ထွက်‌ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကို မြန်မာဘက် အိန္ဒိယပြန်လွှဲ

2023.11.19
ထွက်‌ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကို မြန်မာဘက် အိန္ဒိယပြန်လွှဲ ၂ဝ၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တွေ့ရသည့် အိန္ဒိယ-မြန်မာနယ်စပ်တစ်နေရာ မြင်ကွင်း။
Reuters

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ယောက်ကို သုံးရက်အကြာမှာ အိန္ဒိယ အာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပါတယ်။

ချင်းပြည်နယ် ဖလန်းမြို့နယ် သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CNDF က သိမ်းပိုက်လိုက်ပြီးနောက် မီဇိုရမ်ပြည်နယ်ကို ဒီလ ၁၆ ရက်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ယောက်ကို အိန္ဒိယအာဏာပိုင်တွေက နိုဝင်ဘာ ၁၉ ရက်မှာ မြန်မာစစ်ကောင်စီကို ပြန်လည်လွှဲအပ်လိုက်တာပါ။

အိန္ဒိယလေတပ်ပိုင် ရဟတ်ယာဉ်နှစ်စင်းနဲ့ မီဇိုရမ်ပြည်နယ် ကျန်ပိုင်ခရိုင်ကနေ မိုရေးမြို့ကို ပို့ဆောင်ပြီးနောက် စစ်ကောင်စီအရာရှိတွေဆီ လွှဲအပ်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားတဲ့အကြောင်း The Statesman သတင်းက နိုဝင်ဘာ ၁၉ ရက်မှာ ဖော်ပြပါတယ်။ ဇီဝမှတ်တမ်းအချက်အလက် (Biometric)တွေကို လိုအပ်သလို စစ်ဆေးပြီး ၂၉ ယောက်စလုံးကို မိုရေးတစ်ဖက်ခြမ်း မြန်မာဘက်က တမူးမှာ ပြန်လွှဲအပ်လိုက်တာလို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဗိုလ်မှူးတစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ယောက် မီဇိုရမ်ပြည်နယ် ချိုင်းဖိုင်းခရိုင်ကို နိုဝင်ဘာ ၁၆ ရက်နေ့က ထွက်ပြေးလာတယ်လို့ ပြည်နယ်ရဲ စုံစမ်းစစ်ဆေးရေးမှူးကလည်း ပြောပါတယ်။

မြန်မာစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ရဲတပ်ဖွဲ့ဝင်တွေဆီ ကြာသပတေးနေ့က ချဉ်းကပ်လာပြီးနောက် သူတို့ကို အာသံ ရိုင်ဖယ်တပ်ဖွဲ့ကို လွှဲအပ်လိုက်တာလို့လည်း ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ရွာက စစ်ကောင်စီတပ်စခန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CNDF) က နိုဝင်ဘာ ၁၅ ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ကြား တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ကို တိမ်းရှောင်လာသူ ပြီးခဲ့တဲ့သီတင်းတစ်ပတ်အတွင်းမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာမက အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် မြန်မာနိုင်ငံသား ၁၄၀၀ လောက် ရှိတယ်လို့လည်း The Statesman သတင်းက ဆိုပါတယ်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဒုက္ခသည်တွေကို ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြည့်ဆည်းပေးပါတယ်။ ဆေးဝါးအကူအညီလည်း ပေးပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် မြန်မာတွေ အိန္ဒိယနိုင်ငံကို အလုံးအရင်းနဲ့ ပထမဆုံးစရောက်ရှိလာတာပါ။

အဲဒီအချိန်ကစလို့ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၃၂၀၀၀ လောက် အိန္ဒိယ အရှေ့မြောက်ပြည်နယ်မှာ ခိုလှုံနေကြပါတယ်။ အများစုဟာ ကယ်ဆယ်ရေးစခန်းတွေနဲ့ အစိုးရ အဆောက်အအုံတွေမှာ နေထိုင်ကြပြီး တချို့က ဆွေမျိုးတွေဆီနဲ့ အတော်များများက အိမ်ငှားပြီး နေထိုင်ကြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

မီဇိုရမ်ပြည်နယ်မှာ ခရိုင် ခြောက်ခရိုင်ရှိပြီး မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နဲ့ နယ်စပ်ချင်း မိုင် ၃၁၀ ကျော် ထိစပ်နေပါတယ်။ တောင်တောထူထပ်ပြီး စည်းရိုးအကာအရံ မရှိဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။ အာသံရိုင်ဖယ်တပ်ဟာ အိန္ဒိယ-မြန်မာနယ်စပ်လုံခြုံရေးကို တာဝန်ယူထားပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့သိမ်းတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော်ကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ မိုးရေးမြို့ကတစ်ဆင့် မြန်မာနိုင်ငံ၊ တမူးမြို့မှာ မြန်မာဘက်ပြန် လွှဲပြောင်းပေးခဲ့ပါသေးတယ်။

ရိခေါ်ဒါရ်မြို့က စစ်ကောင်စီတပ်စခန်းတွေကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းမှာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်ညနေပိုင်းမှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ CNF ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ပြောခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။