စစ်ကောင်စီလက်အောက် ဘာသာပေါင်းစုံဖိနှိပ်ခံနေရ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.06.28
စစ်ကောင်စီလက်အောက် ဘာသာပေါင်းစုံဖိနှိပ်ခံနေရ ၂ဝ၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိ ထန်တလန် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း။
Thantlang Baptist Church

အာဏာရှင်စနစ် ဖယ်ရှားဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးကို ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသားတွေက တူမီးသေနတ်တွေနဲ့ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ စစ်ကောင်စီကလည်း ချင်းပြည်နယ်ကို အပြင်းအထန် ဖိနှိပ်ချေမှုန်းခဲ့ပါတယ်။

“သူတို့(စစ်တပ်)က ခရစ်ယာန်ဘာသာကို ရန်သူအနေနဲ့ပဲ သတ်မှတ်တယ်။ အနောက်တိုင်းရဲ့ဘာသာရေးဆိုပြီး သတ်မှတ်တယ်”

မြို့တွေ ရွာတွေကို ဝေဟင်က ဗုံးကြဲခဲ့သလို ကြည်းတပ်တွေကလည်း သူတို့ရောက်လေရာအရပ်က ဒေသခံတွေအပေါ် မီးရှို့ဖျက်ဆီးသတ်ဖြတ်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်နေခဲ့ရာမှာ အခုဆိုရင် ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ အိမ်ငှားပြီး ဝတ်ပြုရာအဆောက်အအုံစုစုပေါင်း ၂၂ ခု ရှိတဲ့အနက် ဘုရားကျောင်း တစ်ကျောင်းပဲ ကျန်ရှိတော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချင်းတိုင်းရင်းသား ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ပါးက RFA ကို မိန့်ကြားပါတယ်။

“ပြောမယ်ဟေ့ဆိုရင် သူတို့က ဘာသာကိုလည်း ကိုးကွယ်တာမဟုတ်ဘူး။ အာဏာကိုပဲ ကိုးကွယ်တာ"

အမေရိကန်ပြည်ထောင်စုနေ Chin Association of Maryland ချင်းတိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဇိုသုန်းမှုန်ကတော့ ဒါဟာ ခရစ်ယာန်ဘာသာဝင်တွေကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုဖြစ်တယ်လို့ပြောပါတယ်။

“ခရစ်ယာန်ဘုရားကျောင်းတွေ မီးရှို့တာ ဘာသာရေးကြောင့်ပဲ။ သူတို့က ခရစ်ယာန်ဘာသာကို ရန်သူအနေနဲ့ပဲ သတ်မှတ်တယ်။ အနောက်တိုင်းရဲ့ဘာသာရေးဆိုပြီး သတ်မှတ်တယ်။ ဒါကြောင့်မို့လို့ ခရစ်ယာန်တွေကို ဖိနှိပ်တာ ဘာသာရေးကြောင့်ပဲ။ နောက်တစ်ခုကလည်း တော်လှန်ရေးကြောင့်လည်း ပါတယ်။ ချင်းက ၉ဝ ရာခိုင်နှုန်းနီးပါးက ခရစ်ယာန် ဖြစ်နေတယ်။ ဒီတော်လှန်ရေးကို တော်တော်လေးကူညီတဲ့ဟာလည်း ကျွန်တော်တို့ပါပဲ။ နိုင်ငံရေးအရရော ဘာသာရေးအရရော ခရစ်ယာန်တွေကိုပဲ နှိပ်စက်နေပါတယ်။”

religious2.jpeg
၂ဝ၂၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုးကျောင်း။ (Photo: KNDF)

လူ့အခွင့်အရေးလှုပ်ရှားသူ အရှင်မင်းသုညကတော့ စစ်ကောင်စီလက်အောက်မှာ သူတို့သံဃာတော်တွေကိုယ်တိုင် ရက်စက်စွာ ဖမ်းဆီးမှုနဲ့သတ်ဖြတ်မှုကို ရင်ဆိုင်နေရပါတယ်လို့ မိန့်ပါတယ်။

“Church ကျောင်းတို့၊ ဗလီကျောင်းတို့၊ ဟိန္ဒူကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့ အကုန်လုံးမီးရှို့ဖျက်ဆီးပစ်တာပဲ။ ဦးသောဘိတ အလင်္ကာကြယ် ဆိုရင်လည်း ၂၀ ရက်နေ့က ပြန်လွှတ်ပေးမယ်ဆိုပြီးတော့ မိသားစုနဲ့လည်း ပေးမတွေ့၊ သွားကြိုကြတဲ့ ပြည်သူတွေနဲ့လည်း ပေးမတွေ့ဘဲ ဘယ်မှာထားလို့ ထားမှန်းမသိဘူးပေါ့။ ပြောမယ်ဟေ့ဆိုရင် သူတို့က ဘာသာကိုလည်း ကိုးကွယ်တာမဟုတ်ဘူး။ အာဏာကိုပဲ ကိုးကွယ်တာ။ ဘုန်းကြီးတွေဆိုရင် သူတို့သတ်ဖြတ်ပစ်ခဲ့တာ အခုဆိုရင် အပါးငါးဆယ်ကျော် ရှိနေပြီ"

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရန်းကလည်း စစ်ကောင်စီအနေနဲ့ လက်ရှိတော်လှန်ရေးမှာ သူတို့အာဏာတည်မြဲရေးကို ထိခိုက်မယ်လို့ ယူဆသူအားလုံးကို ရန်သူလို့ သတ်မှတ်ထားတာလို့ ဝေဖန်ပါတယ်။

“စစ်ကောင်စီက စတက်ကတည်းက သူနဲ့မတူ သူ့ရန်သူဆိုပြီးတော့ အကုန်ချေမှုန်းတဲ့နေရာမှာ ဘာသာမရွေး လူမျိုးမရွေး ဆင်းရဲချမ်းသာမရွေး အကုန်ချေမှုန်းတာ တစ်နှစ်လောက်အတွင်းမှာ အိမ်ခြေပေါင်း ခုနစ်သောင်းကျော် ချေမှုန်းတဲ့အထဲမှာ အကုန်လုံးနီးပါး ဗုဒ္ဓဘာသာအိမ်တွေ အများဆုံးဗျ။ သူတို့က ဘာသာလူမျိုး ဘာမှကြည့်တာမဟုတ်ဘူးဗျ။ သူတို့ကို ဆန့်ကျင်တယ်ထင်ရင် အကုန်ချေမှုန်းတာ”

sagaing3.jpg
၂ဝ၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ပုလဲမြို့နယ် ညောင်ကုန်းရွာ၊ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရအပြီး အပျက်အစီးများအား တွေ့မြင်ရစဉ်။ (Photo: Citizen Journalist)

စစ်အာဏာရှင်တော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေသူအများစုက မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက် ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူစတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ တခြားဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ အစဉ်တစိုက် ကျူးလွန်ခဲ့တာမှန်ပေမဲ့ အခုစစ်ကောင်စီလက်ထက်မှာတော့ ဘာသာလူမျိုးမရွေး သူတို့ကို တွန်းလှန်နေသူမှန်သမျှ ရန်သူအဖြစ် ချေမှုန်းနေတာ ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

နောက်ဆုံးရတဲ့ သတင်းတစ်ပုဒ်အရဆိုရင် ဇွန်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုမှာ ရွာသားတချို့နဲ့အတူ သံဃာတော်တစ်ပါးလည်း ပျံလွန်တော်မူခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။