ချင်းပြည်နယ်မှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ချိုးဖောက်ခံနေရ
2023.02.23
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်မှာ တနင်္ဂနွေ ဘုရားကျောင်းတက် ဝတ်ပြုတဲ့ကိစ္စ၊ ခရစ်ယာန်ထုံးစံ နာရေးကိစ္စ၊ မင်္ဂလာဆောင်နဲ့ အခြားဆုတောင်းပွဲတွေ လုပ်မယ်ဆိုရင် ခရစ်ယာန် အသင်းတော်တစ်ခုခုက တာဝန်ယူပြီး စစ်ကောင်စီရဲ့ ခရိုင်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွေထံ အနည်းဆုံး ငါးရက် ကြိုတင်ခွင့်တောင်းခံရမယ်လို့ ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ထားပါတယ်။
အဲဒီလို ခွင့်တောင်းခံရမယ်ဆိုတာကို ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်ထွေအုပ်ရုံးတွေကနေ ခရစ်ယာန်အသင်းတော်တွေထံကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး စာနဲ့ အသိပေးထားပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တိုင်းမှာ ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း အသံချဲ့စက်နဲ့ လိုက်လံကြေညာထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ခရစ်ယာန်ဘာသာတွေကိုပဲ ဒီလိုစာတင်ခိုင်းတယ်ဆိုရင်တော့ ဒါကမတရားဘူး”
ခွင့်ပြုချက်တောင်းခံတဲ့အခါ ဘာကြောင့် လူစုလူဝေးလုပ်ရသလဲဆိုတဲ့ အကြောင်းရင်းကို ပုံစံစာရွက်မှာ အသေးစိတ်ဖြည့်သွင်းပြီး ထွေအုပ်ရုံးကိုပေးပို့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်မြို့က ခရစ်ယာန် ဓမ္မအမှုတော်ဆောင်ဆရာတစ်ဦး က ပြောပါတယ်။
“ဘယ်ချိန်မှာ လုပ်မလဲ၊ ဘာကိစ္စလဲ၊ ဘာအတွက် အစုအဝေးလုပ်တာလဲ အဲဒီ အကြောင်းအရာလေးတွေ ဖြည့်ခိုင်းတယ်။ ဘယ်ချိန်ကနေ ဘယ်ချိန်အထိလဲပေါ့။ နောက်ပြီးတော့ တာဝန်ခံက ဘယ်သူဖြစ်မလဲ။ အဲဒီအချက်အလက်တွေကို ဖြည့်ခိုင်းတယ်။ ကျနော်တို့ ခရစ်ယာန်ဘာသာဝင်တွေကိုပဲ ဒီလိုမျိုး စာတင်ခိုင်းတယ် ဆိုရင်တော့ ဒါက မကောင်းဘူးပေါ့၊ ဒါပေမဲ့ ဗုဒ္ဓဘာသာမှာလည်း သူတို့ကိုလည်း စာတင်ခိုင်းတယ်ဆိုရင်တော့ အဲဒါမျိုးကတော့ တရားတာပေါ့နော်၊ ခရစ်ယာန် ဘာသာတွေကိုပဲ ဒီလိုစာတင်ခိုင်းတယ်ဆိုရင်တော့ ဒါကမတရားဘူး”
လက်နက်ကိုင် ခုခံမှုအားကောင်းတဲ့ ချင်းပြည်နယ်ထဲက တီးတိန်၊ တွန်းဇံ၊ ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန် စတဲ့ မြို့နယ် ၇ မြို့နယ်ကို ဖော်ဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။
စစ်အာဏာသိမ်းမှုကို တူမီးသေနတ်နဲ့ အစောဆုံး ဆန့်ကျင်ခဲ့တဲ့ မင်းတပ်မြို့နယ်ကိုတော့ ၂၀၂၁ ခုနှစ်ကတည်းက စစ်အုပ်ချုပ်ရေး ကြေညာထားတာပါ။ ချင်းပြည်နယ်က စုစုပေါင်း ကိုးမြို့နယ်မှာ ရှစ်မြို့နယ် စစ်အုပ်ချုပ်ရေးအောက်ရောက်နေပြီး ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ပါ ကြေညာခံထားရပါတယ်။
ဒီလိုကန့်သတ်ထိန်းချုပ်မှုတွေကြောင့် ကိုယ့်ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ခွင့် မရတော့သလို ခံစားရတယ်လို့ တီးတိန်မြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘုရားကျောင်းမှာလုပ်မယ့် အစီအစဉ်တွေ အသင်းတော်က နာရေးတစ်ခုခုရှိတယ်ဆိုရင် အရေးပေါ် ထွေအုပ်ရုံးကို အကြောင်းကြားရတယ်။ တကယ်လို့ မင်္ဂလာဆောင်တို့ ဆုတောင်းပွဲတို့ လုပ်မယ်ဆိုရင် ဘုရားကျောင်းကို အသိပေးရတယ်။ ဘုရားကျောင်း ကနေ ထွေအုပ်ရုံးကိုပြန်ပြီး အကြောင်းကြားတာပေါ့နော်။ ဒီလို လုပ်ရပ်တွေဟာ ခရစ်ယာန်တစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် ကိုးကွယ်လို့မရတော့ဘူးဆိုတဲ့ ခံစားချက်ဖြစ်လာတယ်”
ပုံမှန်လုပ်နေကျ တနင်္ဂနွေ ဝတ်ပြုကိုးကွယ်တဲ့ကိစ္စအတွက် စာတင်ရတာအဆင်ပြေနေ ပေမယ့် အရေးပေါ် နာရေးကိစ္စအတွက် ငါးရက်ကြိုတင်ပြီး ခွင့်ပြုမိန့်တောင်းခံဖို့ကတော့ အတော်ခက်ခဲတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ဘယ်သူ၊ ဘယ်နေ့သေမယ်ဆိုတာကို ကြိုမသိနိုင်တာမို့ ဒီလိုနာရေးကိစ္စအတွက် ငါးရက်ကြိုတင်ခွင့်တောင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဝတ်ပြုကိုးကွယ်မယ့် အစီအစဉ်အတွက် တစ်ပတ်တစ်ခါ စာတင်နေရတာကလည်း အလုပ်တစ်ခုဖြစ်လာပြီး ဖြေလျှော့ပေးဖို့ ညှိုနှိုင်းခဲ့ပေမယ့် အဆင်မပြေဘူးလို့ ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ငွန်ထောင်မန်က RFA ကို ပြောပါတယ်။
“တစ်ပတ် တစ်ကြိမ်လို့ ပြောကြတော့ တစ်ပတ်တစ်ကြိမ်ကတော့ မများဘူးလား၊ တစ်နှစ်မဟုတ်ရင်တောင် အများဆုံး တစ်လတစ်ကြိမ်လောက်ဆို မရဘူးလားမေးတော့ လောလောဆယ်တော့ မရဘူးတဲ့၊ နည်းနည်းတော့ ကျပ်တည်းတဲ့ သဘောရှိတယ်။ ဘာသာရေးပေါ်မှာ သက်ရောက်မှုကတော့ စစ်အုပ်ချုပ်ရေး ကြေညာကတည်းက ရှိပြီးသား၊ အဓိကတော့ ဝတ်ပြုကိုးကွယ်ခြင်းလည်း အကျုံးဝင်တယ်ဆိုတဲ့ခါကျတော့ ပိုပြီးမှ သက်ရောက်မှုရှိတယ်”
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ ဘယ်လိုစုဝေးမှုမျိုးမှ လုပ်ခွင့်မရတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖလမ်းမြို့ က ခရစ်ယာန် ဘာသာဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“နိုင်ငံရေးနဲ့ လုံးဝမပတ်သက်တဲ့ ပုံမှန်ဘာသာရေး ဝတ်ပြုအစည်းဝေး၊ ပုံမှန်လုပ်နေကျ ဘုရားဝတ်ပြု အစည်းအဝေး၊ နှစ်တိုင်းလုပ်တဲ့ လူငယ်အစည်းအဝေး၊ အမျိုးသမီး အစည်းအဝေး၊ ခရစ်ယာန်အသင်းတော် သင်းလုံးကျွတ် အစည်းအဝေးတွေ လွတ်လွတ် လပ်လပ် လုပ်ခွင့်မရတော့တဲ့ပုံစံ ဖြစ်သွားတယ်”
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
ဒီလိုကန့်သတ်ထိန်းချုပ်တာတွေဟာ လူသားတိုင်းရရှိရမယ့် လူ့အခွင့်အရေးရဲ့ အဓိက အခြေခံအကျဆုံး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို တိုက်ရိုက်ချိုးဖောက်တာဖြစ်တယ် လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်း မန်ဟင်လျန်က ထောက်ပြဝေဖန် ပါတယ်။
“မာရှယ်လော သူတို့ စပြီးကြေညာတဲ့နောက်ပိုင်းမှာ ဘုရားကျောင်းတွေကို အကန့်အသတ်နဲ့ တက်ခိုင်းတာကို ကျနော်တို့ တွေ့ရတယ်၊ ဆိုတော့ ကျနော်တို့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ဟာ တကယ့်လူ့အခွင့်အရေး အခြေခံအချက်ပေါ့နော်၊ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်၊ ကိုးကွယ်ပိုင်ခွင့်မှာ လွတ်လပ်စွာ စုဝေးပိုင်ခွင့်နဲ့ သွားလာခွင့်ပါ လိုအပ်တယ်ပေါ့။ ဒီလိုဘုရားကျောင်းတက်ဖို့ ခွင့်ပြုချက် တင်ခိုင်းတာ ဟာ၊ ဒီကန့်သတ်မှုဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို တိုက်ရိုက်ချိုးဖောက်သလို အခြေခံကျတဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်တယ်လို့ ပြောလို့ရတယ်”
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ချင်းပြည်နယ်မှာ မီးရှို့မှု၊ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးမှုတွေကြောင့် ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဆက်စပ်အဆောက်အအုံ ပေါင်း ၇၀ ကျော် ပျက်စီးခဲ့ပါတယ်။
ခရစ်ယာန် ဓမ္မအမှုတော်ဆောင်ဆရာ ခြောက်ဦး အသတ်ခံခဲ့ရပြီး အမှုတော်ဆောင်ဆရာ ၁၉ ဦး အဖမ်းခံထားရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။