ချင်းပြည်နယ်က ဒုက္ခသည်ကလေးငယ်တွေအတွက် အရေးပေါ်ပညာရေး

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ချင်းပြည်နယ်က စာသင်ကျောင်းတွေကို ပိတ်ထားခဲ့တာ အခုဆိုရင် နှစ်နှစ်နီးပါး ရှိနေပါပြီ။

၂၀၂၂ ဇန်နဝါရီလ ၂၀ ရက်မှာတော့ ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ ချင်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF (ထန်တလန်) တို့ ပူးပေါင်းပြီး ကျေးရွာပေါင်း ၅၁ ရွာမှာ စာသင်ခန်းနဲ့ ဝေးကွာနေတဲ့ ကလေးတွေအတွက် မူလတန်းကနေ အလယ်တန်းအထိ သင်ကြားနိုင်တဲ့ ကိုယ်ထူကိုယ်ထ စာသင်ဆောင်တွေ ဆောက်လုပ် သင်ကြားပေးနေပြီလို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မူလတန်းကနေ အလယ်တန်းထိ သင်ကြားတဲ့ ဘာသာရပ်တွေထဲမှာ ချင်းဘာသာစကား ကိုလည်း ထည့်သွင်းသင်ကြားနေတယ်လို့ အဲဒီကျောင်းတစ်ကျောင်းမှာ စာသင်ကြား ပေးနေတဲ့ ဆရာတစ်ဦးက ပြောပါတယ်။

“မူလတန်းမှာကျတော့ လူမှုရေး၊ သိပ္ပံဆိုပြီးတော့ မြန်မာစာရယ်၊ သိပ္ပံရယ်၊ အဲ နှစ်ဘာသာပေါင်းပြီး တစ်ဘာသာပေါ့။ ပြီးရင် အင်္ဂလိပ်၊ သင်္ချာ ပြီးရင် ချင်းဘာသာပေါ့၊ အလယ်တန်းမှာကျတော့ မြန်မာစာ သတ်သတ် မသင်တော့ဘူး။ သိပ္ပံဘာသာရပ်၊ အင်္ဂလိပ်၊ သင်္ချာပြီးရင် ချင်းဘာသာ၊ သိပ္ပံဘာသာ တစ်ခုတည်းကို မြန်မာလို သင်ပါတယ်။ မြန်မာဘာသာစကား စွမ်းရည်ရသွားအောင် အဲလိုသင်ပါတယ် ခင်ဗျ။”

ပြည်သူ့ကာကွယ်ရေးတပ်တွေက စာသင်ကျောင်းတွေ ဘယ်လောက် ဖွင့်လှစ်သင်ကြားနေတယ်၊ ဘယ်နေရာတွေမှာ ဖွင့်လှစ်နေတယ်ဆိုတာ မသိသလို ပညာရေးကိစ္စမို့ ရှုတ်ချဖို့လည်းမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မှတ်ချက်ပြုပါတယ်။

"စာသင်ကျောင်းတွေ ဖွင့်တယ်ဆိုတာကတော့ ဘယ်နှကျောင်းဖွင့်လဲ၊ ဘယ်နေရာမှာ ဖွင့်လဲဆိုတာလည်း ကျနော်တို့ မသိပါဘူး။ စာသင်ကျောင်းတွေ ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး ကျနော် ပြောချင်တာကတော့ ရှုတ်ချဖို့လည်း မရှိပါဘူး "

PDF တွေ ဘယ်လောက် အတိုင်းအတာထိ ပညာသင်ပေးနိုင်တယ်ဆိုတာကိုလည်း ဒေသခံတွေကပဲ ဆုံးဖြတ်လိမ့်မယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ထန်တလန်မြို့နယ်ထဲမှာ ကျောင်းသားစုစုပေါင်း ၇၂၀၀ ကျော်ကို ကျောင်းဆရာ၊ ဆရာမ ၇၀၀ ကျော် က အခမဲ့ သင်ကြားပေးနေတာလို့ ဒေသကာကွယ်ရေးအဖွဲ့ CDF တာဝန်ရှိသူ တွေက ပြောပါတယ်။

ကလေးတွေ စာသင်ခန်းနဲ့ ဝေးကွာနေတာ နှစ်နှစ်လောက်ရှိပြီမို့ ကျောင်းဖွင့်စ ပထမ ခြောက်လမှာ သင်ကြားရမယ့် ဘာသာရပ်ကို ရင်းနှီးအောင် ကြိုးစားသင်ကြား ပေးနေတယ်လို့ ထန်တလန်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ပထမဆုံး စဖွင့်တဲ့ ၂၀၂၂ ဇန်နဝါရီလ ၂၀ ရက်ကနေ ဇူလိုင်လအထိကို ပထမ စာသင်ကာလအဖြစ် သတ်မှတ် ထားပြီး၊ စက်တင်ဘာလကနေ ၂၀၂၃ မေလအထိကိုတော့ ဒုတိယ စာသင်ကာလ သတ်မှတ်ပြီး နောက်တစ်တန်း တက်ပေးသွားမယ်လို့ ဆိုပါတယ်။

"မူလတန်း ပညာရေးပဲ သင်နိုင်သေးတယ်။ အခု ဇွန်လမှာ ကျောင်းပြန်ဖွင့်မှာပေါ့နော်။"

ချင်းပြည်နယ် မင်းတပ်မြို့မှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထိန်းချုပ်ထားတဲ့ ကျေးရွာ တွေမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကစလို့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေကို ဖွင့်လှစ်ထားပြီး ကျောင်းသား ၇၀၀၀ ကျော်ကို ဆရာ၊ ဆရာမ ၈၅၈ ယောက်နဲ့ စနစ်တကျ သင်ကြားနေတယ်လို့ မင်းတပ် CDF အဖွဲ့ရဲ့ ပညာရေး တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တစ်နည်းအားဖြင့် ကျနော်တို့ သွားနေတာက အရေးပေါ်ပညာရေး၊ ကလေးတွေ စစ်ဘေးရှောင်ရ တယ်။ တိုက်ပွဲတွေဖြစ်ရင် ပြေးနေရ၊ လွှားရနဲ့။ အဲဒီကြားထဲက သင်နေရတဲ့ ပညာရေးပေါ့နော်။ လုံခြုံမှုလည်း မရှိဘူး။ အခုက ကျနော်တို့က ခြောက်လ စာသင်တာ ပြီးသွားပြီပေါ့နော်။ မူလတန်း ပညာရေးပဲ သင်နိုင်သေးတယ်။ အခု ဇွန်လမှာ ကျောင်းပြန်ဖွင့်မှာပေါ့နော်။ မိဘတွေကတော့ အလယ်တန်း ပညာရေးကိုလည်း ဖွင့်စေချင်တဲ့သဘောရှိတယ်။”

မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ မင်းတပ်မြို့နယ် ထဲက ကလေးတွေအတွက် မူလတန်းအထိပဲ သင်ကြားပေးနိုင်ပါတယ်။ အလယ်တန်း ကလေးတွေ စာသင်ခန်းနဲ့ ဝေးနေတာ နှစ်နှစ်ရှိပြီမို့ အလယ်တန်းကျောင်းတွေလည်း ဖွင့်လှစ်စေချင်တယ်လို့ မိဘတွေက ပြောပါတယ်။

မင်းတပ်နဲ့ ထန်တလန်မှာ ကလေးငယ်တွေအတွက် အရေးပေါ် ပညာရေးကို သင်ကြား နိုင်ပြီ ဆိုပေမယ့် စာသင်ဆောင်တွေကတော့ အခိုင်အခံ့မဟုတ်ဘဲ ယာယီမိုးကာတဲတွေနဲ့ ဖြစ်သလို ကျောင်းသုံးပစ္စည်းနဲ့ ပရိဘောဂတွေလည်း လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ က ပညာရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

chin-eduction
ချင်းပြည်နယ် ထန်တလန်မြို့နယ်မှ ကိုယ်ထူကိုယ်ထ စာသင်ဆောင်မှာ စာသင်ကြားနေကြသည့် ကလေးငယ်များကို ၂၀၂၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ် (Photo: CJ) (web-mtk)

“ အခက်အခဲကတော့ ပုံနှိပ်စာအုပ်ပြီးတော့ ပရိဘောဂ၊ ဆရာ၊ ဆရာမတွေကို ပေးဖို့ လစာ။ အဲဒါတွေက အဓိက အခက်အခဲပါဗျ။ ပြီးတော့ စာသင်ကျောင်းတွေမှာ အခုက စစ်ဘေးရှောင်တွေ နေကြတာလေ။ အခု ကျနော်တို့ ကျောင်းတက်တယ်ဆိုတာက မိုးကာနဲ့ ဆောက်ထားတဲ့တဲမှာပေါ့နော်။ ကလေးတွေက နွေရာသီမှာ တအားပူတယ်တဲ့။ အခန်းထဲမှာနေလို့ မရဘူးတဲ့။ ပြီးတော့ မိုးတွင်း ရောက်ရင် အခက်အခဲတွေ အများကြီးရှိလာမှာ”

ကျောင်းသားမိဘ တစ်ဦးကတော့ ချင်းပြည်နယ်မှာ လူဦးရေ ကိုးသောင်းလောက် စစ်ဘေး ဒုက္ခခံစား နေရပြီး ပညာရေးဆိုတာကို မစဥ်းစားနိုင်လောက်တဲ့အခြေအနေမျိုးမှာ ကလေးတွေအတွက် အခုလို အရေးပေါ် စာသင်ကျောင်းတွေ ရှိလာတာ ထိရောက်တယ်လို့ RFA ကို ပြောပါတယ်။

“ အခု ကျနော်တို့ သားသမီးတွေ ကျောင်းတက်ခိုင်းတာက စာမမေ့ဖို့ပေါ့နော်။ စာမေ့ နေမှာ စိုးလို့ စာသင်ခိုင်းတာ ဖြစ်ပါတယ်။ ထိရောက်မှု ရှိပါတယ်။ ကလေးတွေက ကျောင်းမတက်တာကြာတော့ အပြင်တွေပဲ လျှောက်သွားတယ်။ အခုတော့ စာသင်ကျောင်း သွားနေပြီဆိုတော့ စည်းကမ်းလည်း ရှိလာပါတယ်။ ”

ချင်းပြည်နယ် မင်းတပ်နဲ့ ထန်တလန်မြို့နယ်တွေမှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေရဲ့ အရေးပေါ် ပညာရေးအစီအစဥ်ကြောင့် စာသင်ကြားခွင့်ရနေတဲ့ စစ်ဘေးဒုက္ခသည် ကလေးငယ် တစ်သောင်း ငါးထောင်လောက် ရှိတယ်လို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။