လိုလုပ်နေတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

ဒါပေမဲ့ ဒီလိုမျိုးတွေမဖြစ်အောင် ဥပဒေအရ အရေးယူတာကို ထိထိရောက်ရောက် ဆောင်ရွက်ရမယ်လို့ သူက ပြောပါတယ်။

“ ဒီလိုမျိုးဖြစ်ရပ်တွေ လျော့အောင် နံပါတ်တစ်ကတော့ လူသူစုဆောင်းမှုနဲ့ သင်ကြားမှု ကို ချိတ်ဆက် ပြီး လုပ်နိုင်ဖို့အတွက် ဆက်ပြီးကြိုးစားသွားမယ့်အနေအထားမျိုး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တော်လှန်ရေးနဲ့ ကိုက်ညီတဲ့ စည်းကမ်းထိန်းသိမ်း ရေး ဆိုင်ရာ ဥပဒေအရ အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ပြီးတော့ တကယ်လို့ ကျူးလွန်ခဲ့ရင်လဲပေါ့နော် ထိထိ ရောက်ရောက် အရေးယူနိုင်တယ်ဆိုတဲ့ ကိစ္စရပ်မျိုးတွေ ဖြစ်အောင်လည်း ဆောင်ရွက်နိုင်ဖို့လိုပါမယ်”

ချောင်းဦးမြို့နယ်က  ဒီအမှုနဲ့ပတ်သက်လို့ အဲဒီလုပ်ရပ်ဟာ စစ်ကောင်စီရဲ့လုပ်ရပ်နဲ့ တစ်ထပ်တည်း ကျနေတဲ့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကလည်း ဧပြီလ ၂၄ ရက်နေ့မှာ ကြေညာချက် ထုတ်ထားပါတယ်။

ဒီလုပ်ရပ်တွေဟာ တော်လှန်ရေး အတွက်လည်း အလွန်အကျည်းတန်စေတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ က ပြောပါတယ်။

ဒီလိုမျိုးကိစ္စတွေထပ်မဖြစ်အောင် တားဆီးဖို့အတွက် NUG အနေနဲ့ တာဝန်ယူ လုပ်ဆောင်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“စုံစမ်းစစ်ဆေးနေတယ်။ အရေးယူမှုတွေလုပ်နေတယ်ဆိုတာ သိရတဲ့အတွက် ဝမ်းသာပါတယ်။ သို့သော် အဲဒီလိုမျိုးကိစ္စတွေက အခုလိုအခြေအနေမျိုးအောက်မှာ ဖြစ်လေ့ရှိတယ်။ ဖြစ်တတ်တယ်။ ဒါပေမဲ့ အဲဒါတွေမများအောင် တားဆီးဖို့ကတော့ NUG အနေနဲ့တော့ ဖြစ်နိုင်သမျှ တာဝန်ယူလုပ်ဆောင်ဖို့ ယုံကြည်မျှော်လင့်တယ်”

ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ မြန်မာနိုင်ငံမှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေက လူ့အဖွဲ့အစည်းကိုပါ ခြိမ်းခြောက်လာတာကြောင့် NUG ရော၊ စစ်ကောင်စီကပါ ဒီကိစ္စတွေကို အလေးအနက်ထားကိုင်တွယ်ဖို့လိုတယ်လို့ ဆိုပါတယ်။

“နိုင်ငံသားပြည်သူတွေကို အလွယ်တကူ PDF လို့စွပ်စွဲပြီးတော့ သို့မဟုတ် ဒလန်လို့ စွပ်စွဲပြီးတော့ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်တာ။ အရှင်လတ်လတ်မီးရှို့သတ်တာ။ အစုလိုက်အပြုံလိုက်သတ်တာ။ ပြီးရင် အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုတွေ လုပ်ကြတာ။ ဒါတွေသည် တော်တော်ကို ကြီးမားပြင်းထန် လာပြီးတော့မှ မြန်မာ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြိမ်းခြောက်လာတဲ့ အနေအထားမျိုးထိ ရောက်လာပါပြီ။ အဲဒါကို အစိုးရလို့ မိမိတို့ကိုယ် မိမိ သတ်မှတ်ထားတဲ့ နိုင်ငံရေးအင်အားစု နှစ်ဖွဲ့လုံးက သတိကြီးကြီးထားပြီးတော့ အလေးအနက်ထားပြီး ကိုင်တွယ်ဖို့လိုတယ်လို့ ကျွန်တော်တို့ မြင်တယ်”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အသတ်ခံရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သား စုစုပေါင်း ၃၄၉၀ ဦးအထိ ရှိလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

၂၀၂၃ ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ PDF တွေဘက်က တိုက်ခိုက်လို့သေဆုံးရသူ ၄၆၄၅ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် နှစ်ဖက်ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် သေဆုံးရသူဟာ ၈၁၃၅ ဦးအထိ ရှိတာ တွေ့ရပါတယ်။ ဒီစာရင်းတွေထဲမှာ မပါသေးတဲ့သူတွေလည်း ရှိနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။